Saturday, June 2, 2012
ဆိုမာလီအရေးညီလာခံ အစ္စတန်ဘူလ်တွင် ကျင်းပ
ဆိုမာလီယာနိုင်ငံတွင် အသွင်ကူးပြောင်းရေးအဖွဲ့က သြဂုတ်လတွင် အစိုးရတစ်ရပ်တည်ထောင်ပြီး အာဏာလွှဲပြောင်းပေးရေး ပြင်ဆင်လျက်ရှိသောကြောင့် တည်ငြိမ်သောအစိုးရတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတကာက မိမိတို့ ကဏ္ဍအလျောက်ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ဘန်ကီမွန်က တိုက်တွန်းထားသည်။
ဆိုမာလီတွင် နှစ်ပေါင်း ၂၀ မျှ မတည်မငြိမ်ဖြစ်ခဲ့ပြီး စစ်ပွဲဒဏ်အလူးအလဲခံစားလာခဲ့ရသည်။
`အကူးအပြောင်းကာလပြီးဆုံးသွားတဲ့ အချိန်ဟာ နိုင်ငံရေးရပ်ဝန်းအသစ်ပေါ်ထွန်းလာမယ့် အချိန်ပဲဖြစ်ပါတယ်။` ဟု ပြောဆိုလိုက်ပြီး အသစ်ပြဌာန်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြီးပြည့်စုံရန် လိုအပ်ကြောင်း ဆိုသည်။
`ဆိုမာလီယာပြည်သူတွေအာလုံးဟာလည်း တိုင်းရင်းသားမရွေး၊ ဘာသာမရွေး၊ ကျားမ မရွေး ရွေးကောက်ပွဲမှာ ပါဝင်သင့်ပါတယ်။`
အထူးသဖြင့် အယ်လ်ရှာဘက်သူပုန်များထိန်းချုပ်မှုအောက်မှ လွတ်မြောက်လာသော နယ်မြေများအပါအ ဝင် ဆိုမာလီပြည်သူအားလုံး၏ ယုံကြည်မှုပြန်လည်ရရှိအောင် ဆောင်ရွက်ရန်မှာ အရေးကြီးကြောင်းလည်း အထွေထွေအတွင်းရေးမှူးကြီးက ပြောဆိုသွားခဲ့လေသည်။
အယ်ကေဒါသစ္စာခံဟု ကြေငြာထားသော အယ်လ်ရှာဘက်သူပုန်များအား အာဖရိကသမဂ္ဂမှ ကျောထောက် နောက်ခံပေးထားသော ဆိုမာလီအစိုးရတပ်များက အမြစ်ပြန်ချေမှုန်းရန် ပြင်ဆင်နေချိန် တွင် ဆိုမာလီအရေး အစ္စတန်ဘူလ်ညီလာခံကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ဆိုမာလီသမ္မတ ရှာရစ်ရှိတ်ခ်အာမက်က ဆိုမာလီပြန်လည်တည်ဆောက်ရမည့် အခြေအနေများကို ရှင်းပြ ခဲ့သည်။ ၁၉၉၁ ခုနှစ်မှစ၍ နိုင်ငံတွင်းပဋိပက္ခများကြောင့်လူ့အသက်ပေါင်း၄၀၀ ၀၀၀ ခန့်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
`နိုင်ငံတော့် အခြေခံအဆောက်အဦတွေပြန်လည်တည်ဆောက်ရပါမယ်။ အင်မတန်အကုန်အကျ များမယ့် အလုပ်တွေဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ အရင်းအမြစ်အပိုင်းမှာတော့ ဆင်းရဲပါတယ်။`ဟု သူက ပြောသည်။
ညီလာခံလက်ခံကျင်းပခဲ့သော တူရကီသည် လွန်ခဲ့သောနှစ်က ဆိုမာလီမိုးခေါင်ရေရှား အငတ်ဘေးတွင် အဓိကအကျဆုံးအကူအညီပေးခဲ့သည့်နိုင်ငံဖြစ်ပြီး အကူအညီများ အရေးတကြီးလိုအပ်နေကြောင်း ကျယ်ကျယ်လောင်လောင်ပြောခဲ့သည့် နိုင်ငံဖြစ်သည်။
`ဆိုမာလီအတွက် အရင်ကထက်ကိုပိုပြီး ရုပ်ဝတ္ထုအကူအညီတွေ လိုအပ်နေပါတယ်။` ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမက်ဒါဗူတော့ဂလူက ပြောသည်။
ညီလာခံပထမနေ့တွင် တူရကီဒုတိယဝန်ကြီးချုပ် ဘက်ကာဘော့ဇ်ဒက်က အစိုးရစစ်တပ်များက အစ္စလာမ္မစ်လက်နက်ကိုင် အုပ်စုများကို တိုက်ထုတ်လိုက်ပြီဖြစ်သည့်အတွက် မြို့တော်မိုဂါဒစ်ရှူးတွင် ယခုအခါ စီးပွားရေးလုပ်ငန်းသစ်များ လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း ပြောခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ်ကလည်း ဗြိတိန်နိုင်ငံမှ ဝန်ကြီးသုံးဦး ယခုနှစ်အတွင်း ဆိုမာလီယာသို့ သွားရောက်လည်ပတ်ပြီးဖြစ်ကြောင်းနှင့် လုံခြုံရေးအတွက် စိတ်ပူစရာမရှိတော့ကြောင်း လုံခြုံရေးကိစ္စစိုးရိမ်နေသူများအတွက် ဇောင်းပေးပြောကြားခဲ့သည်။
ကြသပတေးနေ့ ကြေငြာချက်တွင် `သြဂုတ်လအကုန်မှာ အကူးအပြောင်းကိစ္စတွေအားလုံးပြီးစီးပြီး အာဏာလွှဲပြောင်းရေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်သွားမလားဆိုတာ ဆိုမာလီယာခေါင်းဆောင်တွေကို အားလုံးက ဝိုင်းဝန်းစောင့်ကြည့်နေကြပါတယ်။` ဟု ဝီလီဟေ့ဂ်က ပြောသည်။
ကုလအတွင်းရေးမှူးကြီး ဘန်ကီမွန်က မိန့်ခွန်းနိဂုံးချုပ်တွင် ဆိုမာလီတွင် အသစ်ပေါ်ပေါက်လာမည့် အစိုးရသည် နိုင်ငံအဝှမ်း အာဏာစက်ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း၊ လူထုအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းသွားလိမ့်မည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံးယုံကြည်အားထားရသည့် အခြေခံဥပဒေတစ်ရပ် ကိုဖေါ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။
၁၉၉၁ ခုနှစ်တွင် သမ္မတမိုဟာမက်ဆိဒ်ဘာရီ ပြုတ်ကျသွားပြီးနောက်ပိုင်း လက်နက်ကိုင်စစ်အုပ်စုများက သူတလူငါတမင်း ပိုင်ရာဆိုင်ရာနယ်မြေများတွင် မင်းမူကျက်စားခဲ့ကြပြီး အချင်းချင်းလည်း ထိန်းချုပ်နိုင်ရန် ကြိုးစားရင်း တိုက်ခိုက်လာခဲ့ကြလေသည်။
Source: Al Jazeera




















11:18 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment