Saturday, August 13, 2011

အင်္ဂလန် အဓိကရုဏ်း နှိမ်နင်းရေး မဟာဗျူဟာအတွက် အမေရိကန်ရဲမှူးကို အကူအညီတောင်း

အမေရိကန်ရဲမှူးကြီးဟောင်း ဝီလီယံဘရက်တန်

ဗြိတိန်နိုင်ငံလန်ဒန်မြို့နှင့် အနီးပတ်ဝန်းကျင် မြို့များတွင် ဖြစ်ပွားခဲ့သော ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံး အဓိကရုဏ်းတွင် (၅)ဦးသေဆုံးပြီး ဆိုင်ခန်းများ၊ အဆောက်အဦများ မီးရှို့ခံခဲ့ရမှုကြောင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက အမေရိကန်လမ်းပေါ် ရာဇဝတ်မှု နှိမ်နင်းရေး ကျွမ်းကျင်သူ ရဲမှူး(၁)ဦးကို အကူအညီတောင်းခံခဲ့သည်။

နယူးယောက်၊ လော့စ်အိမ်ဂျယ်လိစ်နှင့် ဘော့စတွန် မြို့များတွင် လမ်းပေါ် ရာဇဝတ်မှုနှိမ်နင်းရေး ကျွမ်းကျင်သူ ရဲမှူး ဝီလီယံ ဘရက်တန်က ဗြိတိန်နိုင်ငံတွင် လွန်ခဲ့သော အပတ်များက ဖြစ်ပွားခဲ့သော အဓိကရုဏ်းများနှင့် အုပ်စုဖွဲ့ သောင်းကျန်းမှုများကို နှိမ်နင်းရန် နည်းဗျူဟာ များချမှတ်ပေးမည်ဟု ပြောကြားခဲ့သည်။ “အုပ်စုဖွဲ့ အဓိကရုဏ်း ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ အတွေ့အကြုံတွေနဲ့ ဗြိတိန်မှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေကို နှိမ်နင်းတဲ့ နေရာမှာ အကြံဉာဏ် ပေးဖို့ ဗြိတိန်အစိုးရက ကျွန်တော့်ကို ငှားရမ်းထားပါတယ်။” သောကြာနေ့က ရိုက်တာသတင်းဌာနသို့ ဘရက်တန်က ပြောကြားခဲ့သည်။

လန်ဒန်တွင် စတင်ဖြစ်ပွားခဲ့ပြီး အခြားမြို့များသို့ ကူးစက်ပျံ့နှံ့သွားသော အဓိကရုဏ်း များအတွင်း ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ကိုင်တွယ်မှု ညံ့ဖျင်းကြောင်း ဝေဖန်ပြောဆိုလျက်ရှိကြသည်။

မာ့ခ်ဒပ်ဂန်အမည်ရှိ အသက်နှစ်ဆယ့်ကိုးနှစ် လူမည်း အမျိုးသား(၁)ဦးကို ရဲက ပစ်ခတ်သဖြင့် သေဆုံးသွားသည်မှ အစပြု၍ လန်ဒန်မြောက်ပိုင်း တော့တမ်ဟန်မှ အစပြုကာ အဓိကရုဏ်း စတင် ပေါ်ပေါက်လာခဲ့သည်။ ယင်း အဓိကရုဏ်းကြောင့် ဗြိတိန်လူမျိုး များကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး နောင်နှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အိုလံပစ် အားကစားပွဲအတွက် အကျည်းတန် အရှက်ရစေခဲ့သည်။

ဘရက်တန်သည် ရဲမှူးဟောင်း(၁)ဦး ဖြစ်ပြီး ယခုအခါ Kroll အမည်ရှိ ပုဂ္ဂလိက လုံခြုံရေး အဖွဲ့တစ်ခုကို ဦးဆောင်နေသူ ဖြစ်သည်။ သောကြာနေ့က ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် စကားပြောဆိုခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်ရန် ကိစ္စအဝဝအတွက် ဆောင်းဦးပေါက် အစည်းအဝေးပွဲများကို တက်ရောက်မည်ဖြစ်သည်။

လွန်ခဲ့သောနှစ် ၂၀ အတွင်းက ဘရက်တန်သည် ဗြိတိန်ရဲတပ်ဖွဲ့နှင့် အတူတွဲ၍ အလုပ်များလုပ်ခဲ့ဖူးသည်။
“ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရက ဖြေရှင်းဖို့ အစီအစဉ်တွေ၊ နည်းဗျူဟာတွေ ပေါ်ပေါက်လာဖို့ အတော်ကို စိတ်အား ထက်သန်နေပါတယ်။” ဘရက်တန်က ပြောသည်။
ဗြိတိန်တွင်လည်း အကြမ်းဖက်မှု၊ အဓိကရုဏ်းလှုပ်ရှားမှု ၊ လုယက်မှုများနှင့် ပတ်သက်၍ ကျူးလွန်သူ ၈၀၀ နီးပါးကို ရုံးတင်တရားစွဲဆိုထားသည်။

တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် အဓိကရုဏ်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ လူပေါင်း ၂,၀၀၀ ကျော်ကို ဖမ်းဆီးထားသည်။ သောကြာနေ့ ညတွင်လည်း စနေ၊တနင်္ဂနွေအားလပ်ရက်ကို အကြောင်းပြု၍ သောက်စားမူးယစ်ကြသူများနှင့် စည်ကားလေ့ရှိသဖြင့် နောက်ထပ် မငြိမ်မသက် တစ်စုံတစ်ရာ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် ဗြိတိန်ရဲများ အင်အားအပြည့် စောင့်ကြည့်ခဲ့ကြသည်။

သာမန်အချိန်တွင် လန်ဒန်၌ ရဲအင်အား ၂,၅၀၀ သာ ချထားလေ့ရှိပြီး သောကြာနေ့ ညကမူ စစ်အတွင်း မဟုတ်ဘဲ ရဲအင်အား အများအပြား အသုံးပြုမှု အဖြစ် စံချိန်တင် အင်အား ၁၆,၀၀၀ ချထားခဲ့ကြောင်း မြို့ပြ ရဲဌာန လက်ထောက် ရဲမင်းကြီး စတိဗ်ကာဗာနာက ဆို၏။ နော့တင်ဟမ်၊ ဘရီမင်ဟမ်၊ လီဗာပူးတို့တွင်လည်း နောက်ထပ် ရဲတပ်ဖွဲ့ဝင် အများအပြားကို ယခုစနေ၊ တနင်္ဂနွေတွင် ချထားမည်ဖြစ်သည်။

အဓိကရုဏ်း အဖြစ်အပျက်များ (၂)ညတာ ငြိမ်သက်လျက်ရှိနေပြီး နောက်ထပ် ဖြစ်ပွားဖို့အလားအလာ မရှိတော့ကြောင်း ဆို၏။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။