
တရားရုံးမှ နိုင်ငံရေးအရ ဘက်လိုက်ဆုံးဖြတ်မှု၊ စစ်တပ်မှ အာဏာဆက်လက်ချုပ်ကိုင်လိုမှုများရှိသည်ဟူသော စွပ်စွဲချက်များဖြင့် အီဂျစ်နိုင်ငံ တာရီယာရင်ပြင်သို့ လူပေါင်းသောင်းနှင့်ချီ၍ စုရုံးဆန္ဒပြလျှက်ရှိသည်။
ရင်ပြင်အတွင်း နေရာယူဆန္ဒပြပွဲကို ဗုဒ္ဓဟူးနေ့က မွတ်စလင်ညီအစ်ကိုတော်များပါတီမှ စည်းရုံးစတင်ခဲ့ပြီး သောကြာ နေ့ညအထိ ဆက်လက်ဆန္ဒပြနေကြသည်။
မွတ်စလင်ညီအစ်ကိုတော်များပါတီမှ သမ္မတလောင်း မိုဟာမက်မော်စီနှင့် မူဘာရက်လက်ထက် ဝန်ကြီးချုပ်ဟောင်း အာမက်ရှာဖစ်တို့ နောက်ဆုံးယှဉ်ပြိုင်ရလဒ်များ ကြေငြာချက်ထွက်ပေါ်မလာမီ ဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့တွင် ရလဒ်များ ကြေငြာမည်ဟု ဆိုသော်လည်း နှစ်ဘက်စလုံးမှ ရွေးကောက်ပွဲ မသမာမှုတိုင်းကြားချက် ၄၀၀ ခန့်ကိုဖြေရှင်းပေးရဦးမည်ဖြစ်၍ ရလဒ်ကြေငြာမည့်ရက် ရွှေ့ဆိုင်းလိုက်သည်။
နိုင်ငံပိုင်သတင်းစာ အယ်အာဟမ်၏အင်္ဂလိပ် ဝက်ဘ်ဆိုက်တွင် သောကြာနေ့က ရှာဖစ်အနိုင်ရလိမ့်မည်ဖြစ်ကြောင်း ရေးသားထားပြီး အာရပ်ဝက်ဘ်ဆိုက်တွင်မူ ရွေးကောက်ပွဲကော်မရှင်ကို ကိုးကား၍ မော်စီအနိုင်ရလိမ့်မည်ဖြစ် ကြောင်း ရေးသားထားပြန်သည်။
အီဂျစ်နိုင်ငံတစ်ဝှမ်း မဲဆန္ဒနယ်များမှ တရားဝင်ရေတွက်ထားသော ဆန္ဒမဲစာရင်း မူပွားများကို မွတ်စလင်ညီအစ်ကို တော်များ ပါတီက ထုတ်ဝေခဲ့ရာတွင် မော်စီက ဆန္ဒမဲ ၉၀၀ ၀၀၀ ကျော်ဖြင့် ဦးဆောင်လျှက်ရှိကြောင်းတွေ့ရှိရ သော်လည်း ရွေးကောက်ပွဲကော်မရှင် မှ မကြေငြာမချင်း တရားမဝင်သေးပေ။
`ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်ပေါ်နေပြီး လူထုအတွင်း ကောလဟလတွေ၊ သံသယတွေ နဲ့ နိုင်ငံအနာဂတ်ဟာ စိုးရိမ်စရာဖြစ်နေပါတယ်။` ဟု လက်ရှိအာဏာပိုင် စစ်ကောင်စီက သောကြာနေ့က ပြောကြားခဲ့သည်။
Source: Al Jazeera
Posted in: အာဖရိက
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment