Monday, May 28, 2012
မော်ရိုကို ဆန္ဒပြမှု အလုပ်လက်မဲ့နှုန်းမြင့်မားမှုကြောင့်ဖြစ်
အလုပ်လက်မဲ့ပြဿနာနှင့် အခြားသောလူမှုဒုက္ခများအား အစိုးရကဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အတွက် မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့တွင် လူအများ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြပွဲကို ကုန်သွယ်ရေးသမဂ္ဂများက စည်းရုံးလှုပ်ရှားခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်တက်ပြီးနောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲကြီးတစ်ခုဖြစ်သည်။
လူမှုလူတန်းစားမျှတရေးဆောင်ရွက်ပေးမည်ဟု ကတိပေးပြီး အနိုင်ရရှိခဲ့သော ဝန်ကြီးချုပ် အဘ္ဘဒယ်လီလာ ဘန်ကီရိန်း နိုဝင်ဘာလမှစ၍ အာဏာရရှိခဲ့ပြီး ဆောင်ရွက်ပေးရန် ပျက်ကွက်လျက်ရှိ ကြောင်း ဆန္ဒပြသူများက အပြစ်တင်ကြသည်။
`လူထုဒုက္ခအဝဝကို ဖြေရှင်းနိုင်ဖို့အတွက် လူထုနဲ့ အစိုးရကြား စစ်မှန်တဲ့ပြောဆိုဆွေးနွေးမှုတွေပြု လုပ်ဖို့ လူပေါင်း ၅၀ ၀၀၀ ကျော်လောက် ဆန္ဒပြတောင်းဆိုနေကြပါတယ်။` အတိုက်အခံဆိုရှယ်လစ် ပါတီဝင် လွှတ်တော်အမတ် ဟက်ဆန်တာရစ်ခ်က ဆိုသည်။
`ကုန်သွယ်ရေးသမဂ္ဂအဖွဲ့က စည်းလုံးညီညွတ်ကြပြီးတော့ ဝန်ကြီးချုပ်ကိုတောင်းဆိုထားတဲ့ အချက် က ရှင်းလင်းပါတယ်။ သူ့ရဲ့မူဝါဒတွေကို ပြောင်းလဲဖို့လိုအပ်နေပါပြီ။` ဟု တာရစ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
နိုင်ငံလူဦးရေ၏ တစ်ဝက်ခန့်ရှိသော အသက် ၁၅ နှစ်မှ ၂၉ နှစ်ကြားလူငယ်အများစုမှာ အလုပ်လည်းမရှိ၊ ကျောင်းလည်းမတက်နိုင်ဘဲ ရှိနေကြောင်း ယခုလထုတ်ပြန်သော ကမ္ဘာ့ဘဏ်စစ်တမ်းက ဖေါ်ပြထားပြီး လုပ်ခ လစာများတိုးမြှင့်ပေးရန်နှင့် လူထုအကြပ်အတည်းများ ဖြေရှင်းပေးရန် သမဂ္ဂခေါင်းဆောင်များက အစိုးရကို တောင်းဆိုထားသည်။
မော်ရိုကိုအစိုးရတွင်လည်း မိုးခေါင်ရေရှားခြင်းနှင့် ခရီးသွားလုပ်ငန်းအကြီးအကျယ်ကျဆင်းမှုများကြောင့် ဘဏ္ဍာရေးအကြပ်အတည်းဆိုက်လျက်ရှိပြီး နိုင်ငံ၏ အဓိကဝင်ငွေမှာ နိုင်ငံခြားရောက် မော်ရိုကိုလူမျိုးများ တင်ပို့ငွေနှင့် ဖော့စဖိတ် တင်ပို့ရောင်းချမှုတို့မှ ရရှိလေသည်။
၂၀၁၁ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အလယ်အလတ်ဆန်သော အစ္စလာမ်ပါတီဖြစ်သည့် တရားရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါလီမန်တွင်း နေရာအတော်များများအနိုင်ရရှိခဲ့ပြီး ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်း အုပ်ချုပ်ခဲ့သည်။
လက်ရှိအစိုးရ မဲဆွယ်စဉ်က အလုပ်လက်မဲ့နှုန်းမြင့်မားခြင်း၊ စာတတ်မြောက်မှုနှုန်းကျဆင်းနေခြင်းတို့ကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ဖူးသည်။
သို့သော် အာဏာရရှိပြီး ခြောက်လကြာမြင့်လာခဲ့ပြီးသည့်အထိ အပြောင်းအလဲတစ်စုံတစ်ရာ မတွေ့မြင်ရ သေးသဖြင့် ဝန်ကြီးချုပ်ဘန်ကီရိန်းကို ငြိုငြင်လာကြပြီး ဆန္ဒပြခြင်းဖြစ်သည်။
`ဘန်ကီရိန်းနဲ့ ဖူးအက်အလီအယ်ဟင်မာ ဆိုတာ ခေါင်းနဲ့ပန်းလို ဟိုဘက်ဒီဘက်ပဲ။` ဟု ကာဆာဘလန်ကာ လမ်းမများထက် ဆန္ဒပြသူများ ဟစ်အော်ကြသည်။ ဖူးအက်အလီအယ်ဟင်မာ ဆိုသည်မှာ မော်ရိုကိုဘုရင်၏ အယုံကြည်ဆုံး အနီးကပ်အကြံပေးတစ်ဦးဖြစ်သည်။
ဧပြီလအတွင်းက ၂၀၁၂ အသုံးစားရိတ်အတွက် ပါလီမန်တွင် ရေးဆွဲအတည်ပြုခဲ့သည်။ လူမှုဖူလုံရေး အသုံးစားရိတ်များ ဆက်လက်ထောက်ပံ့ပေးထားရန် ပါဝင်လေသည်။
Source: Al Jazeera
0 comments:
Post a Comment