Tuesday, August 16, 2011

ဆီးရီးယား တွင်သတ်ဖြတ်မှုအသစ်များလုပ်ဆောင်နေဆဲ


ဆီးရီးယားစစ်တပ်က ကမ်းခြေမြို့ဖြစ်သော လက်တာကီယာတွင် တတိယမြောက်နေ့အဖြစ် ချေမှုန်းရေးပြုလုပ်ခဲ့ရာ သုံးဦးသေ ဆုံးပြီး ပါလက်စတိုင်း ဒုက္ခသည်များအပါအဝင် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ အိုးအိမ်များစွန့်ခွါထွက်ပြေးခဲ့ကြရသည်။

စစ်တပ်က လက်နက်ကြီးများ၊ တင့်ကားများအသုံးပြုခဲ့ကြောင်း၊ မြို့တွင်းမှ ထွက်ပြေးသည့်လူများကို အားကားကွင်းအတွင်းထည့် ထားပြီးအပြင်မှ ဝိုင်းထားကြောင်း မြို့ခံများက အယ်လ်ဂျာဇီယာသို့ သတင်းပေးပို့ခဲ့သည်။

အယ်လ်-လာမယ်ဒေသရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းကို စစ်တပ်ကစီးနင်းပစ်ခတ်ခဲ့ခြင်းကြောင့် ဒုက္ခသည် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ထွက်ပြေးခဲ့ရကြောင်း ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂဌာန ပြောရေးဆိုခွင့်ရှိသူ ခရစ်ဂန်းနက်စ်က ပြောသည်။

“ဒေသစံတော်ချိန် နေ့လည် ၁ နာရီလောက်ကနေစပြီးတော့ လက်တာကီယာတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ နေထိုင်သူတွေကို ရွှေ့ပြောင်းကြဖို့ စစ်တပ်ကညွှန်ကြားခဲ့ပါတယ်။” ဟု အယ်လ်ဂျာဇီယာသတင်းထောက် နစ္စရင်း အယ်လ်-ရှာမေလဲက ဂျော်ဒန်-ဆီးယားနယ်စပ်တွင် ဂျော်ဒန်နိုင်ငံဘက်ခြမ်းမှသတင်းပေးပို့ခဲ့သည်။

တက်ကြွလှုပ်ရှားသူများအပြောအရ လူအများစုမှာ မြို့တွင်းသို့ထွက်ပြေးကြပြီး သူတို့ကိုဆီးရီးယားစစ်တပ်မှ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

“ဖမ်းပြီးတော့ ဘတ်စ်ကားတွေနဲ့ မြို့ထဲကအားကစားကွင်းကို ပို့လိုက်တယ်။ အဲဒီအထဲမှာထည့်ထားပြီး ဖုန်းတွေ၊ မှတ်ပုံ တင်တွေကို သိမ်းထားတယ်။” ဟု အယ်လ်-ရှာမေလဲက သတင်းပေးပို့ခဲ့သည်။ လွန်ခဲ့သောငါးလကတည်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို နှိမ်နင်းလာခဲ့ရာ ယခုအခါသည် အရက်စက်ဆုံးနှိမ်နင်းမှုဖြစ်ကြောင်း မြို့ခံများက ပြောကြကြောင်း ရှာမေလဲက ဆို၏။

တနင်္လာနေ့တွင် စစ်တပ်မှ သတ်ဖြတ်မှုကြောင့် ၃ ဦးသေဆုံးခဲ့ပြီး စနေနေ့မှ စ၍ရေတွက်လျှင် ၃၁ ဦးရှိပြီဖြစ်ကြောင်း အခြေခံလူတန်းစားတက်ကြွလှုပ်ရှားသူများဖြင့်ဖွဲ့စည်းထားသော ဆီးရီးယားတော်လှန်ရေးပူးပေါင်းသမဂ္ဂက ပြောသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က သေဆုံးသွားသူများထဲမှာ တစ်ယောက်မှာ လက်တာကီယာ၊ အိမ်တမ်မရာခရိုင်တွင် ထွက်ပြေးလာသောလူများက စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုအနီးသို့ချဉ်းကပ်လာကြရာ စစ်တပ်မှ သေနတ်ဖြင့်လှမ်းပစ်သောကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်းပြောသည်။

“လူတွေက လက်တာကီယာကနေထွက်ပြေးဖို့ကြိုးစားနေကြပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်တွေက ဝန်းရံပိတ်ဆို့ထား လိုက်တဲ့အတွက် ထွက်ပြေးလို့မရပါဘူး။ သူတို့လုပ်နိုင်တာက မြို့ထဲမှာပဲ တစ်နေရာကနေ၊ တစ်နေရာရွှေ့ပြောင်းပုန်းအောင်းနေ ရတာပါပဲ။” ဟု မျက်မြင်သက်သေတစ်ဦးက ရိုက်တာသို့ပြောသည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမက်ဒါဗူတိုဂလူက ပစ်ခတ်နှိမ်နင်းမှုများ ချက်ခြင်းရပ်တန့်ရန် တနင်္လာနေ့က ဆီးရီးယားအစိုးရကို တောင်းဆိုခဲ့သည်။ ဒါဗူတိုဂလူက သွေးထွက်သံယိုနှိမ်နင်းမှုများ ချက်ခြင်း၊ အကြွင်းမဲ့ ရပ်တန့်ပစ်ရမည်ဟု ပြောကြားခဲ့သည်။

“မရပ်တန့်ဘူးဆိုရင် နောက်ထပ်ဖြစ်လာမယ့် အရေးယူဆောင်ရွက်မှုတွေအတွက် ဘာမှ ဆွေးနွေးနေမှာ မဟုတ်ပါဘူး။” ဟု ပြောကြားခဲ့သော်လည်း မည်သို့သော အရေးယူဆောင်ရွက်မှုမျိုးပြုလုပ်မည်ကိုမူ မပြောကြားခဲ့ပေ။

အာဆက်အစိုးရက ပြည်သူလူထုအပေါ်သတ်ဖြတ်နေခြင်းအတွက် ဖိအားပေးရန် အခြားနိုင်ငံများကိုလည်း အမေရိကန်က တောင်းဆိုလှုပ်ရှားမှုဆောင်ရွက်နေကြောင်း အိမ်ဖြူတော်မှ ဆိုသည်။


“သူ့ရဲ့ အပြုအမူအမူတွေအရ ဆီးရီးယားသမ္မတအာဆက်ဟာ သမ္မတအဖြစ်တရားဝင်မှုမရှိတော့ပါဘူး။” အိမ်ဖြူတော် ပြောခွင့်ရ ဂျေးကာနီက သတင်းထောက်များကို ပြောပြခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း အာဆက်မရှိလျှင် တိုင်းပြည်ပိုကောင်းသွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဆီးရီးယားပြည်သူတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့အတွက် ထိုက်တန်ပါတယ်။ သူတို့ကို နှိပ်စက်ကလူပြုပြီး သတ်ဖြတ်နေတဲ့ အစိုးရမျိုးနဲ့ မထိုက်တန်ပါဘူး။ အာဆက်ကို ဖိအားပေးဖို့အတွက် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်မယ့် မဟာမိတ်တွေ ရရှိလာအောင် ကျွန်တော်တို့ရှာဖွေပြီး အတူဆောင်ရွက်လှုပ်ရှားနေပါတယ်။”

ဂျာမဏီကလည်း ဥရောပနိုင်ငံများမှ အာဆက်ကို ပိုမိုဖိအားပေးကြရန် တောင်းဆိုလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် လည်းဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ရန်တိုက်တွန်းပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။