
အင်္ဂလန် ဒုတိယမြောက်အဲလိဇဘက်ဘုရင်မကြီး၏ နန်းသက် နှစ် ၆၀ မြောက်အခမ်းအနားကို ကျင်းပခဲ့ကြပြီး အထိမ်းအမှတ်အဖြစ် ဘုရားကျောင်းခေါင်းလောင်းများ တီးခတ်ခြင်း၊ အမြောက်ပစ်ဖေါက်ခြင်းများပြုလုပ် ခဲ့ကြသည်။
ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ်မင်းသားကြီးမှာမူ ဆီးရောဂါကြောင့် ဆေးရုံသို့တက်ရောက်ကုသမှုခံ ယူနေရသဖြင့် အခမ်းအနားသို့တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။ ဖိလစ်မင်းသားကြီးသည် အသက် ၆၄ နှစ်ရှိပြီ ဖြစ်သည်။
စိန့်ပေါလ်ဘုရားကျောင်းတွင် နံနက်ပိုင်း ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားပြုလုပ်ခဲ့ပြီး ဆန်တာဘူရီဂိုဏ်းချုပ်ဘုန်းတော်ကြီး ရိုဝန်ဝီလီယမ်က တိုင်းပြည်တွင်း သာယာဝပြောအောင် ဆောင်ရွက် ပေးခဲ့သည့်အတွက် ဘုရင်မကြီးအား ကောင်းချီးမင်္ဂလာပေးခဲ့သည်။
ထို့နောက် ဘုရင်မကြီးသည် နေ့လည်ပိုင်းတွင် ဘက်ကင်ဟမ်နန်းတော်သို့ပြန်သွားခဲ့သည်။ ထို့နောက် သူ့ကိုဆက်ခံမည့်သားတော် ချားလ်စ်မင်းသားနှင့် ကြင်ယာတော် ကမ္မီလာ၊ မင်းသားငယ် ဝီလီယံနှင့် ကြင်ယာတော် ကိတ်၊ အငယ်ဆုံးမင်းသား ဟင်နရီ တို့နှင့် အတူ နန်းတော် လေဆောင်သို့ ထွက်ကာ လူထုကို နှုတ်ဆက်ခဲ့ လေသည်။
ထို့နောက် တိုင်းပြည်အား ရုပ်မြင်သံကြားမှ တစ်ဆင့်စကားပြောကြားခဲ့ရာတွင် သူမ၏ နန်းသက် နှစ် ၆၀ ပြည့်အထိမ်းအမှတ်အခမ်းအနားသည် သာမန်ရိုးရိုးရှင်းရှင်းပွဲတစ်ခုသာ ဖြစ်ခဲ့ကြောင်း ဆိုသည်။
`ဓနဿဟာယနိုင်ငံတွေနဲ့ အင်္ဂလန်နိုင်ငံက တိုင်းသူပြည်သားတွေရဲ့ ကျွန်မအပေါ်ထားရှိတဲ့ ချစ်ခင်ကြင်နာမှုတွေကို ဆက်လက်ပြီး တန်ဖိုးထားသွားပါမယ်။` ဟု နှစ်မိကြာ မိန့်ခွန်းတွင် ပြောဆိုသွား ခဲ့ပြီး ယင်းမိန့်ခွန်းကို အင်္ဂလန်နိုင်ငံနှင့် ယခင်က ကိုလိုနီနိုင်ငံများဖြစ်ခဲ့ပြီး နောက်ပိုင်း ဓနဿဟာယနိုင်ငံ များဖြစ်လာသော တိုင်းပြည် ၅၄ နိုင်ငံတွင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။
၁၉၃၆ ခုနှစ်အတွင်းက ယခုအဲလိဇဘတ်ဘုရင်မ၏ ဦးရီးတော် ဒေးဗစ်နန်းစွန့်သွားပြီးနောက် သူမ၏ ဖခင် ဖြစ်သူ ထီးနန်းဆက်ခံခဲ့ကာ သူမက ဖခင်ကို ဆက်ခံပြီး ဘုရင်မဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဘုရင်၊ ဘုရင်မများ အာဏာမရှိသော စည်းမျဉ်းခံဘုရင်စံနစ်အောက်တွင် ဘုရင်မကြီး၏ ဘဝမှာ ပွဲလမ်း သဘင်ဆင်ယင်ခြင်း၊ ကမ္ဘာအနှံ့ခရီးလှည့်လည်သွားခြင်းနှင့် အလွန်ကြီးကျယ်ခမ်းနားသော စည်းစိမ်ချမ်းသာ ခံစားခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရလေသည်။
Source: Al Jazeera
Posted in: ဥရောပ
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment