ဆန္ဒပြနေကြသော ဆားဘီးယားအမျိုးသားရေးအစွန်းရောက်ဝါဒီများ |
ဘော့စနီးယားစစ်ပွဲ ၁၆ နှစ် ကြာသောအချိန်တွင် ၁၉၉၂-၉၅ အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြင့် မလာဒစ်ကိုစွပ်စွဲထားပြီး တနင်္လာနေ့တွင် လွှဲပြောင်းပေးရန်အစိုးရက ပြင်ဆင်ထားမှုကို မလာဒစ်ရှေ့နေက အယူခံဝင်ရန်ကြိုးပမ်းလျက်ရှိသည်။
သူ့မိသားစုကလည်း လွတ်လပ်စွာကျန်းမာရေးစစ်ဆေး၊ ကုသခွင့်ပေးဖို့ တောင်းဆိုရန်ကြိုးပမ်းလျက်ရှိသည်။
မလာဒစ်ကို ဆားဘီးယားအကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး အယူခံကိုပယ်ချခံရပါက တနင်္လာနေ့ အစောပိုင်းတွင် စစ်ရာဇဝတ်ခုံရုံးသို့လွှဲပြောင်းခံရမည်ဖြစ်သည်။
သို့သော် ၎င်း၏ရှေ့နေဖြစ်သူက အယူခံလွှာကို ဘဲလ်ဂရိတ်မြို့စာတိုက်မှ ထည့်လိုက်သည်ဖြစ်ရာ စာရောက်သွားသည်အထိ တရားရုံးမှ ဖြေရှင်းပေးနိုင်ဦးမည်မဟုတ်ဟု ဆိုသည်။ ယင်းသို့အယူခံဝင်ရန်ဆောင်ရွက်မှုကို အချိန်ဆွဲခြင်းနည်းလမ်းသာဖြစ်ကြောင်း အာဏာပိုင်များက သုံးသပ်ကြသည်။
“ခဏတဖြုတ်တော့ သူ့ကျန်းမာရေးကိုသူ ဂရုစိုက်နိုင်ဦးမယ် မဟုတ်ပါဘူး။ ဒါပေမယ့် တရားခွင်မှာ မကြားနာနိုင်လောက် အောင်ဖြစ်နေတာလည်း မဟုတ်ပါဘူး။” ဟု စစ်ရာဇဝတ်မှုများဆိုင်ရာ ဆားဘီးယားလက်ထောက်အစိုးရရှေ့နေ ဘရူနိုဗက်ကာရစ် က အေပီသတင်းသို့ပြောသည်။
“ဆရာဝန်တွေပြောကြားချက်အရ သူ့ကို ဆေးရုံတင်ရမယ့် အခြေအနေမဟုတ်ပါဘူး။”
၂၀၀၈ ခုနှစ်အတွင်းက မလာဒစ် နှစ်ကြိမ်၊ သုံးကြိမ်ခန့်လေဖြတ်ဖူးကြောင်း ၎င်း၏သားကပြောသည်။ မလာဒစ်၏ ညာဘက်လက် မှာ အလုပ်ကောင်းစွာမလုပ်ကြောင်းနှင့် စိတ်လည်းမမှန်တော့ကြောင်း မိသားစုကပြောသည်။ သို့သော်ဗက်ကရစ်က ယင်းပြော ဆိုမှုများမှာ မမှန်ကန်ကြောင်းဆိုသည်။
မလာဒစ်ရှေ့နေ မီလို့စ်ဆယ်လ်ဂျစ်က မလာဒစ်သည် ၁၉၉၄ ခုနှစ်က သူ့ကိုယ်သူသတ်သေသွားသော သမီးအုတ်ဂူသို့သွားလိုသည်ဟု တောင်းဆိုနေကြောင်းပြောသည်။
“သူသွားလို့မရရင် သူ့သမီးအခေါင်းကို ဒီကိုယူလာပေးရမယ်လို့သူကပြောပါတယ်။ အခြေအနေကတော့ စိုးရိမ်စရာပါပဲ။”
မလာဒစ်မိသားစုကလည်း ဟေ့ဂ်တွင်ကျန်းမာရေးစောင့်ရှောက်မှုကောင်းစွာရရှိလိမ့်မည်မဟုတ်ဟု ထင်နေကြောင်း ရှေ့နေကပြောသည်။ ဆာ့ဘ်အထင်ကရ ရာဇဝတ်သားများ ဟေ့ဂ်တွင်သေကြကြောင်း၊ ယခင်သမ္မတဟောင်း ဆလိုဗိုဒန်မီလိုဆိုဗစ်လည်းနှလုံးရောဂါဖြင့်ဟေ့ဂ်တွင်သေဆုံးခဲ့ကြောင်းထောက်ပြပြော ဆိုကြသည်။
၁၉၉၅ ခုနှစ်၊ဂျူလိုင်လအတွင်းက ဘော့စနီးယားအရှေ့ဘက်ဆရီဘရီနီကာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အတွက်သူ့ဖခင်တွင်တာဝန်မရှိကြောင်းသားဖြစ်သူဒါကို မလာဒစ်က ပြောသည်။
“သူ့နောက်ကွယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မှန်သမျှ သူနဲ့ဘာမှပတ်သက်မှုမရှိပါဘူး။” ဒါကိုကပြောသည်။
ဆရီဘရီနီကာသတ်ဖြတ်မှုတွင် မွတ်စလင်ယောင်္ကျားများနှင့် ယောင်္ကျားလေးငယ်များ ၈,၀၀၀ ကျော်သတ်ဖြတ်ခံခဲ့ရသည်။ ဥရောပတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ရက်စက်မှုဖြစ်သည်။
တနင်္ဂနွေနေ့က မလာဒစ်ကို ဖမ်းဆီးမှုကို မကျေနပ်သဖြင့် ဆားဘီးယားအမျိုးသားရေးဝါဒီ ၁၀,၀၀၀ ခန့် ဘဲလ်ဂရိတ်မြို့လယ်တွင် စုရုံးဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများနှင် ရဲများရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူများက အဓိကရုဏ်းနှိမ်နင်းရေးရဲများကို ခဲများဖြင့်ပစ်ခတ်ခဲ့ကြသည်။ အစွန်းရောက်အမျိုးသားရေးဝါဒဆားဘီးယားလူမျိုးရေးပါတီနှင့်အခြားအလားတူအဖွဲ့အစည်းများမှ ထောက်ခံသူများ ဆားဘီးယားမြို့တော်သို့ ဘတ်စ်ကားဖြင့် ရောက်ရှိစုရုံးခဲ့ကြသည်။
ဆန္ဒပြသူများက လက်ယာစွန်းဆားဘီးယားလူမျိုးရေးပါတီ (SRS) အလံများကိုကိုင်ဆောင်ကာ၊ ပိုစတာများ၊ ဆိုင်းဘုတ်များနှင့် တီရှပ်များတွင် “မလာဒစ်သည် ငါတို့သူရဲကောင်း” ဟုရေးသားထားကြသည်။ အယ်လ်ဂျာဇီယာသတင်းထောက် ယောနဟောလ် ကဆန္ဒပြရာနေရာမှ သတင်းပေးပို့ရာတွင် “အမျိုးသားရေးအစွန်းရောက်ဝါဒီများကမလာဒစ်ကိုအမျိုးသားသူရဲကောင်းအဖြစ် ထောက်ခံအားပေးနေကြပါတယ်။”
သို့သော် လာရောက်ဆန္ဒပြသူနည်းနေသေးသဖြင့် အချို့က စိတ်ပျက်လက်ပျက်ဖြစ်လျက်ရှိသည်။
“လူတွေနည်းတဲ့အတွက်ကျွန်တော်တကယ်စိတ်မကောင်းဘူး။ခရိုအေးရှားခေါင်းဆောင်ကို ဟေ့ဂ်မှာတရားစီရင်တုန်း က ခရိုအေးရှားတွေ အကုန်ထွက်ကြတယ်။”လွန်ခဲ့သောလကခရိုအေးရှားစစ်ဗိုလ်ဟောင်းနှစ်ဦးကို ဟေ့ဂ်တွင် စစ်ရာဇဝတ်မှု များဖြင့် စီရင်ချက်ချစဉ်က ခရိုအေးရှား ၃၀,၀၀၀ ခန့်ဇက်ဂရက်မြို့တွင် စုရုံှးဆန္ဒပြခဲ့ခြင်းကို ရည်ညွှန်းကာ ဆန္ဒပြသူတစ်ဦးဖြစ်သူ ဇစ်ဗိုရက်ရာဒိုဗန်နိုဗစ်က ပြောသည်။
၂၀၀၈ ဂျူလိုင်လတွင် စစ်တွင်းနိုင်ငံရေးခေါင်းဆောင် ရာဒိုဗန်ကာရာဒစ်ကို ဖမ်းဆီးစဉ်က ဘဲလ်ဂရိတ်တွင် အစွန်းရောက်အမျိုး သားရေးဝါဒီများ ဆန္ဒပြကြရာ တစ်ဦးသေဆုံးခဲ့သည်။
“လွန်ခဲ့တဲ့သုံးနှစ်ကအစွန်းရောက်ဝါဒီတွေလမ်းမပေါ်မှာဆန္ဒပြခဲ့ကြတဲ့ပုံစံမျိုးထပ်ဖြစ်မှာစိုးလို့ပူပန်နေကြတာပါ။”
ဟု သတင်းထောက်ကပြောသည်။
“ဒါပေမယ့် အခု မလာဒစ်ကိစ္စမှာတော့ သိပ်ပြီးဆူညံပွက်လောရိုက်မှုမရှိပါဘူး။ ကာရာဒစ်ကိုဖမ်းဆီးရမိပြီး တဲ့နောက်ပိုင်း ဆာ့ဘ်လူ့အဖွဲ့အစည်းမှာ အတော်ပြောင်းလဲသွားပါပြီ။ ”
“အရင်ကကျင့်သုံးခဲ့တဲ့ နည်းဟောင်းတွေကိုစွန့်ပြီးဥရောပပုံစံပြောင်းလဲနေတာကိုလူတွေကတဖြည်းဖြည်းမြင် တတ်လာ ကြပါပြီ။” ဟောလ်က သတင်းပေးပို့ရာတွင်ပြောကြားခဲ့ခြင်းများဖြစ်သည်။
Source: Al Jazeera
0 comments:
Post a Comment