Monday, May 30, 2011

လစ်ဗျားတိုင်းရင်းသားခေါင်းဆောင်များ တူရကီတွင် စုဝေး

လစ်ဗျားတိုက်ပွဲမြင်ကွင်းတစ်ခု (ရိုက်တာ)

လစ်ဗျားမှ လူထုလူ့အဖွဲ့အစည်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၁၀၀ ကျော်နှင့် အတိုက်အခံ အမျိုးသားအသွင်ကူးပြောင်းရေး ကောင်စီ (The National Transitional Council – NTC)အဖွဲ့ဝင်များ တူရကီတွင်တွေ့ဆုံခဲ့ကြပြီး မွမ်မာကဒါဖီကိုဆန့်ကျင်သည့် ညီညွတ်သောတပ်ပေါင်းစုတစ်ရပ်အသွင် ပြသခဲ့ကြသည်။





စနေနှင့် တနင်္ဂနွေနေ့များက တူရကီနိုင်ငံ အစ္စတန်ဘူမြို့တွင် စုရုံးရောက်ရှိခဲ့ကြသော တိုင်းရင်းသားခေါင်းဆောင်အများစုမှာ အင်အားတောင့်တင်းသော လစ်ဗျားအနောက်ဘက်မြို့တော်ဘန်နီဝါလစ် အခြေစိုက် ဝါးဖယ်လာလူမျိုးစုမှဖြစ်သည်။ ကိုယ်စားလှယ်များက လစ်ဗျားရှိအကြမ်းဖက်မှုများကိုရပ်တန့်ပြီး ခေါင်းဆောင်ကဒါဖီနှင့် သားများ ထွက်ခွါသွားရန်တောင်းဆိုခဲ့
ကြသည်။ အဆိုပါညီလာခံဖြစ်မြောက်ရေးစည်းရုံးလှုပ်ရှားသူတစ်ဦးက ကဒါဖီနှင့် ၎င်း၏တပ်ဖွဲ့များက ယမန်နေ့ ညီလာခံကို သတိထားမိခဲ့ကြပြီး ဘန်နီဝါလစ်ကိုထိန်းချုပ်နိုင်ရန်ကြိုးပမ်းလာခဲ့ကြောင်းအယ်လ်ဂျာဇီယာသို့ပြောသည်။

“ကဒါဖီတပ်များနှင့် ဝါဖာလာအုပ်စုများကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၁ သေဆုံးကာ ထိုအထဲတွင် ညီလာခံရောက်ကိုယ်စားလှယ်တစ်ဦး၏ ညီတစ်ဦးပါဝင်ကြောင်း” ဆိုသည်။

ညီလာခံသို့တက်ရောက်လာသူကိုယ်စားလှယ်များမှာ လစ်ဗျားနိုင်ငံအတွင်းနှင့်လွန်ခဲ့သောနှစ်အနည်းငယ်က ပြည်နှင်ဒဏ်ပေး ခံထားရသော ပြည်ပမှ ကိုယ်စားလှယ်များပါဝင်ကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် အန္နီတာ မက်နော့ကသတင်းပေး ပို့ခဲ့သည်။
“သူတို့အားလုံးအတူတကွမတ်တတ်ရပ်လိုက်ကြပြီးတော့ သူတို့ရဲ့သဘောထားတွေကိုကြေငြာကြပါတယ်။ ပြီးတော့ အရင်နိုင်ငံတော်သီချင်းဟောင်းကို ဆိုကြပါတယ်။ ဆိုနေရင်းနဲ့ မျက်ရည်ဝဲတဲ့လူကြီးတွေ၊ မျက်ရည်ကျတဲ့လူကြီးကို တွေ့ရပါ တယ်။” ဟု အယ်လ်ဂျာဇီယာသတင်းထောက်က ပြောပြခဲ့သည်။

ဘန်နီဝါလစ်သည် မဟာဗျူဟာ အချက်အခြာကျသောနေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ကဒါဖီက သူ့တပ်များကို ထိုနယ်မြေ တွင် ဘီလူးသရဲစီးဖိနှိပ်ရန်ညွှန်ကြားထားသည်။

“ဝါးဖယ်လာက အကြီးဆုံးလူမျိုးစုကြီးပါ။ လူဦးရေပေါင်း တစ်သန်းကျော်ရှိပြီးတော့ လစ်ဗျားလူဦးရေရဲ့ ခြောက်ပုံတစ်ပုံ ရှိပါ တယ်။ ဝါဖယ်လာလူမျိုးတွေက သစ္စာအင်မတန်ရှိတဲ့လူမျိုးပါ။ ကြမ်းတမ်းရင်လည်းကြမ်းတမ်းပါလိမ့်မယ်။ ကဒါဖီနဲ့ သူ့ရဲ့ စစ်တပ်က သတိထားရပါတယ်။ ကဒါဖီက ခြိမ်းခြောက်၊ လာဘ်ပေး၊ ထောင်ချနည်းမျိုးစုံသုံးပြီးနှိပ်ကွပ်နေရာမှာ အခုတော့ တိုက်ခိုက်နေပါပြီ။”

ကဒါဖီနှင့်နောက်လိုက်များက လွတ်လပ်စွာပြောဆိုခွင့်ရှိသောတူရကီနိုင်ငံ၌ ကျင်းပသောယခုညီလာကို မဖြစ်မြောက်စေလို၍ တိုက်ခိုက်မှုများဖြစ်ပွားလာရကြောင်း ပြောပြသည်။

ညီလာခံနောက်ဆုံးကြေငြာချက်တွင် “ဇလက်တင်၊ တာဟူနာ၊ ခွမ်းစ်၊ မဆယ်လာတာနှင့် ဆာတီ ညီအစ်ကိုများပေါင်းစည်းပြီး တော်လှန်ရေးဆင်နွှဲရန်၊ အာဏာရှင်ကို အမြန်ဆုံးဖြုတ်ချရန်” ကြေငြာခဲ့သည်။
“နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေးအမျိုးမျိုးကိုချိုးဖေါက်နေတဲ့ ကဒါဖီအစိုးရကို တော်လှန်တိုက်ခိုက်နေသော အဖွဲ့အားလုံးကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ တော်လှန်ရေးတွင် လူတိုင်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပါဝင်ကြရန်တိုက်တွန်းနှိုးဆော်လိုက် ပါသည်။” ဟူ၍ကြေငြာချက်တွင် ဖေါ်ပြထားသည်။

ညီလာခံအဆုံးတွင် ကိုယ်စားလှယ်များက ကဒါဖီကို “လစ်ဗျားကနေမခွါပါနဲ့ဦး ။ ကျုပ်တို့ကို ၄၂ နှစ်တာလုံးလုံးကျွန်ပြုခဲ့တဲ့ အတွက် ခင်ဗျားကိုတရားဥပဒေရှေ့မှောက်ပို့ရဦးမယ်။” ဟု အမှာစကားပါးလိုက်ကြောင်း အယ်လ်ဂျာဇီယာသတင်းထောက်ထံမှ သိရသည်။

ညီလာခံအဖြေအရ အနောက်ဘက်မြို့ဖြစ်သော မစ္စူရာတာမြို့တစ်ဝိုက်တွင်ဒါဖီကို အကူအညီပေးနေသည်ဟုပြောဆိုနေ ကြသော ဝါးဖယ်လာလူမျိုးများဘက်ပြောင်းလိုက်သောကြောင့် အခြေအနေမှာပြောင်းလဲသွားဖွယ်ရှိနေသည်။
လစ်ဗျားတွင် ပဋိပက္ခများဖြစ်ပွားနေစဉ်တစ်လျှောက် ဝါးဖယ်လာတို့၏ အနေအထားမှာ အသေအချာပြော၍ မရရှိခဲ့ပြီး ယခု ညီလာခံမှတစ်ဆင့် ၎င်းတို့၏ရပ်တည်မှုကို အထင်အရှားတွေ့မြင်ရဖွယ်ရှိသည်။

ကြေငြာချက်တွင် ညီလာခံကိုယ်စားလှယ်များက “ချစ်စွာသော ကျွန်ုပ်တို့၏ဘန်နီဝါလစ်မှ မိသားစုများ” ဟု သုံးနှုံးခဲ့ကြပြီး “သင်တို့နှင့် သင်တို့၏တစ်မြေတည်းနေ အခြားလစ်ဗျားများအကြား ကွဲပြားခြင်းကိုမဖြစ်ပါစေနှင့်” ဟုတိုက်တွန်းထားသည်။

“အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (NTC) ဟာ ရက်စက်တဲ့ အာဏာရှင်အစိုးရမရှိတော့တဲ့နောက်ကျွန်ုပ်တို့ တိုင်းပြည်ကြီးရဲ့ အသွင်ကူးပြောင်းရေးကာလမှာ တည်ငြိမ်အောင်၊ လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးမယ့်အဖွဲ့ဖြစ်ပါတယ်။ ပြီးတော့ မြို့တော်ကြီးများမှာရှိတဲ့ အဖွဲ့ဝင်တွေကိုလည်း လမ်းပြဦးဆောင်မယ့် အဖွဲ့ဖြစ်ပါတယ်။” ဟု ကြေငြာချက်ကဖေါ်ပြသည်။

NTC ကို မက်စတာဖာအဗ္ဗဒူဂျာလီက ဦးဆောင်ပြီး တရားရေးဝန်ကြီးဖြစ်စဉ်အခါက ကဒါဖီအစိုးရကို ဝေဖန်ခဲ့သည့် သူ့ကို အတိုက်အခံများအားလုံးကလေးစားကြပြီး ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့ဦးဆောင်သည့် အနောက်နိုင်ငံများနှင့် စကားပြောဆိုနိုင်သည့် တစ်ခုတည်းသော အဖွဲ့ဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။