Tuesday, July 31, 2012
မာလီတွင်လက်မထပ်သော စုံတွဲကို လူပုံလယ် ခဲဖြင့် ပေါက်သတ်
မာလီနိုင်ငံတွင် အစ္စလာမ်အစွန်းရောက်များသိမ်းပိုက်ထားသော တောင်ပိုင်းအက်ဂယ်ဟော့မြို့၌ လက်မထပ်ဘဲ အတူနေသော စုံတွဲတစ်တွဲကို လူ ၂၀၀ ခန့်ရှေ့တွင် မသေမချင်းခဲဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူ များက ပြောကြားခဲ့သည်။
အဆိုပါအဖြစ်အပျက်သည် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ပြီး တောင်ပိုင်းဒေသကို ရှာရီယာတို့ သိမ်းပိုက်ပြီးနောက်ပိုင်း ပထမဦးဆုံးကြားသိရသည့် သတ်ဖြတ်မှုဖြစ်သည်။
`ကျွန်တော် အဲဒီနေရာမှာ ရှိနေခဲ့ပါတယ်။ အစွန်းရောက်တွေက အဲဒီစုံတွဲကို အက်ဂယ်ဟော့မြို့လည်ကို ခေါ်ဆောင်လာပြီး တွင်းနှစ်တွင်းထဲမှာ ထည့်ထားပြီးတော့ ခဲနဲ့ပေါက်သတ်ခဲ့ပါတယ်။` ဟု အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
`ခဲလုံးတစ်လုံး၊ နှစ်လုံးလောက်ထိမှန်အပြီးမှာ အမျိုးသမီးက မေ့လဲသွားပါတယ်။ အမျိုးသားကတော့ တစ်ခါပဲ အော်နိုင်ပြီး လဲကျသွားခဲ့ပါတယ်။` ဟု နောက်ထပ် အစိုးရတာဝန်ရှိသူတစ်ဦးက ထပ်မံအတည်ပြုပြော ကြားခဲ့ပြီး ယင်းစုံတွဲတွင် ကလေးနှစ်ယောက်ရှိကြောင်း၊ အငယ်ဆုံးကလေးမှာ ၆ လသားမျှသာ ရှိသေးကြောင်း ဆိုသည်။
`သူတို့က ချုံပုတ်တွေထဲမှာ နေကြတာပါ။ အစ္စလာမ္မစ်တွေက သူတို့ကို မြို့ထဲကို ခေါ်ဆောင်လာပြီး ခဲနဲ့ ပစ်သတ်ခဲ့တာပါ။ လူတွေအများကြီး ထွက်ကြည့်ခဲ့ကြပါတယ်။` ဟု ဆက်လက်ပြောကြားသွားခဲ့သည်။
အယ်လ်ဂျီးရီးယားနှင့် နယ်စပ် ကီဒယ်ဒေသရှိ မြို့ငယ်လေးသည် မာလီ တူအာရက်ခွဲထွက်သူပုန်များ ဇန်နဝါရီလ ၂၄ ရက်နေ့က ပထမဦးဆုံးသိမ်းပိုက်နိုင်ခဲ့သည့် မြို့ဖြစ်သည်။ အရပ်သား၊ စစ်သား ၈၂ ယောက် အစုလိုက်အပြုံလိုက် အပြစ်ပေးသတ်ဖြတ်ခြင်းခံခဲ့ရသည်။ သူပုန်များသည် အယ်ကေဒါပုံစံအတိုင်း ကျင့်သုံးလျှက် ရှိကြောင်း ယခုနှစ်အစောပိုင်းက ပြင်သစ်က ပြောကြားခဲ့သေးသည်။
မတ်လအတွင်းက တူအာရက်သူပုန်များ၏ အာဏာသိမ်းပွဲဖြစ်ပွားခဲ့သော်လည်း ယင်း၏ နောက်ဆက်တွဲအဖြစ် အစ္စလာမ္မစ်များနှင့် ကန္တာရတွင်းလှည့်လည်သွားလာနေထိုင်သူများကသာ ပြင်သစ်နိုင်ငံထက်ကျယ်ဝန်းသော မာလီ တောင်ပိုင်းကို သိမ်းပိုက်သွားခဲ့သည်။
အစ္စလာမ္မစ်အုပ်စုများသည် အစ္စလာမ္မစ်မက်ဂ္ဂရက်ရှိ အယ်ကေဒါအဖွဲ့ (AQIM) ၏ ကျောထောက်နောက်ခံပြုမှုဖြင့် တူအာရက်သူပုန်များကို မောင်းထုတ်နိုင်ခဲ့ပြီး တောင်ပိုင်းဒေသတွင်း ခိုင်မာစွာခြေကုပ်ရယူထားနိုင်ခဲ့သည်။ AQIM ၏ မဟာမိတ် အန်ဆာဒိုင်း ခေါ် ယုံကြည်မှုတပ်သားများ အဖွဲ့က အက်ဂူလ်ဟော့ မြို့ကို ထိန်းချုပ်ထားသည်။
တင်ဘုခ်တုမြို့တွင်လည်း အစ္စလာမ္မစ်ဥပဒေကိုတင်းကြပ်စွာပြဋ္ဌာန်းထားပြီး ရုပ်တုဆင်းတုကိုးကွယ်သည်ဟူသော အယူအဆဖြင့် ရှေးဟောင်းကမ္ဘာ့ယာဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးပစ်ခဲ့သည်။
မာလီသည် ယခင်က ဒေသတွင်း အတည်ငြိမ်ဆုံးဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး နှစ်ဝက်ခန့်အတွင်းမှာပင် အဓိကရုဏ်းများကြောင့် ပျက်စီးခဲ့ပြီး အာဏာသိမ်းစစ်တပ်ထံမှ အာဏာလွှဲပြောင်းရယူထားသော ကြားဖြတ်အစိုးရ အနေနှင့်လည်း သြဇာလွှမ်းမိုးနိုင်ခြင်းမရှိပေ။
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS) မှ မာလီသို့ စစ်သား ၃၀၀၀ ခန့်ပို့ဆောင်ပေးရန် ရှိနေပြီး ကုလသမဂ္ဂနှင့် မာလီအစိုးရ၏ သဘောတူညီချက်ကို စောင့်ဆိုင်းလျှက်ရှိသည်။
Source: AFP




















11:09 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment