Friday, July 29, 2011

ဆိုမာလီ ဝန်ကြီးချုပ် ကုလကို ဝေဖန်



ဆိုမာလီ အငတ်ဘေးဆိုက်ဒုက္ခသည်များထံသို့ အကူအညီပစ္စည်းများပို့ဆောင်မှုကို ကုလသမဂ္ဂကနှောင့်နှေးအောင်ဆောင် ရွက်နေကြောင်း ဆိုမာလီ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ကုလသမဂ္ဂက အကူအညီပေးရေးပစ္စည်းများကို သိုလှောင်ထားပြီး ဒုက္ခသည်များထံသို့ ပေး ဝေခြင်းမရှိသေးကြောင်း ဝန်ကြီးချုပ်ကပြောသည်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က အာဟာရချို့တဲ့ကလေးငယ်များအတွက် အရေးပေါ်အကူအညီများ တန်ပေါင်းများစွာ ဆိုမာလီမြို့တော် မိုဂါဒစ်ရှူးမြို့သို့ လေကြောင်းမှ ပို့ဆောင်ပေးခဲ့သည်။

ကဘမ္ဘာ့စားနပ်ရိက္ခာအဖွဲ့လုပ်ငန်းအဖွဲ့ခေါင်းဆောင် အမ္မာမာမွတ်အဗ္ဗဒယ်လာက ဂိုဒေါင်အတွင်းတွင် ရောက်ရှိနေသော အကူအညီစားနပ်ရိက္ခာများမှာ များပြားလှသော်လည်း အလုံအလောက်တော့ မရှိသေးဟု ဆိုသည်။
“ဂိုဒေါင်ထဲမှာ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေကတော့ တစ်နေ့ကို လူအယောက် တစ်သန်းလောက် ကျွေးမွေးလို့ ရပါတယ်။” ဟု အီတလီနိုင်ငံရောမမြို့ရှိ အယ်လ်ဂျာဇီယာသို့ပြောပြခဲ့သည်။
“အခုလို အစားအသောက်ပေးဝေရေးအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိတဲ့ လူတွေအဖို့တော့ ဒီရိက္ခာတွေ မြင်ရင် အများကြီးမှ အများကြီးလို့ ထင်မှာပါ။ ဒါကြောင့် မီဒီယာတွေရဲ့ အမြင်မှာလည်း ဒါကို အစုလိုက်အပုံလိုက် အများကြီးလို့ ဖေါ်ပြနေကြတာပါ။ ကျွန်တော်ပြောချင်တာက အခုလိုအခြေအနေမျိုးမှာ တမင် စုပုံထားဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ပေးဝေရေးအစီအစဉ်ကို အသေအချာစီစဉ်နေပါတယ်။ ကျွန်တော်တို့မှာ ရှိနေတဲ့ အကူအညီပစ္စည်း တွေထဲမှာ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကကျတဲ့ အစားအစာတွေပါဝင်ပြီးတော့ ကျွန်တော်တို့တတ်နိုင်တာမှန်သမျှ လိုအပ်နေသူထံကို ပေးသွားမှာ ဖြစ်ပါတယ်။” ဟု အမ္မာက ရှည်ရှည်ဝေးဝေးရှင်းပြသည်။
WFP ပြောရေးဆိုခွင့်ရှိသူ ချယ်လစ် မက်ဒိုးနပ်က “ မိုဂါဒစ်ရူးနဲ့ ပတ်ဝန်းကျင် အစားအစာပေးဝေရေးဌာန တွေကနေပြီးတော့ နေ့စဉ်နေ့တိုင်း လူ ၃၀၀,၀၀၀ လောက်ကို ကျွေးမွေးနေပါတယ်။” ဟုဆိုသည်။

မြေပဲဖြင့်ထုတ်လုပ်ထားသော အာဟာရယို ၁၀ တန်ကို လေယာဉ်ဖြင့် အိမ်နီးချင်း ကင်ညာမှ မိုဂါဒစ်ရှူးသို့ ဗုဒ္ဓဟူးနေ့က သယ်ဆောင်လာခဲ့ကြောင်း ကုလတာဝန်ရှိသူများကပြောသည်။
လွန်ခဲ့သော အပတ်က ဆိုမာလီကို အငတ်ဘေးဆိုက်တိုင်းပြည်အဖြစ် ကုလသမဂ္ဂမှ ကြေငြာခဲ့ပြီးနောက် လေကြောင်းမှ စားနပ်ရိက္ခာများ ပထမဦးဆုံးရောက်ရှိလာခြင်း ဖြစ်ကြောင်း WFP တာဝန်ရှိ ဒေးဗစ်အောရ် ကပြောသည်။
အင်္ဂါနေ့က စတင်၍ ကင်ညာနိုင်ငံ ဝါဂျားမြို့နှင့် အီသီယိုးပီးယားနိုင်ငံ ဒိုလိုမြို့တို့မှ တစ်ဆင့် လေကြောင်းဖြင့် မိုဂါဒစ်ရှူးသို့ စားနပ်ရိက္ခာများ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ရက်နောက်ဆုတ်ခဲ့ရသည်။

အကူအညီပေးရေး ပစ္စည်းများ ရောက်ရှိလာပါက ဆက်တိုက်ရောက်ရှိလာပြီး ပေးဝေရေးလုပ်ငန်းများ ဆက်တိုက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အောရ်က ပြောသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။