Sunday, May 29, 2011

နေတိုးဗုံးကြဲမှုကြောင့် အာဖဂန်အရပ်သားများသေဆုံး

အာဖဂန်တစ်နေရာမြင်ကွင်း(ရိုက်တာ)





နေတိုးက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အာဖဂန်တောင်ပိုင်း ဟဲလ်မန်းပြည်နယ်တွင် အမျိုးသမီးများနှင့် ကလေးများ အပါ အဝင် အနည်းဆုံး ၁၄ ဦးသေဆုံးကြောင်းဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ဟဲလ်မန်းပြည်နယ် နော်ဇက်ခရိုင်ရှိ အမေရိကန်မရိန်းတပ်စခန်းသည် အသေးစားပစ်ခတ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသဖြင့် လေကြောင်းအကူအညီတောင်းခံခဲ့ကြောင်း ပြည်နယ်အစိုးရကြေငြာချက်တွင်ဖေါ်ပြခဲ့သည်။

“လေကြောင်းမှ ဗုံးလာကြဲရာတွင် အရပ်သားအိမ်နှစ်လုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရသွားသည်။” ဟု ကြေငြာချက်တွင်ရေးသားထားသည်။ ၎င်းတို့မှာ မိန်းကလေးငယ် ၅ ဦး၊ ယောင်္ကျားလေးငယ် ၇ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်ကြောင်းဖေါ်ပြထားသည်။

“နိုင်ငံတကာလုံခြုံရေးအထောက်အကူပြုတပ်* (International Security Assistance Force - ISAF) က ဗုံးကြဲ တိုက်ခိုက်ရာမှာ အရပ်သားတွေသေဆုံးမှုဖြစ်ပေါ်ခြင်းသတင်းကို အရေးထားပါတယ်။” နေတိုးဦးဆောင်သော ISAF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တင်ဂျိမ်းက AFP သတင်းသို့ပြောသည်။

“ကျွန်တော့်ဆွေမျိုး ၁၂ ယောက်သေဆုံးတဲ့အထဲပါသွားပါတယ်။ အခြားကလေးဆယ်ယောက်ကတော့ ဒဏ်ရာရရှိခဲ့ ကြတယ်။” ဗုံးကြဲတိုက်ခိုက်မှုတွင် ဆွေမျိုးများသေဆုံးခဲ့သူ အသက်အရွယ်ကြီးပြီဖြစ်သော အက်စလန်က ပြောသည်။
“ISAF ရဟတ်ယာဉ်တွေကို အချို့ကသေနတ်နဲ့လှမ်းပစ်တယ်။ နောက် ၁၀ မိနစ်၊ မိနစ် ၂၀ လောက်ကြာတော့ ရဟတ်ယာဉ်တွေ ပြန်လှည့်လာပြီးတော့ ဒုံးကျည်တွေနဲ့ပစ်တော့ အပြစ်မဲ့အရပ်သားတွေသေကုန်တာပဲ။” ဟု ပြောသည်။

လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်မှစတင်ကာ နေတိုးက လေကြောင်းမှ စစ်ဆင်ရေးများဆင်နွှဲရာတွင် အရပ်သားသေဆုံးမှု ၅၂ ဦးရှိပြီဖြစ်ကြောင်း အာဖဂန်အာဏာပိုင်များက တနင်္ဂနွေနေ့ကပြောသည်။
ထို့နောက် နူရီစတန်ပြည်နယ်အုပ်ချုပ်ရေးမှူးက၎င်း၏ပြည်နယ်အတွင်း မကြာမီကပြုလုပ်ခဲ့သောအမေရိကန် ဦးဆောင်၍ အယ်လ်ကေဒါအဆက်အနွယ်များကို လေကြောင်းမှတိုက်ခိုက်မှုများတွင် အချင်းချင်း မှားယွင်း ပစ်ခတ်မှုကြောင့် ရဲ ၂၀ ဦးသေဆုံး ပြီး အရပ်သား ၁၈ ဦးသေဆုံးကြောင်း တနင်္ဂနွေနေ့ကပင်ပြောကြား ခဲ့သည်။ လွန်ခဲ့သောအပတ်က နူရီစတန်ပြည်နယ်တွင် တာလီဘန်နှင့် အာဖဂန်စစ်တပ်ကြား တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။

အယ်လ်ကေဒါနှင့် ဆက်နွယ်နေသော သူပုန်များဟု မှားယွင်းကာ ရဲများနှင့် အရပ်သားများကို ဗုဒ္ဓဟူးနေ့က ပစ်မှတ်ထား တိုက်ခိုက် ခံရကြောင်း ဂျမားလဒ္ဒင်ဘဒ္ဒါးကပြောသည်။
“အချင်းချင်းမှားယွင်းပစ်ခတ်မှုကြောင့်ရဲတွေသေတယ်။ဒူးအက်ခရိုင်ကိုပစ်မှတ်ထားတိုက်ခိုက်တဲ့လေကြောင်း တိုက်ခိုက်မှုမှာဆိုရင်ရဲတွေက သူပုန်တွေလက်ထဲက သိမ်းပိုက်လိုက်တဲ့ နေရာကိုအတိုက်ခံရတယ်။ ကျည်ကုန်သွားတဲ့သူပုန်တွေက အရပ်သားတွေနေတဲ့ အိမ်တွေထဲကို ဝင်ပြေးတယ်။ အဲဒီမှာ အရပ်သားတွေနဲ့ သူပုန်တွေရောပြီး အပစ်ခံရလို့ အရပ်သားတွေ သေတယ်။” ပြည်နယ်အုပ်ချုပ်ရေးမှူးကဆိုသည်။

“နူရီစတန်မှာ ရဲတွေ၊ အရပ်သားတွေသေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေစုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ ISAF က လွှတ်ထားပြီးပါပြီ။ ကျွန်တော်တို့ လက်ဦးအစီရင်ခံစာမှာတော့ အရပ်သားသေဆုံးမှုတွေ မရှိပါဘူး။” ဗိုလ်မှူးဂျိမ်းကပြောသည်။

အမေရိကန်ဦးဆောင်သော အယ်လ်ကေဒါဆက်စပ်သူပုန်များနှိမ်နင်းမှုစစ်ဆင်ရေးတွင် အရပ်သား များသေဆုံးမှုသည် အလွန် လူပြောများသောကိစ္စဖြစ်ပြီး သမ္မတဟာမစ်ကာဇိုင်းနှင့် အမေရိကန်တို့ကြား ဆက်ဆံရေးအေးခဲလာစေသော အဓိကအကြောင်း အရင်းလည်းဖြစ်သည်။ ကာဇိုင်းက ၎င်း၏ ကာကွယ်ရေးဝန်ကြီး အဗ္ဗဒူရာဟင်ဝါဒက်ကိုညဘက် စစ်ဆင်ရေးများကို နေတိုးထံမှ လွှဲပြောင်း ရယူဆောင်ရွက်ရန် စနေနေ့က အမိန့်ပေးခဲ့သည်။

ညဘက်စီးနင်းတိုက်ခိုက်သောစစ်ဆင်ရေးများတွင် အရပ်သားအိမ်များကို ဝင်ရောက်စီးနင်းပြီး၊ အရပ်သားများသေဆုံးရခြင်း ကြောင့် စစ်ပန်းလျက်ရှိသော အာဖဂန်တွင် ယိုင်နဲ့နဲ့အစိုးရအုပ်ချုပ်ရေးကို ပိုမိုထိခိုက်စေကြောင်း ကာဇိုင်းအစိုးရကပြောသည်။
လောလောဆယ်အာဖဂန်တွင် တာလီဘန်သူပုန်များကို နှိမ်နင်းရန်အမေရိကန်အများဆုံး ပါဝင်သော နိုင်ငံစုံတပ်သား ၁၃၀,၀၀၀ ရှိသည်။

*နိုင်ငံတကာလုံခြုံရေးအထောက်အကူပြုတပ် (International Security Assistance Force - ISAF) ကို နေတိုးဦးဆောင်၍ ၂၀၀၁ ခုနှစ်က ဖွဲ့စည်းခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။