Sunday, May 29, 2011

ယီမင်အရေး စိတ်မအေးရသေး

အယ်လ်ကေဒါများဟုယူဆရသူ လက်နက်ကိုင်များက တောင်ဘက်အာဗျန်းပြည်နယ်၏ မြို့တော်အားထိန်းချုပ်လိုက်ကြောင်း သတင်းရရှိသည်။
လက်နက်ကိုင် ၃၀၀ ခန့်သောကြာနေ့က ကမ်းရိုးတန်းမြို့ဖြစ်သော ဇင်ဂျီဘာမြို့အတွင်းဝင်ရောက်လာခဲ့ပြီး အားလုံးကို ထိန်းချုပ်လိုက်ကြောင်း မြို့နေတစ်ဦးက အယ်လ်ဂျာဇီယာကိုပြောပြခဲ့သည်။
ယီမင်သမ္မတ အလီအဗ္ဗဒူ ဆာလဲကိုထောက်ခံသောတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား တရားဝင်အသိ အမှတ်မပြုရသေးသောအပစ်အခတ်ရပ်စဲရေး တစ်ခုထားရှိစဉ် အထက်ပါအဖြစ်အပျက်ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

အာဏာသက်တမ်း ၃၃ နှစ်ကြာမြင့်ပြီဖြစ်သောဆာလဲကို ရာထူးမှထွက်ပေးရန်တောင်းဆိုဆန္ဒပြမှုများကို ထောက်ခံသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆာလဲကိုထောက်ခံသောလက်နက်ကိုင်တပ်များပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။
အပစ်အခတ်ရပ်စဲရေးလုပ်ထားသော်လည်း စနေနေ့က ယီမင်မြို့တော်ဆာနားတွင် ပစ်ခတ်သံများကြားနေရသေးကြောင်း အယ်လ်ဂျာဇီယာ သတင်းထောက် ကသတင်းပေးပို့ထားသည်။
ယခုအပတ်အတွင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀ ခန့်သေဆုံးခဲ့ပြီး ဆာနားနေလူထောင်ပေါင်းများစွာထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ အစိုးရတပ်များ ထွက်ခွာသွားသည်နှင့် အတိုက်အခံလက်နက်ကိုင်တပ်များက ဝင်ရောက်လာခဲ့ကြကြောင်း ယီမင်ပို့စ် သတင်းစာ အယ်ဒီတာ ဟာခင်မ် အယ်မက်စ်မာရီက အယ်လ်ဂျာဇီယာကိုပြောပြသည်။ အစိုးရတပ်များအဘယ်ကြောင့် ထွက်ခွါသွားကြောင်းကိုမူ ၎င်းကမပြောပေ။
ယီမင်နိုင်ငံရေးအကဲခတ် အေမင်အယ်လ်ဟင်ယာယီက ဇန်ဂျီဘာကိုအယ်လ်ကေဒါတို့သိမ်းပိုက်လိုက်ပြီဆိုသောသတင်းမှာ မမှန် ကန်ကြောင်းဆိုသည်။
“အယ်လ်ကေဒါတွေ ယီမင်နေရာအနှံ့မှာရှိနေတယ်လို့ အနောက်နိုင်ငံတွေက ထင်သွားအောင် သမ္မတကသက်သက် လှည့်ကွက်လုပ်တာပါ။” ဟူ၍ အယ်လ်ဂျာဇီယာသို့ပြောသည်။
“အယ်လ်ကေဒါတွေက ပြည်နယ်သုံးခုကို သိမ်းပိုက်တော့မယ်လို့ သူက ကြေငြာခဲ့ပါတယ်။ ယီမင်အများစုကတော့ အယ်လ်ကေဒါတွေမရှိဘူးလို့ ယုံကြည်ထားကြပါတယ်။ သမ္မတက လိုသလိုကြိုးဆွဲနေတဲ့ စစ်သားတွေနဲ့၊ လက်နက်ကိုင်တွေပဲရှိ ပါတယ်။”

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီက ဆာလဲကို ငြိမ်းချမ်းစွာရာထူးမှ ဆင်းပေးရန်တိုက်တွန်းမှုကို ပယ်ချခဲ့ပြီး ၎င်းကို ရာထူးမှ အတင်းအကြပ်ဖယ်ရှားပါက အာရပ်ကျွန်းဆွယ်တွင် အယ်လ်ကေဒါတို့ကြီးစိုးသွားမည်ဟုသတိပေးပြောကြားခဲ့သည်။
လူဦးရေ ၂၃ သန်းရှိပြီး ၄၀ ရာခိုင်နှုန်းမှာ တစ်နေ့နှစ်ဒေါ်လာအောက်သာဝင်ငွေရှိပြီး ဆင်းရဲနေသောကြောင့် အယ်လ်ကေဒါတို့ အတွက် အခြေစိုက်ဒေသတစ်ခုဖြစ်သွားမည်ကို စိုးရိမ်ပူပန်နေမှုများလည်းရှိသည်။

ယီမင်အခြေစိုက်အယ်လ်ကေဒါတို့က မေရိကန်နှင့် ဆော်ဒီတို့ကိုပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပြီး မင်းမဲ့ဝါဒပျံ့နှံ့သွားလျှင်သူပုန် အုပ်စုများအင်အားပိုတောင့်သွားမည်ကို စိုးရိမ်နေကြသည်။ နိုင်ငံရေးတင်းမာမှုများကြောင့် အာရပ်ကျွန်းဆွယ်ယီမင်အခြေစိုက် အယ်လ်ကေဒါများအဖို့ ဗုံးခွဲဖျက်ဆီးမှုများပိုမိုလုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေးအကဲဖြတ်များက သုံးသပ်ထားကြသည်။
“ဆာလဲအစိုးရက အာဏာကိုဖက်တွယ်ထားတာနဲ့အမျှ အယ်လ်ကေဒါတွေအဖို့ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ ပိုပြီးနေရာ ကျယ်လာတာပါပဲ။” ယီမင်ပညာရှင်တစ်ဦးဖြစ်သူ ဂရီဂိုရီ ဂျွန်ဆင်က ပြောကြားခဲ့သည်။
အခြားဖြစ်ရပ်တစ်ခုမှာ ပြင်သစ်အကူအညီပေးရေးလုပ်သား သုံးဦး ယီမင်တောင်ပိုင်း ဟက်ဒရာမောက်ပြည်နယ်တွင်ပျောက်ဆုံး လျက်ရှိပြီး ဖမ်းဆီးခံထားရခြင်းဟုတ်သည်၊ မဟုတ်သည် မသိရသေးပေ။
နိုင်ငံတကာ အကျပ်အတည်း အကြံပေးအုပ်စုက ကာလရှည်အစစ်အမှန်အပစ်အခတ်ရပ်စဲရေး ချက်ခြင်းလိုအပ်နေကြောင်း၊ အာဏာလွှဲပြောင်းပေးမည့် အစီအစဉ်တစ်ရပ်လည်းရှိသင့်ကြောင်း ပြောဆိုခဲ့ကြသည်။
“နောက်ထပ်သေဆုံးမှုတွေမဖြစ်ဖို့အတွက် ယီမင်အကြီးအကဲတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေညှိနှိုင်းဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးချက်ခြင်းလုပ်ဖို့ပါပဲ။” ဟူ၍ အကြံပေးအုပ်စုက သောကြာနေ့က “ပဋိက္ခအန္တရာယ်” ကြေငြာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံခြားတိုင်းပြည်များလည်း ဝင်ရောက်စေ့စပ်ပေးသင့်ကြောင်း၎င်းတို့က ပြောသည်။ သို့သော်
“ဆာလဲနဲ့ အယ်လ်-အမာတို့ကြား ပုဂ္ဂိုလ်ရေးနာကျည်းမုန်းတီးမှုတွေ၊ အငြှိးတွေကြောင့် နိုင်ငံတကာကြားဝင်စေ့စပ်မှုတစ် ခုတည်းနဲ့လည်း မလုံလောက်သေးပါဘူး။” ဟုဆိုသည်။

ယီမင်တွင်တိုင်းရင်းသားအုပ်စုများမှာ အင်အားကြီးမားပြီး သက်ဦးဆံပိုင်စံနစ်ပုံစံကိုပိုမိုတွေ့မြင်ရကာတိုက်ခိုက်မှုများ လည်း၎င်းတို့ကပင်စတင်ခဲ့သဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများမှာ ယီမင်သို့ အာရုံသိပ်မကျပေ။
နိုင်ငံရေးအကြပ်အတည်းကြောင့်စီးပွားရေးလည်းထိခိုက်ခဲ့ပြီး ဒေါ်လာ ၅ ဘီလီယံခန့်နစ်နာခဲ့ရကြောင်း၊ မည်ကာမတ္တဂျီဒီပီ ၃၁ ဘီလီယံဒေါ်လာမျှကိုဆက်လက်ကျဆင်းမသွားစေရန် အမြန်အကူအညီပေးရန်လိုကြောင်း ကုန်သွယ်ရေးဝန်ကြီးက ရိုက်တာ သတင်းသို့ပြောကြားခဲ့သည်။
“နိုင်ငံရေး အကြပ်အတည်းမှာ စီးပွားရေးကို ဓါးစာခံလုပ်မထားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြေအနေတွေက စိုးရိမ်စရာဖြစ်နေပါတယ်။” ဟစ္စမန်ရှာရက်အဗ္ဗဒယ်လာက ပြောသည်။
ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီက ကမ်းလှမ်းသော အာဏာလွှဲပြောင်းရေးအစီအစဉ်ကို ဆာလဲက အကြိမ်ကြိမ်ပယ်ချခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။