Saturday, September 1, 2012

အမေရိကန်-အစ္စရေးလ်စစ်ရေးပူးပေါင်းလေ့ကျင့်မှု အချိန်ရွှေ့ဆိုင်း

အမေရိကန်-အစ္စရေးလ် တိုက်ချင်းပစ်ဒုံးပျံပူးတွဲလေ့ကျင့်ရေးအစီအစဉ် တစ်ရပ်ကို ယခုနှစ်နှောင်းပိုင်းအထိရွှေ့ဆိုင်း လိုက်ပြီး စီစဉ်ထားသည့် အမေရိကန်စစ်သားအရေအတွက်ထက်လည်း လျှော့ချသွားမည်ဖြစ်ကြောင်း အမေရိကန် ပင်တာဂွန်စစ်ဌာနက အတည်ပြုပြောကြားလိုက်သည်။ သို့သော် ယင်းသို့အစီအစဉ်ရွှေ့ဆိုင်းလိုက်ခြင်းနှင့် စစ်သားဦးရေလျှော့ချလိုက်ခြင်းမှာ အစ္စရေးလ်အပေါ် ယုံကြည်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟူသော ပြောဆိုချက်များမှာ မမှန်ကန်ကြောင်း သောကြာနေ့က အမေရိကန်က ငြင်းဆိုခဲ့ သည်။ ထို့ပြင် အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို အစ္စရေးလ်ဝန်ကြီးချုပ်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရက်တို့က တစ်ကိုယ်တော်ကြိတ်ဝါဒဖြင့် မိမိတို့တစ်နိုင်ငံတည်းအနေနှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဟူ သော စစ်ရေးအရခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်နေစဉ် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ `သြစတီရီချဲလင့်-၁၂ လို့အမည်ရတဲ့ တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်စမ်းသပ်မှုဟာ ကျွန်တော်တို့နှစ်နိုင်ငံကြားမှာ အကြီးမားဆုံးဒုံးပျံကာကွယ်ရေးစံနစ်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက တစ်ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီကနေ အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။` ဟု ပင်တာဂွန်ပြောရေးဆိုခွင့်ရ လေတပ်ဒုတိယဗိုလ်မှူးကြီး ဂျက်မီလာက ပြောကြားခဲ့သည်။ `စစ်ရေးလေ့ကျင့်မှုမှာ သတ်မှတ်ထားတဲ့ စံနစ်တွေနဲ့ အချက်အလက်တွေအတိုင်းလေ့ကျင့်သွားမှာဖြစ်ပါ တယ်။ လေ့ကျင့်မှုဆောင်ရွက်သူတွေနဲ့ အတူ တပ်ဆင်ထားတဲ့စံနစ်တွေဟာလည်း အားလုံးပုံမှန်တာဝန်များကို အပြည့်အဝဖေါ်ဆောင်လေ့ကျင့်သွားမှာဖြစ်ပါတယ်။` ဟု ဆို၏။ ယခင်က စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်စစ်သားဦးရေ ၅ ၀၀၀ ခန့်ပါဝင်မည်ဟု သတ်မှတ်ထားသော်လည်း ၁ ၅၀၀ မှ ၁ ၂၀၀ ကြားတွင်သာ ပါဝင်တော့မည်ဖြစ်ကြောင်း တိုင်းမ်မဂ္ဂဇင်းက သောကြာနေ့က သတင်းရေးသားဖေါ် ပြခဲ့သည်။ ပက်ထရီယော့ ဟု အမည်ပေးထားသော ဒုံးချင်းဖျက်ဒုံးများ အစ္စရေးလ်သို့ သတ်မှတ်ထားသည့် အချိန် အတွင်းရောက်ရှိသွားမည်ဖြစ်သော်လည်း ယင်းတို့ကို ကိုင်တွယ်ပစ်ခတ်မည့် သူများတစ်ပါတည်းလိုက်ပါသွားခြင်း မရှိသေးကြောင်း သတင်းကဖေါ်ပြခဲ့သည်။ ထို့နောက် ဒုံးပျံကာကွယ်ရေးစစ်သင်္ဘော အဟောင်းနှစ်စင်းအစား တစ်စင်းသာ အစီအစဉ်အတွင်းပါဝင်မည်ဖြစ်ပြီး နောက်တစ်စင်းအတွက် `ပါဝင်ကောင်းပါဝင်နိုင်သည်` ဟူသော မှတ်ချက်သာရှိသေးကြောင်းလည်း ဆိုသည်။ အထက်ပါ သတင်းနှင့် ပတ်သက်၍ တိုင်းမ် မဂ္ဂဇင်းက အမည်မဖေါ် လိုသော အစ္စရေးလ်စစ်ဘက်အရာရှိတစ်ဦးက ပြောဆိုကြောင်းနှင့် အစ္စရေးလ်အပေါ် ယုံကြည်မှုလျော့နည်းခြင်း ကြောင်း ဖြစ်ကြောင်း ရေးသားဖေါ်ပြခဲ့သည်။ သို့သော် ဗိုလ်မှူးကြီးမီလာက အထက်ပါအချက်ကိုငြင်းဆိုခဲ့ပြီးအမေရိကန်-အစ္စရေးလ်ဆက်ဆံရေးမှာ အခိုင်အမာ ဖြစ်ကြောင်း၊ သြစတီရီချဲလင့် စစ်ရေးလေ့ကျင့်မှုအစီအစဉ်သည် အပြန်အလှန်ယုံကြည်မှုကို သက်သေပြနေသည့် အချက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နောက်ထပ်အမေရိကန်စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးကလည်း စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်စစ်သားဦးရေ မဆိုစလောက်သာလျှော့ချလိုက်ခြင်းဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်းမှ ဖေါ်ပြသည့်ကိန်းဂဏန်းမှာ မမှန်ကန်ကြောင်း ပြောကြား ခဲ့သည်။ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကလည်း လွန်ခဲ့သော ၂ နှစ်က ပြုလုပ်ခဲ့သည့် အမေရိကန်-အစ္စရေးလ်စစ်ရေးလေ့ကျင့်မှုအတိုင်းပင် ယခုအကြိမ်တွင်လည်း သတ်မှတ်စံနှုန်းများအတိုင်းပြုလုပ်သွားမည်ဖြစ် ကြောင်း ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။ စစ်ရေးလေ့ကျင့်မှုအတွက် သတ်မှတ်အစီအစဉ်များထက် လျှော့ချလိုက်သည်ဆိုသည့်အချက်မှာ လေ့ကျင့်မှုတွင် ပါဝင်မည့် အခြေခံအချက်များကို အနည်းငယ်ပြင်ဆင်သတ်မှတ်လိုက်ခြင်းသာဖြစ်ပြီး အခြားလျှော့ချပြောင်းလဲမှုများ မရှိကြောင်း အစ္စရေးလ်တာဝန်ရှိသူများက ဆိုသည်။ `စစ်ရေးလေ့ကျင့်မှုအတွက် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အပြောင်းအလဲပြုလုပ် လိုက်တာတွေက အရေးကြီးတဲ့အချက်တွေမဟုတ်ပါဘူး` ဟု ဆို၏။ စစ်ရေးလေ့ကျင့်မှုကို ယခင်ကမေလအတွင်းပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အစ္စရေးလ်တာဝန်ရှိသူများက ဆောင်းဦး ပေါက်အထိ ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှုကြောင့် ရွှေ့ဆိုင်းလိုက်ခြင်းသာဖြစ်ကြောင်း ဗိုလ်မှူးကြီးမီလာက ပြောသည်။ `အစ္စရေးလ်က ရွှေ့ဆိုင်းပေးဖို့တောင်းဆိုလာတဲ့ အခါကျတော့ အဲဒီအချိန်မှာ အခြားစစ်ရေးလေ့ကျင့်မှုတွေ နဲ့ တိုက်ဆိုင်နေတာကြောင့် စစ်သားဦးရေနဲ့ လက်နက်ကိရိယာပစ္စည်းတွေ ယခင်သတ်မှတ်ထားတဲ့ အရေအတွက်ထက်လျှော့နည်းသွားမှာ ဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောလိုက်ပါတယ်။ အစ္စရေးလ်က ဆောင်းဦးပေါက် အထိရွှေ့ဆိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။` ဟု မီလာက ပြောကြားခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။