Thursday, March 22, 2012
ကိုဖီအာနန်၏ အစီအစဉ်ကို ကုလထောက်ခံ
ဆီးရီးယားအရေး အထူးကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်တို့မှ ပူးပေါင်းခန့်အပ်ထားသော ကိုဖီအာနန်တင်ပြသော ငြိမ်းချမ်းရေးအစီအစဉ်ကို ကုလသမဂ္ဂမှ ထောက်ခံလိုက်ပြီး ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။
ငြိမ်းချမ်းရေးအစီအစဉ်ကို ဗုဒ္ဓဟူးနေ့က လက်ခံလိုက်ခြင်းဖြစ်ပြီး ကိုဖီအာနန်၏ ဆောင်ရွက်ချက်အပေါ် အပြည့်အ၀ အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း၊ ဆီးရီးယားအစိုးရနှင့် အတိုက်အခံနှစ်ဘက်စလုံးကိုလည်း ကိုဖီအာနန်နှင့် အတူ ငြိမ်းချမ်းရေးသို့ နှစ်ဘက်ယုံကြည်ချက်အပြည့်အ၀ဖြင့် လုပ်ဆောင်သွားရန် တိုက်တွန်းလိုက်သည်။ ကိုဖီအာနန်တင်ပြသော အစီအစဉ်တွင် အချက်ခြောက်ချက်ပါဝင်ပြီး အချက်အားလုံးကို အပြည့်အ၀လိုက်နာဆောင် ရွက်ကြရန်လည်း တောင်းဆိုလိုက်လေသည်။ ထို့ပြင် ဆီးရီးယားအစိုးရအနေနှင့် ဆောင်ရွက်ရန် ပျက်ကွက်ပါက ရလဒ်မကောင်းနိုင်ကြောင်း ရေးသားထားလေသည်။
အစိုးရနှင့် အတိုက်အခံနှစ်ဦးစလုံး အကြမ်းဖက်လုပ်ရပ်များရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးကြရန် ဆီးရီးယား အစိုးရကို ရှင်းရှင်းလင်းလင်းပြောကြားပြီးဖြစ်ကြောင်း ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဆိုသည်။ ဆီးရီးယား အကြမ်းဖက်မှုများအတွင်း အရပ်သား ၈,၀၀၀ ခန့်သေဆုံးခဲ့ပြီးဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ကိုဖီအာနန်တင်ပြသော စာတမ်းကို `ကောင်းမွန်သော ခြေလှမ်း´ ဖြစ်ကြောင်းထောက်ခံလိုက်ပြီး အာဆက်အစိုးရအား လိုက်နာဆောင်ရွက်ရန် ၊ အကယ်၍ ပျက်ကွက်ပါက ဖိအားများ၊ ပိတ်ဆို့အရေးယူမှုများခံရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
Source: Al Jazeera




















12:35 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment