Sunday, August 14, 2011

ပါကစ္စတန်တွင် အမေရိကန်လူမျိုးတစ်ဦး ပြန်ပေးဆွဲခံရ


အမေရိကန်အကူအညီပေးရေးကျွမ်းကျင်သူ တစ်ဦး၏ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရှိ အိမ်ကို အစောင့်အရှောက်များကြားမှ သေနတ်သမားများက ဝင်ရောက်စီး နင်းကာပြန်ပေးဆွဲသွားသည်။ ပြန်ပေးဆွဲခံရသူမှာ JE Austin Associates Inc. မှ အတိုင်ပင်ခံ ဝါရင်ဝိန်း စတိန်းဆိုသူဖြစ်ကြောင်း အမေရိကန်သံရုံးက အတည်ပြုပြောကြားခဲ့သည်။
“ဒီပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး ပါကစ္စတန်အာဏာပိုင်တွေနဲ့ တွဲပြီး ကျွန်တော်တို့ လှုပ်ရှားနေပါတယ်။” ဟု အမေရိကန် သံရုံး ပြောရေးဆိုခွင့်ရှိသူ အယ်လ်ဘာတို ရော်ဒရီဂတ်ဇ် ကပြောသည်။
“လုံခြုံရေးအစောင့်တွေ ဥပုသ်စောင့်ဖို့ ပြင်ဆင်နေတဲ့ ဒေသစံတော်ချိန် မနက် ၃း၃၀ မှာလက်နက်ကိုင် ၆ ယောက်ကနေ ၈ ယောက်လောက် အိမ်ထဲကို ဝင်လာတယ်။” ရဲအရာရှိတစ်ဦးဖြစ်သူ တာ့ဂျမဲလ်ဟူစိန်က ပြောပြသည်။
“နှစ်ယောက်က အရှေ့ဘက် တံခါးမကြီးကဝင်လာပြီးတော့ နောက် ခြောက်ယောက်က အနောက်ဘက်ကနေဝင်လာ တာ။ အစောင့်တွေကို ရိုက်နှက်နှိပ်စက်ပြီးတော့ သူတို့လိုချင်တဲ့ အမေရိကန်ကို ခေါ်သွားတယ်။”
ပြန်ပေးဆွဲခံရသူ အမေရိကန်လူမျိုးသည် အသက် ၆၀ ရှိပြီဖြစ်ပြီးပါကစ္စတန်တွင် လာရောက်နေထိုင်သည်မှာ ၅ နှစ် ၆ နှစ်ရှိပြီ ဖြစ်ကြောင်း ၊ အများအားဖြင့် အစ္စလာမ္မာဘတ်တွင်သာ နေလေ့ရှိသော်လည်း လာဟိုးသို့ ယမန်နေ့ညကမှ ရောက်လာခြင်းဖြစ် ကြောင်း ဟူစိန်ကပြောသည်။
မြို့ဝင်မြို့ထွက် အပေါက်များအားလုံးကို ပိတ်ဆို့ရှာဖွေစစ်ဆေးပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း အကြီးတန်းရဲအရာရှိတစ်ဦး ဖြစ်သူ ရှဟ်ဇာဒါဆာလမ်းက ပြောသည်။ မည်သည့်အဖွဲ့ကမှ မိမိတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားခြင်းမရှိသေး သလို ရဲများကလည်း မည်သူ့လက်ချက်ဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့်ပြန်ပေးဆွဲခြင်းဖြစ်ကြောင်းရှာဖွေစုံစမ်းခြင်းမပြု နိုင်သေးပေ။
ပြန်ပေးဆွဲခံရသူ ဝိန်းစတိန်းသည် ပါကစ္စတန်အစိုးရတပ်များနှင့် တိုင်းရင်းသားလက်လက်နက်ကိုင်တပ်များနှစ်ပေါင်းများစွာကြာ အောင် တိုက်ပွဲဖြစ်ပွားလျှက်ရှိသော နယ်စွန်နယ်ဖျားတိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်နေသူ တစ်ဦး ဖြစ်သည်။
သူအလုပ်လုပ်နေသော ကုမ္ပဏီဝက်ဆိုဒ်တွင် သူ့အကြောင်းဖေါ်ပြထားရာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ၂၅ နှစ်ခန့် လုပ်ငန်းအတွေ့အကြုံရှိသူတစ်ဦးဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်နှင့် ကိုလံဘီယာတက္ကသိုလ် မှ စီးပွားရေးဘာသာရပ်များတွင် ဒေါက်တာဘွဲ့ရရှိထားသူတစ်ဦးဖြစ်ကြောင်း ဆိုသည်။
အမေရိကန် ဒုက္ခသည်ကော်မီတီ ဟု အမည်ရသော အမေရိကန်အခြေစိုက် အကူအညီပေးရေးအဖွဲ့တစ်ခုတွင် အလုပ်လုပ်နေ သော ပါကစ္စတန်လူမျိုးရှစ်ဦးသည်လည်း ဘလူချစ်စတန်ပြည်နယ်တွင် လွန်ခဲ့သောလက ပြန်ပေးဆွဲခံခဲ့ရသည်။
ပါကစ္စတန်တွင် နိုင်ငံခြားသားများကို ပစ်မှတ်ထားပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ယခုကဲ့သို့ အိမ်တိုင်ယာ ရောက်ပြန်ပေးဆွဲမှုမှာ ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းစနေနေ့က မြို့တော်အစ္စလာမ္မာဘတ်သို့ရောက်ရှိကာ ဝန်ကြီးချုပ်ယူဆွတ် ရာဇာဂီလာနီ အပါအဝင် အစိုးရထိပ်တန်းအရာရှိကြီးများနှင့် လာရောက်တွေ့ဆုံစဉ် ပြန်ပေးဆွဲမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲပြီးနောက် ထွက်ပေါ်လာသော ကြေငြာချက်တွင် ပါကစ္စတန်အစိုးရသည် အမေရိကန်နှင့် ခိုင်မာသော မဟာမိတ်အဖြစ် ရပ်တည်ရန် ဆန္ဒရှိကြောင်း ရီပတ်ဘလီကန်အမတ်များကို ပြောကြားခဲ့ကြောင်း ဆိုသည်။
ဝန်ကြီးချုပ်က အမေရိကန်နှိင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လာရောက်မည့်ခရီးစဉ်ကို ကြိုဆိုကြောင်း ၊ ပါကစ္စတန်နှင့် အမေရိကန်တို့ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်များတွင် ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်နိုင်ရန်မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။ အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ပါကစ္စတန်ကို ဆက်လက်ထောက်ခံပေးနေသည့်အတွက် ဂျွန်မက်ကိန်းကို ကျေးဇူးဥပသကာရ တင်ရှိကြောင်းလည်း ဆို၏။
Source: Al Jazeera


0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။