Wednesday, March 14, 2012
အာဖဂန်တွင် စုံစမ်းရေးအဖွဲ့ တိုက်ခိုက်ခံရ၊ အမေရိကန်ဆန့်ကျင်ရေး တိုးပွား
အာဖဂန်တောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အမေရိကန်စစ်သားတစ်ဦးက အာဖဂန်အရပ်သား ကျေးရွာသား၁၆ ယောက်အား သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးရန်ရောက်ရှိနေသော စုံစမ်းရေးအဖွဲ့ကို သေနတ်သမား တစ်စုက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အာဖဂန်သမ္မတဟာမစ်ခါဇိုင်း၏ ညီအစ်ကိုနှစ်ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ အင်္ဂါနေ့က ပစ်ခတ်တိုက်ခိုက်ခံရ မှုကြောင့် အာဖဂန်စစ်သားတစ်ဦးသေဆုံးသွားကြောင်း ကန်ဒါဟာပြည်နယ်ရဲချုပ် အဘ္ဘဒူလ်ရာဇစ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
`အဝေးက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ၁၀ မိနစ်လောက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။´ ဟု ဒေသခံ သတင်းထောက်တစ်ဦးက အခင်းဖြစ်ပွားရာ ပန်ဂျဝါရီ ခရိုင်မှနေ၍ သတင်းပေးပို့ခဲ့သည်။
အမေရိကန်စစ်သားတစ်ဦးက အာဖဂန်ရွာသားများအား သတ်ဖြတ်ခဲ့ခြင်းအပေါ် အမျက်ဒေါသဖြစ်နေသော အာဖဂန် ကျောင်းသားများ လမ်းမပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး နောက်ပိုင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး အမေရိကန် ဆန့်ကျင်ရေးကို ပိုမိုအရှိန်ရစေခဲ့သည်။
ကဘူးလ်သို့သွားသည့် အဝေးပြေးလမ်းမကြီးကိုနှစ်နာရီခန့် ပိတ်ဆို့ကာ အမေရိကန်သမ္မတ အိုဘားမား၏ ပုံတူအရုပ်ကို မီးရှို့ပြီး ``အမေရိကန် ကျဆုံးပါစေ။´ `အိုဘားမားကျဆုံးပါစေ´ ဟူသော ကြွေးကြော်သံများဖြင့် ကြွေးကြော်ကြ လေသည်။
အမေရိကန်သမ္မတ အိုဘားမားကမူ အစွမ်းကုန်စုံစမ်းစစ်ဆေးခြင်းပြုလုပ်ပေးရန် ကတိပေးခဲ့လေသည်။
`အမေရိကန်နိုင်ငံသားတွေကိုယ်တိုင် သေဆုံးခဲ့ရသလိုပဲ ကျွန်တော်တို့ သဘောထားပါတယ်။ အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရတဲ့အတွက် ကျွန်တော်တို့လည်း အလွန်စိတ်မကောင်းဖြစ်ရပါတယ်။´ ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက တရားခံကိုတရားဥပဒေနှင့် အညီစီရင်မည်ဖြစ်ပြီး အမေရိကန် စစ်ဥပဒေအရနှင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြော၏။ ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရမည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါကိစ္စအတွက် အမေရိကန်စစ်သားများအား ခေါင်းဖြတ်သတ်မည်ဟု တာလီဘန်တို့က ခြိမ်းခြောက်ပြော ဆိုလိုက်လေသည်။
`မူဂျာဟစ်ဒင်တွေက ဒီကိစ္စကိုလက်စားချေပါမယ်။ အလ္လာကလည်းကူညီပါလိမ့်မယ်။ လူသတ်သမားအမေရိကန်စစ်သားတွေဟာ ခေါင်းဖြတ်အသတ်ခံရမယ်လို့ အစ္စလာမ္မစ်စော်ဘွားနိုင်ငံတော်က အမေရိကန်တိရစ္ဆာန်တွေကို ထပ်ပြီး သတိပေးပြောကြားလိုက်ပါတယ်။´ တာလီဘန်ပြောရေးဆိုခွင့်ရ ဇဘီဟူလာမူဂျာဟစ်က အီးမေးလ်ပေးစာတွင် ခြိမ်းခြောက်ရေးသားထားသည်။
ယခုသတ်ဖြတ်မှုအတွက် အာဖဂန်တို့ဒေါသဖြစ်ကြသော်လည်း လွန်ခဲ့သောလက ကိုရမ်မီးရှို့မှုကြောင့် မကျေမနပ် ဆန္ဒပြကြသည့် အတိုင်းအတာထက် လျော့နည်းနေသေးသည်။
ကန်ဒါဟာပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ အဘ္ဘဒူလ်ရာမင်က ဤကိစ္စကို မည်သို့တုံ့ပြန်ရမည်ကို ဒေသခံများကြား စဉ်းစားနေဆဲဖြစ်ကြောင်း ပြော၏။
`သူတို့ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဘယ်စစ်တပ်၊ ဘယ်အင်အားကမှ သူတို့ကို တားဆီးလို့ရမှာ မဟုတ်တော့ ပါဘူး။´
အာဖဂန်ရှိ အမေရိကန်များအနေနှင့် သတိရှိရှိနေကြရန် ကဘူးလ်ရှိ အမေရိကန်သံရုံးက သတိပေးထားသည်။
Source: Al Jazeera




















11:43 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment