တရုတ်နိုင်ငံသားတစ်ဦးငွေရေးကြေးရေးအခက်အခဲကြောင့် ကိုယ်အင်္ဂါထုတ်ရောင်းရန်ကြော်ငြာနေပုံ |
“လူတစ်ယောက်ကို ကုလားထိုင်မှာကြိုးနဲ့တုပ်ထားပြီး သူ့မျက်စေ့ရှေ့မှာပဲ သူ့ခန္ဓာကိုယ်ထဲက အစိတ် အပိုင်းတွေကိုအရှင်လတ်လတ် ဖြတ်တောက်ဆွဲထုတ်ယူနေပုံရပါတယ် ။ အရက်စက်ဆုံးနှိပ်စက် ညှဉ်းပန်းမှုပါပဲ။
ကြားရတာတွေကတော့ ကြက်သီးထစရာ၊ မယုံနိုင်စရာပဲ။ တရားမဝင်ဆေးကုခန်းတွေ၊ အကျင့်ပျက်ဆရာဝန်တွေနဲ့ ကမ္ဘာတဝှမ်း လူ့အသွေးအသားရောင်းဝယ်ရေးလုပ်ငန်းတွေ။
နိုင်ငံတကာ လူ့အင်္ဂါအစိတ်အပိုင်းတရားမဝင်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကြီးက အကြီးအကျယ်ပါပဲ။ လူ့အင်္ဂါ အစိတ်အပိုင်းအစားထိုးမှုဆိုင်ရာ စိတ်ပိုင်းဆိုင်ရာခံယူချက်များနှင့် ကျင့်ဝတ်ပိုင်းတရားဝင်မှု ဥရောပအခြေခံအဖွဲ့မှ မိုက်ကယ်ဘော့ ကပြောပြပါတယ်။ ၂၀၀၈ ခုနှစ်ကဆို စုစုပေါင်းတန်ဖိုး ဒေါ်လာသန်း ၅၀ ဖိုးတောင်ရှိပါတယ်။
၂၀၀၇ ခုနှစ်က ကမ္ဘာတစ်ဝှမ်းနှစ်စဉ်ကျောက်ကပ်အစားထိုးမှု ငါးရာခိုင်နှုန်းကနေ ဆယ်ရာခိုင်နှုန်းအထိရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ကတွက်ချက်ထားပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိတဲ့ မက္ကဆီကိုကနေ အမေရိကန်ကို တရားမဝင်ရွှေ့ပြောင်းဝင်ရောက်ခဲ့တဲ့ အန်တိုနီယိုမက်ဒီနာက ကိုယ်အင်္ဂါအစိတ်အပိုင်းရောင်းဝယ်မှုကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတဲ့ ခရီးသွားတစ်ဦးနဲ့ သိခဲ့တဲ့ အကြောင်းပြောပြပါတယ်။
“သူက သူ့မိန်းမနဲ့ အတူခရီးသွားနေတာပါ။ သူတို့နှစ်ယောက်ကို လူဆိုးတွေကဖမ်းသွားပါတယ်။ လူဆိုးတွေက သူတို့ လင်မယားနှစ်ယောက်ကို တစ်ခန်းစီခွဲထားတယ်။ သူ့မိန်းမ အော်ဟစ်သံကို သူကြားနေရတယ်။ သူအခန်းထဲဝင်သွားပြီး ကြည့်လိုက်တဲ့ အခါမှာတော့ သူ့မိန်းမရဲ့ ရင်အုံကပွင့်နေပြီး နှလုံး၊ ဒါမှမဟုတ် ကျောက်ကပ်က မရှိတော့ပါဘူး။”
မက္ကဆီကိုကအင်တာဗျူးတစ်ခုမှာ အယ်လ်ဂျာဇီယာကိုပြောပြတာပါ။
မက်ဒီနာရဲ့သူငယ်ချင်းတစ်ယောက်ကတော့ သူဟာ မက္ကဆီကိုစစ်သားတွေပြုလုပ်ထားတဲ့ လူနေအိမ်ကိုဆေးခန်းလုပ်ထားတဲ့ ကြောက်မက်ဖွယ် နေရာတစ်ခုကနေလွတ်မြောက်လာခဲ့တဲ့ အကြောင်းပြောပါတယ်။ ဒီလိုကိစ္စတွေကတော့ အခြားကိုယ်အင်္ဂါ ရောင်းဝယ်ရေး လုပ်ငန်းတွေလိုပဲ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုနိုင်မှုနဲ့ အတည်ပြုနိုင်ခြင်းတွေမရှိပါဘူး။
ကိုယ်အင်္ဂါကူးသန်းရောင်းဝယ်ရေးကို စုံစမ်းနေတဲ့ ဆန်ဒီယေဂိုတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခနဲ့ နယ်စည်းမခြားအဖွဲ့က ဒါရိုက်တာ ဒေးဗစ်ရှာ့က “အကျင့်ပျက်ဆရာဝန်တွေရှိတဲ့ ဆေးရုံတွေမှာ ဒီလိုရောင်းဝယ်မှုတွေ အများဆုံးဖြစ်နေတာပါ။” လို့ ပြောပါတယ်။
“လူတစ်ယောက်ကို ကုလားထိုင်မှာကြိုးနဲ့တုပ်ထားပြီး သူ့မျက်စေ့ရှေ့မှာပဲ သူ့ခန္ဓာကိုယ်ထဲက အစိတ် အပိုင်းတွေကိုအရှင်လတ်လတ် ဖြတ်တောက်ဆွဲထုတ်ယူနေပုံရပါတယ် ။ အရက်စက်ဆုံးနှိပ်စက် ညှဉ်းပန်းမှုပါပဲ။ ဒါပေမယ့် အလောင်းတွေကိုတော့ အစားထိုးခွဲစိတ်တဲ့ နေရာမှာ သုံးသလား၊ မသုံးလား မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်မယ်ဆိုရင် အင်မတန်သန့်ရှင်း နေဖို့လိုအပ်ပြီးတော့ အသုံးပြုမယ့် လူနဲ့လည်း ကိုက်ညီရပါမယ်။” အယ်လ်ဂျာဇီယာကိုပြောပြပါတယ်။
ခန္ဓကိုယ်အစိတ်အပိုင်းရောင်းဝယ်မှုဟာ အမျိုးသား ဆေးဘက်ဆိုင်ရာဌာနတွေရဲ့ ပြင်ပမှာ စီးပွားဖြစ် လုပ်ဆောင်နေခြင်းဖြစ်တယ် လို့ WHO ကပြောပါတယ်။ မက်ဒီနာပြောပြတဲ့ ပုံစံမျိုးနဲ့ လုပ်တာကတော့ ကမ္ဘာတစ်ဝှမ်းမှာ အနည်းဆုံးဖြစ်ရပ်မျိုးပဲဖြစ်ပါတယ်။
“ရာဇဝတ်မှုမြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ပေးတဲ့ တရားမဝင်အဖွဲ့အစည်းတွေရှိပါတယ်။ ဆင်းရဲတဲ့လူတွေဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် ကျောက်ကပ်ထုတ်ရောင်းစားလေ့ရှိကြပါတယ်။ ကြားပွဲစားသူခိုးနဲ့ ကိုယ့်ခန္ဓာအစိတ်အပိုင်း ကိုရောင်းချလိုက်သူက အကျိုးအမြတ်ကို ခွဲဝေခံစားရပါတယ်။” WHO ရဲ့ မရှိမဖြစ်ကျန်းမာရေးနည်းပညာ ကဏ္ဍမှာပါဝင် ဆောင်ရွက်နေတဲ့ လပ်ခ်နိုးလ်က အယ်လ်ဂျာဇီယာ ကိုပြောပြပါတယ်။
ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းကိုထုတ်ရောင်းလိုက်သူက အထူးသဖြင့်ကျောက်ကပ်ဆိုရင် ဒေါ်လာ ၃,၀၀၀ ကနေ ဒေါ်လာ ၁၅,၀၀၀ အထိရပါတယ်။ ဒါကိုဝယ်သွားသူက လိုအပ်တဲ့ လူချမ်းသာဆီကိုပြန်ရောင်းတဲ့ အခါကျတော့ ဒေါ်လာ၂၀၀,၀၀၀ လောက်ရတယ်။
၂၀၀၉ ခုနှစ်အတွက် ဥရောပကောင်စီနဲ့ ကုလသမဂ္ဂတို့က ရေးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းရောင်းဝယ်မှု အစီရင်ခံစာမှာ မပေါက်ကြားတဲ့ ရောင်းဝယ်မှုပေါင်း များစွာရှိတယ် လို့ကောက်ချက်ချထားတယ်။ ဒါကြောင့် အကျိုးအမြတ်များများနဲ့ အန္တရာယ် ကင်းတဲ့ ရာဇဝတ်မှုတစ်ခုဖြစ်နေတယ်။
ဒီရောင်းဝယ်ဖေါက်ကားမှုတွေဟာမက္ကဆီကိုမှာအများဆုံးပဲလို့တော့ ပြောလို့မရပါဘူး။ ကြောက်စရာကောင်းအောင်ဖြစ်နေတဲ့
နေရာတွေက အစ္စရေး၊ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ တူရကီ၊ ဘရာဇီး၊ ဖိလစ်ပိုင်ကျွန်းများ၊ ကိုဆိုဗိုနဲ့ အရင်က ဆိုဗီယက် ပြည်ထောင်စုဝင်ဖြစ်ခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ ဖြစ်နေတာပါ။
“ကိုယ်အင်္ဂါအစားထိုးကုသခြင်း ခရီးသွားလုပ်ငန်းဟာလည်း အကျင့်ပျက်အာဏာပိုင်တွေရှိတဲ့နေရာတွေမှာ ထွန်းကား နေတယ်။ ဆင်းရဲတဲ့တိုင်းပြည်တွေဟာ ချမ်းသာတဲ့၊ အင်အားကြီးတဲ့နိုင်ငံတွေအတွက် အစားထိုး ကုသစရာ ကိုယ်အင်္ဂါကုန်ကြမ်း တွေ တောင်လိုယာလိုပုံနေတယ်ဆိုတဲ့ အမြင်မျိုးရှိနေတာမျိုး လူ့အဖွဲ့အစည်း မှာမဖြစ်စေချင်ပါဘူး။” နိုးလ်က ဆက်လက်ပြောကြား သည်။
ဒီလိုကိုယ်အင်္ဂါအစိတ်အပိုင်းဝယ်ယူသုံးစွဲနေသူတွေကတော့ အမေရိကန်၊ အနောက်ဥရောပ၊ အာရပ် ပင်လယ်ကွေ့နိုင်ငံတွေ၊ အစ္စရေးနဲ့ ကွက်ကွက်ကလေးချမ်းသာနေတဲ့ နိုင်ငံတွေကလူတွေပဲဖြစ်ပါတယ်။
“လူနာတွေအနေနဲ့လည်း တစ်ခါတစ်ရံတော့ ရွေးချယ်စရာလမ်းမရှိတတ်ပါဘူး။ အင်္ဂါအစိတ်အပိုင်းလိုတယ် ဆိုတာကို တရားဝင်ထုတ်ဖေါ်ပြောကြားဖို့လိုပါတယ်။ တာဝန်ရှိသူတွေအနေနဲ့လည်း စေတနာ့ဝန်ထမ်း လှူဒါန်းမယ့် အလှူရှင်တွေရှာဖို့ အာရုံစိုက်လုပ်ဆောင်စေချင်ပါတယ်။” နိုးလ်ကပြောသည်။
ဆင်းရဲတာရော၊ ဗဟုသုတမရှိတာရောကြောင့်ဆင်းရဲသားတွေကလည်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကိုရောင်းချဖို့ ဖိအားပေး တာခံရတယ် လို့ ပင်ဆီဗေးလ်နီးယားတက္ကသိုလ် ခန္ဓာ့နီတိဗေဒဌာန ဧည့်ပညာရှင် ဒယ်ဘရာဘူဒီယာနီကပြောပါတယ်။
ခန္ဓာအစိတ်အပိုင်းတွေ တရားမဝင်ဘယ်လိုဝယ်နေကြပါလိမ့် … ။
ပြောပြရတာနည်းနည်းတော့ခက်လိမ့်မယ်။ ဒါပေမယ့် မြို့ရဲ့ချောင်ကျကျတစ်နေရာရာသွားပြီး ကျောက်ကပ်တွေကို ကုတ်အင်္ကျီ ထဲမှာထည့်ထားတဲ့ လူတစ်ယောက်ကို ပိုပိုသာသာလေးပေးပြီးဈေးစကားသွားပြောကြည့်လိုက်ရင် ရှင်းသွားမယ်။
“အမေရိကန်က ကျောက်ကပ်အလိုရှိတဲ့ လူနာတွေလုပ်လေ့ရှိတာကတော့ အွန်လိုင်းပေါ်တက်ပြီး ဘယ်မှာကျောက်ကပ် အရောင်းအဝယ်တွေ ရှိလဲဆိုတာလိုက်ကြည့်တာပဲ။ ကိုယ်အင်္ဂါအစားထိုးကုသခြင်း ခရီးသွားလုပ်ငန်းရဲ့ ပင်မကဒီလိုပဲ။”
တရုတ်က ဒီလိုခရီးသည်တွေကို အင်တာနက်ကနေစွဲဆောင်ရာမှာ အတော်လေးခေတ်မီတယ်။ ပင်ကိုယ်အားဖြင့် ကွန်မြူနစ် နိုင်ငံဖြစ်တဲ့ တရုတ်မှာ သေဒဏ်ပေးမှုနှုန်းအမြင့်ဆုံးဖြစ်ပြီးတော့ အဲဒီလိုသေဒဏ်ကျခံရတဲ့လူတွေဆီက ကျန်းမာနုပျို လတ်ဆတ်တဲ့ ကျောက်ကပ်တွေလည်း အဆင်သင့်ပဲ။ ကျောက်ကပ် လိုချင်တဲ့ လူနာတွေ တရုတ်ကိုရောက်ပြီဆိုတာနဲ့ အရောင်းအဝယ်ကဖြစ်ပြီ။ တစ်ခါတစ်လေတော့ ရောင်းသူတွေက ဝယ်သူတွေကြားမှာ လေလံပစ်နေသေးတယ်။
“သူတို့ဟာဆေးရုံပေါ်မှာစောင့်နေပြီးတော့ သေဒဏ်ကျတဲ့လူဆီကကျောက်ကပ်ကို ဘယ်သူအရင်ရမလဲ ဆိုတာစောင့်ရတယ်။” နိုင်ငံခြားသားတွေဒီကိုမရောက်ခင်ကတည်းက ဈေးနှုန်းကိုညှိနှိုင်းပြီးသားဆိုပေမယ့်လေလံမှာ
ဈေးအမြင့်ဆုံး ပေးနိုင် သူက အရင်ရပါတယ်။
“အဲဒီမှာအတော်ကို အဆင့်အတန်းမရှိတဲ့ အရောင်းအဝယ်တွေလုပ်ကြတယ်။ အင်တာနက်ပေါ်မှာ ပထမဆုံး စတင် ဆောင်ရွက်ကြတာပါ။”
မက္ကဆီကိုတောင်ဘက် ချီယာပက်ပြည်နယ်ကစီးပွားရေးချွတ်ခြုံကျနေတဲ့မြို့တစ်မြို့ဖြစ်တဲ့ တပ်ဇလာဂူတီယာရက်ဇ်က (free announcement website)မှာ အစိတ်အပိုင်းတစ်ခုအတွက် ဒေါ်လာ ၂၅,၀၀၀ လို့ကြော်ငြာထားတယ်။ ဘယ်သူ့ခန္ဓာကိုယ်မှာပဲ အစားထိုးထိုး လက်ခံတယ်လို့အာမခံတယ်။ အသုံးပြုမယ့် သူက (ဝယ်သူက) အီးမေးလ်လိပ်စာနဲ့ ပေးခဲ့ပြီး ဟူစတန်၊ တက္ကဆတ် မှာ ခွဲစိတ်မှုလုပ်မယ်လို့ပြောတယ်။ အဲဒါကို တရားမဝင်နည်းနဲ့ပဲ ခွဲစိတ်အစားထိုးပေးတယ်။ ဘူဒီယာနီက ပြောပြခဲ့ခြင်းဖြစ်သည်။
သူမက ပင်ဆီဗေးနီးယားတက္ကသိုလ်မှာအလုပ်လုပ်နေတဲ့အပြင် အားပေးမြှင့်တင်ရေးအုပ်စုတစ်ခုဖြစ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းမှုအဖြေရှာရေး ပူးပေါင်းအဖွဲ့မှာ ဒါရိုက်တာလုပ်နေပါတယ်။ ဆရာဝန်တွေနဲ့ တာဝန်ရှိသူတွေကသူတို့နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်အောင်လို့ ကိုယ်ခန္ဓာအစိတ်အပိုင်းရောင်းဝယ်ရေးမှာ သားကောင်ဖြစ်ခဲ့ရတဲ့သူတွေဆီက ဆက်သွယ်မှုတွေကို လက်ခံဖို့ အရေးပေါ်ဖုန်းလိုင်းတစ်ခုရှိပါတယ်။
“ကျွန်မတို့မှာလေလှိုင်းလူမှုကွန်ယက်တစ်ခုတည်ထောင်ထားပါတယ်။ လက်ကိုင်ဖုန်းတွေကတော့ အသုံးအများဆုံး ကိရိယာပေါ့။ စာမတတ်ပေမတတ်တဲ့လူပဲဖြစ်ပါစေဦး။ ဖုန်းတော့သုံးတတ်ပါသေးတယ်။”
ဒီပုံစံကို လာမယ့်လတွေမှာ အီဂျစ်နဲ့ အိန္ဒယမှာစမ်းသပ်ဖို့အစီအစဉ်ရှိတယ်။ အရေးပေါ်ခေါ်ဆိုနိုင်တဲ့ ဖုန်းလိုင်းက ဒီလိုရာဇဝတ်မှု တွေရဲ့ အခြေခံတွေကိုနားလည်တတ် သိတဲ့ နေရာတစ်ခုအနေနဲ့ဆောင် ရွက်ပေးမှာပါ။ အီဂျစ်မှာမကြာခင်ကမှဖြစ်ခဲ့တဲ့ နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ဒီလိုခန္ဓာအစိတ် အပိုင်းရောင်းဝယ်တဲ့ ရာဇဝတ်မှုတွေပိုမိုဖြစ်ထွန်းလာလိမ့်မယ်လို့ သူမကပြောပါသေး တယ်။
မက္ကဆီကိုအကြောင်းပြန်ပြောရအောင် … ။
မက်ဒီနာ စောစောကပြောခဲ့တဲ့ ဇနီးသည်ရဲ့ကိုယ်အင်္ဂါလုယက်ခံရတဲ့ သူ့ရဲ့ မိတ်ဆွေဟာ အခုဆို ဟွန်ဒူးရပ်စ်က ပြန်ရောက်နေပြီး ဒီခါးသီးတဲ့အဖြစ်အပျက်ကြီးတစ်ခုလုံးကိုမေ့ပျောက်ပစ်ဖို့ ကြိုးစားနေရ တယ်ဆိုတဲ့အကြောင်းနဲ့ သူနဲ့ အီးမေးလ်အဆက် အသွယ် ရှိတဲ့အကြောင်းတွေပြောပြပါတယ်။
ကိုယ်ခန္ဓာအစိတ်အပိုင်းတရားမဝင်ထုတ်ယူရောင်းချဖောက်ကားခြင်းခံရတဲ့ အကောင်းဆုံးနမူနာသားကောင်တစ်ဦးအဖြစ်နဲ့ ပြောရရင် ရုပ်ပိုင်း၊ စိတ်ပိုင်းနှစ်မျိုးစလုံးဟာ ဒီအဖြစ်အပျက်ရဲ့ အရိပ်မည်းကြီးအောက်က ရုန်းမထွက်နိုင်ဘဲ အထီးကျန်စွန့်ပစ် ခြင်းကိုလည်း ခံစားနေရပါတယ်။
“နိုင်ငံရွှေ့ပြောင်းနေထိုင်သူတွေအတွက်တော့ ဒီလိုကျူးလွန်ခံရခြင်းကိစ္စတွေမှာ ပိုပြီးတော့အကာအကွယ် မဲ့ပါတယ်။” ဒေးဗစ်ရှာ့ကပြောသည်။ ဒီလိုအဖြစ်မှန်တွေက ကမ္ဘာတစ်လွှားမှာရှိနေပါတယ်။ ဆူဒန်ပြည်တွင်းစစ်ကြောင့် ထွက်ပြေးရတဲ့ဒုက္ခသည် တွေဟာ ကိုဆိုဗိုမှာကိုယ်အင်္ဂါတရား မဝင်ဖြတ်တောက်ရောင်းချပြီးတော့ အီဂျစ်ကနေ မော်လ်ဒိုဗန်နဲ့ ကာဇက်အထိ ရောင်းဝယ် ဖေါက်ကားမှု က ဖြစ်ပွားနေပါတယ်။
ကိုယ်အင်္ဂါထုတ်ယူတရားမဝင်ကုန်သွယ်ခံရသူတွေအနေနဲ့ ကျန်းမာရေးချို့တဲ့ခြင်း၊ ရှက်ကြောက် အားငယ်ခြင်းများခံစားရမှု များကို ဆွေးနွေးနှစ်သိမ့်ပေးပြီး ဒီလိုအဖြစ်တွေကိုတားဆီးဖို့ရာ သူမတို့ အရေးပေါ်ဖုန်းလိုင်းအဖွဲ့ကကူညီပေးနိုင်လိမ့်မယ်လို့ ဒယ်ဘရာ ဘူဒီယာနီက မျှော်လင့်နေပါတယ်။
“ခံရတဲ့လူတွေဟာ သူတို့ဘယ်လိုမျိုးကိုယ်အင်္ဂါတရားမဝင်ကုန်ကူးခံရတယ်ဆိုတာကို ပြောပြဖို့နဲ့ ပူးပေါင်းလှုပ်ရှားဖို့ အခွင့်အရေးပေးချင်ပါတယ်။ ပြီးတော့အလားတူသူတို့လိုလူမျိုးတွေနဲ့တွေ့ဆုံပြီး အထီးကျန်မှုကိုပြေပျောက်စေချင်ပါတယ်။”
Source: Al Jazeera
0 comments:
Post a Comment