Friday, March 23, 2012
မာလီအာဏာသိမ်းမှု ကုလရှုံ့ချ
မာလီတွင် တပ်တွင်းပုန်ကန်မှုဖြစ်ပွားခဲ့ပြီး စစ်သားများက သမ္မတကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့်အတွက် ကုလသမဂ္ဂကရှုံ့ချလိုက်သည်။
`မာလီစစ်တပ်တွင်းက အချို့သောပုဂ္ဂိုလ်များက ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော သမ္မတကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့်အတွက် အပြင်းအထန်ရှုံ့ချလိုက်သည်´ ဟု ကုလသမဂ္ဂက ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလလုံခြုံရေးကောင်စီက သမ္မတအမာဒူတိုမာနီတိုရေး၏ လုံခြုံရေးကို ဆောင်ရွက်ပေးရန်နှင့် မိမိတို့စစ်တန်းလျားများသို့ပြန်ကြရန် အာဏာသိမ်းစစ်သားများကို တောင်းဆိုလိုက်သည်။
ထို့ပြင်ဖမ်းဆီးထားသော မာလီအစိုးရအရာရှိများကို ပြန်လွှတ်ပေးပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်း ပြန်လည် အုပ်ချုပ်နိုင်ရန် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာပြန်လည်ပေးအပ် ရန်လည်း တောင်းဆိုထားသည့် ကြေငြာချက်ကို မတ်လအတွက် ကောင်စီ၏ဥက္ကဋ္ဌဖြစ်သော ဗြိတိန်သံအမတ် မာ့ခ်လိုင်ရောဂရန့်က ဖတ်ကြားခဲ့သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က အာဏာသိမ်းစစ်သားများအား တိုင်းပြည်တွင်း အကြမ်းဖက်မှုများနှင့် မငြိမ်သက်မှုများ ဖြစ်ပွားလာစေမည့် လုပ်ရပ်များမပြုလုပ်ကြရန် ပြောကြားလိုက်သည်။
ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာ အကြီးအကဲက ယခုမာလီအာဏာသိမ်းမှုသည် လစ်ဗျားခေါင်းဆောင်ကဒါဖီကို ဖြုတ်ချခဲ့ သည့်ဖြစ်ရပ်နှင့် ဆက်စပ်မှုရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။
လစ်ဗျားတွင် ပြည်တွင်းစစ်ဖြစ်ပွားစဉ်က မာလီတူအာရက်သူပုန်များသည် ကဒါဖီဘက်မှနေ၍ တိုက်ခိုက်ပေးခဲ့ပြီး နောက် လစ်ဗျားစစ်ပွဲပြီးဆုံးသောအခါ မာလီသို့ပြန်လည်ရောက်ရှိလာပြီး ပုန်ကန်ထကြွလျက်ရှိကြောင်း ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး ဘီ-လင်းပက်စ်ကိုက ပြောကြားခဲ့သည်။
`တူအာရက်သူပုန်တွေက လစ်ဗျားစစ်တပ်မှာ အလုပ်လုပ်ရင် ပိုက်ဆံပိုရတဲ့အတွက် လစ်ဗျားကိုသွားကြ တယ်။´ ဟု ပက်စ်ကိုက သတင်းထောက်များကို ပြောသည်။
မာလီသို့၎င်းတို့ပြန်လာသောအခါ လက်နက်များပါသယ်ဆောင်လာကြပြီး အင်အားပိုမိုတောင့်တင်းလာခဲ့လေသည်။ တူအာရက်သပုန်များသည် မာလီမြောက်ပိုင်းတွင် အချိန်ကာလကြာမြင့်စွာကပင် ပုန်ကန်ထကြွနေသော သူပုန်များ ဖြစ်သည်။
ထို့ကြောင့် တူအာရက်သူပုန်များနှင့် တိုက်ခိုက်နေသော မာလီစစ်သားများသည် အစိုးရမှ လက်နက်လုံလောက်စွာ ထောက်ပံ့ပေးခြင်းမရှိသောကြောင့် ဒေါသဖြစ်ကြပြီး သမ္မတကို ဖယ်ရှားကာ အာဏာသိမ်းခဲ့ကြခြင်းဖြစ်သည်။
အာဏာသိမ်းစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ အနောက်အာဖရိက ကိုယ်စားလှယ် ဆာအစ်ဂျင်နစ် အာဖရိကသမဂ္ဂ စည်းဝေးပွဲသို့တက်ရောက်ရန် မာလီမြို့တော် ဘာမာကိုမြို့သို့ရောက်ရှိနေခဲ့လေသည်။
ထို့နောက် ဂျင်နစ်သည် အနောက်အာဖရိကအစိုးရများ၊ အာဖရကသမဂ္ဂတို့နှင့် ပူးပေါင်းကာ မာလီအကြပ်အတည်း ပြေလည်ရေးအတွက် အလုပ်လုပ်လျက်ရှိကြောင်း ပက်စ်ကိုကပြောသည်။
မာလီတွင် အာဏာသိမ်းလိုက်ခြင်းကြောင့် ကမ္ဘာ့ဘဏ်နှင့် အာဖရိကဖွံ့ဖြိုးရေးဘဏ်တို့က ကူညီထောက်ပံ့မှုများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့က ကြေငြာခဲ့သည်။
ထို့ပြင် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြောက်ခြင်းခံထားရသော တိုရေးအစိုးရကို အာဏာပြန်လည်လွှဲပြောင်း ပေးရန် တောင်းဆိုလိုက်သည်။
Source: Al Jazeera




















11:46 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment