ဆာနားတွင် ဆာလဲ ထွက်သွား အော်ဟစ်တောင်းဆိုနေသူများ(ရိုက်တာ) |
ယီမင်နိုင်ငံတွင်းဖြစ်ပွားနေသော သမ္မတ အလီအဗ္ဗဒူလာ ဆာလဲ ထွက်ပေးရန်တောင်းဆိုဆန္ဒပြမှုများနှင့် နိုင်ငံရေးမငြိမ်သက် မှုများကိုဖြေရှင်းနိုင်ရန် ဘဘောတူညီချက်တစ်ရပ်ကို အတိုက်အခံများမှလက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
အဆိုပါသဘောတူညီချက်တွင် သမ္မတဆာလဲ ရက်သုံးဆယ်အတွင် ရာထူးမှနှုတ်ထွက်ပေးလျှင် အပြန်အလှန်အားဖြင့် မည်သည့် တရားစွဲဆိုမှုမျှမပြုလုပ်ရန် အတိုက်အခံမှ သဘောတူညီရသည်။ စနေနေ့က မြို့တော် ဆာနားတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂမှ သံတမန်များရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသော နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးမှပြောကြားခဲ့သည်။
အဆိုပါညှိနှိုင်းချက်ကို သဘောတူလက်ခံရန် သမ္မတဆာလဲက နှစ်ကြိမ်ငြင်းဆိုခဲ့ပြီးဖြစ်၍ ယခုအကြိမ်တွင် တနင်္ဂနွေနေ့၌ သမ္မတ ဘက်မှလက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရသည်။ ရွေးကောက်ပွဲစောစီးစွာကျင်းပပေးရေးကိုမူ ဆာလဲက ကြေငြာပြီးဖြစ်သည်။
GCC တွင် ဘာရိန်း၊ ကူဝိတ်၊ အိုမင်၊ ကာတာ၊ ဆော်ဒီအာရေးဗျ နှင့် ယူအေအီး နိုင်ငံစသည့်ခြောက်နိုင်ငံပါဝင်သည်။
ယီမင်နိုင်ငံခြားရေးဝန်ကြီးအကြံပေးဟောင်း ဂျမီလာအလီရာဂျားက သူမအနေဖြင့် သမ္မတဆာလဲလက်မှတ်ရေးထိုးလိမ့်မည်ဟု အကောင်းမြင်ယူဆပါကြောင်း အယ်လ်ဂျာဇီယာသို့အောက်ပါအတိုင်းပြောသည်။
“ဒီတစ်ခါတော့ သူတကယ်ကို လက်မှတ်ထိုးသဘောတူလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ GCC က သူ့ကို အတော်ဖိအား ပေးနေပါပြီ။ အထူးသဖြင့် ဆော်ဒီနဲ့ အမေရိကန်၊ ဥရောပသမဂ္ဂတို့ကရောပေါ့။”
သို့သော် ဆန္ဒပြသူများက အတိုက်အခံများမှာယင်းတို့ကိုကိုယ်စားမပြုကြောင်းပြောဆိုနေပြီး သမ္မတလက်မှတ်ထိုးသည့်တိုင် သူတို့သိမ်းပိုက်ဆန္ဒပြနေသောနေရာများမှ ထွက်ခွာရန်ငြင်းဆိုနေသောကြောင့် ဆန္ဒပြမှုများအဆုံးသတ်သွားလိမ့်မည် မထင် ကြောင်းသူမက ပြောသည်။
ဆာလဲ၏ အာဏာရပါတီ အထွေထွေလူထုအစည်းအရုံး - General People’s Congress (GPC) - ပါတီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သမ္မတဆာလဲ တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
“လက်မှတ်ရေးထိုးဖို့ အစီအစဉ် ဆာနားမှာပဲ တနင်္ဂနွေမှာဖြစ်ပါလိမ့်မယ်။ နိုင်ငံတော်သမ္မတနဲ့ GPC ရဲ့ခေါင်းဆောင် အဖြစ် သူ့အတွက်လှပ်ထားတဲ့နေရာမှာ သူလက်မှတ်ထိုးပါလိမ့်မယ်။” ဟူ၍ အကြံပေး တာရက် အယ်လ်ရှာမီကပြောသည်။
သို့သော် သူ့ကိုဖိအားပေးနှုတ်ထွက်ခိုင်းလျှင် အာရပ်ကျွန်းဆွယ်အနှံ့အပြား အယလ်ကေဒါအကြမ်းဖက်များအတွက်နေရာ အတော်များများကိုရရှိသွားမည်ဖြစ်ကြောင်း ဆာလဲကပြောသည်။
“မအောင်မြင်ခဲ့ဘူးဆိုရင်တော့ … မားရစ်၊ ဟက်ဒရာမောက်၊ ရှာဘွား၊ အာဗျန်းနဲ့ အယ်လ်ဂျောက်ဖ်တို့ကို အယ်ကေဒါ တွေထိန်းသိမ်းသွားပါလိမ့်မယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂမှာရှိတဲ့ ရောင်းရင်းညီအစ်ကိုများအတွက် ဒီအကြောင်းကို အသိပေး ပြောကြားလိုပါတယ်။ နောက်ဆက်ခံတဲ့ လူဟာ အခုထက်ပိုဆိုးပါလိမ့်မယ်။ ပင်လယ်ကွေ့အဖွဲ့ရဲ့ရှေ့ပြေးလုပ်ဆောင်ချက်တွေ ကိုကျုပ်တို့အနေနဲ့ကြိုဆိုပါတယ်။ ကျုပ်တို့ အမိမြေအတွက် အပြုသဘောဆောင်ပြီး အတူတူလက်တွဲဆောင်ရွက်ပါမယ်။ ဒါပေမယ့် ဒါဟာ နိုင်ငံရပ်ခြားဖိအားတွေ၊ အစီအစဉ်တွေ တစ်စိတ်တစ်ပိုင်းပါဝင်တဲ့ အာဏာသိမ်းမှုတစ်ခုပါပဲ။”
သမ္မတဆာလဲသည် အတိုက်အခံများပေးမည့်အန္တရာယ်မှ လွတ်အောင်ရုန်းထွက်နိုင်ခဲ့ပြီး အကာအကွယ်ပေးရေးဥပဒေကို ကောင်းစွာအသုံးချနိုင်ခဲ့ကာ တိုင်းရင်းသားလူမျိုးစုများနှင့် နိုင်ငံရေးအရသစ္စာခံများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့သော် အချို့သောလူယုံများမှာ ဘက်ပြောင်းသွားခဲ့ကြသည်။ ၃၂ နှစ်တာအုပ်ချုပ်လာသော ဆာလဲ၏အချိန်နေဝင်ပြီကိုရိပ်မိ နားလည်ကြသော အကြီးတန်းစစ်ဘက်အရာရှိကြီးများ အတိုက်အခံများနှင့်သွားရောက်ပူးပေါင်းခဲ့ကြသည်။
ယီမင်၌ လူပေါင်းထောင်သောင်းချီ၍ မြို့တော်ဆာနားတွင်ဆန္ဒပြမှုများဖြင့်ရှုပ်ထွေးနေခဲ့သည်မှာ လနှင့်ချီ၍ရှိခဲ့ပြီဖြစ်သည်။ တာအစ်မြို့နှင့် ဆိပ်ကမ်းမြို့တော် အာဒန်တွင်လည်း အလားတူပင် ဖြစ်ခဲ့သည်။
ယီမင်ဗဟိုအစိုးရသည် ဆန္ဒပြမှုများနှင့်မတွေ့ကြုံရမီကပင် ပြည်နယ်ဒေသများတွင် အယ်လ်ကေဒါတို့နှင့် အပေးအယူလုပ်ကာ အုပ်ချုပ်ရေးပိုင်းတွင် အားနည်းချိနဲ့နေခဲ့သည်။ ထို့ပြင် မြောက်ဘက်တွင်သူပုန်ထနေပြီး၊ တောင်ဘက်တွင် ခွဲထွက်ရေးလှုပ်ရှားမှု များရှိနေသည်။
အာရပ်ကျွန်းဆွယ်ဒေသတွင် အယ်လ်ကေဒါများကို တိုက်ခိုက်ရန် အမေရိကန်ပြည်ထောင်စုကဆာလဲ အစိုးရကို ငွေကြေး ထောက်ပံ့ပေးကမ်းလာနေလျှက်ရှိသည်။ ၁၉၇၈ ခုနှစ်ကတည်းက အာဏာဆုပ်ကိုင်လာသော ဆာလဲကို ရာထူးမှစွန့်ရန် အမေရိကန်သမ္မတ အိုဘားမားက တောင်းဆိုခဲ့ပြီးလည်းဖြစ်သည်။
ယီမင်အခြေစိုက် အယ်လ်ကေဒါတို့က ဝါရှင်တန်နှင့် ဆော်ဒီကို ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် ယီမင်နိုင်ငံတွင် ယခုလိုနိုင်ငံရေးပြဿနာများရှည်ကြာနေပါက အယ်လ်ကေဒါတို့အတွက်အခွင့်အရေးပိုမိုရရှိလာမည်ကိုစိုးရိမ်နေကြခြင်းဖြစ် သည်။ ပင်လယ်နီဆိပ်ကမ်းမြို့တော် ဟူဒိုင်ဒါရှိ တက္ကသိုလ်တွင် စနေနေ့ကဆန္ဒပြပွဲဖြစ်ပွားရာ ရဲကဖြိုခွင်းသဖြင့် ၃၅ ဦးဒဏ်ရာရ ရှိခဲ့သည်။ ဒါဇင်ပေါင်းများစွာ မျက်ရည်ယိုဗုံးဒဏ်ကို ခံစားခဲ့ရသည်။ ဆန္ဒပြပွဲများကို အစိုးရကနှိမ်နင်းရာတွင် လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့သည်။
Source: Al Jazeera
0 comments:
Post a Comment