Wednesday, August 10, 2011

ဖိလစ်ပိုင် မင်ညန်တိုင်းရင်းသားများကို ကယ်တင်ပါ


ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပါတယ်။ အခြား လူတွေ အိပ်စက်နေချိန်မှာ မန်ညန် လူမျိုးလို့ ခေါ်တဲ့ ခေတ်မီ ယဉ်ကျေးမှုတွေနဲ့ နီးစပ်မှု မရှိတဲ့ ဖိလစ်ပိုင် တိုင်းရင်းသား လူမျိုးစု တစ်စုကတော့ စိုးရိမ်ကြောင့်ကျမှုတွေနဲ့ အိပ်မရတဲ့ ညတွေရှိနေပါတယ်။

ဖိလစ်ပိုင် အနောက်ဘက် နက်ရှိုင်းလှတဲ့ မင်ဒိုရို တောအုပ်များအတွင်း ဟိုဒီ တစ်စုစီ ပျံ့နှံနေထိုင်ကြတဲ့ မင်ညန်လူမျိုးစု ခေါင်းဆာင်များ သူတို့လူမျိုးစုရဲ့ အနာဂါတ်အတွက် ညလုံးပေါက်၊ ညလုံးပေါက် ဆွေးနွေးတိုင်ပင် နေကြပါတယ်။

ဟူအန်နီတို လူမာဝစ်ဟာ အသက် (၆၂)နှစ် ရှိပြီး မင်ညန်လူမျိုးစု (၇)စုတို့ရဲ့ အကြီးဆုံး ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ သူက-
“ကျုပ်တို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာတဲ့ ဒီမြေပေါ်မှာ သတ္တုတွင်း ကုမ္ပဏီကြီးတွေ လာပြီး လုပ်ကိုင်တော့မယ် ဆိုတော့ ရတက်မအေးရဘူး ဖြစ်နေတယ်။ အစိုးရကသာ လုပ်ကိုင်ခွင့် လိုင်စင်တွေ ချပေးလိုက်ပြီဆိုရင် ကျုပ်တို့ရေမြေနဲ့ အမွေအနှစ်တွေ ထာဝရ ပျောက်ကွယ်သွားပြီ။”
လို့ပြောပါတယ်။

ဖိလစ်ကျွန်းပေါ်က နယ်မြေ ကြမ်းတမ်းလှပြီး လူသူ ပေါက်ရောက်ဖို့ အင်မတန် ခက်ခဲတဲ့ အဲဒီဒေသမှာ သူတို့နေထိုင် လာတာ ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့အဖို့တော့ မိမိတို့နေထိုင် ရှင်သန် ကြီးပြင်းရာ မြေကို ကာကွယ် စောင့်ရှာက်ဖို့ ဆင်နွှဲရမယ့် တိုက်ပွဲ တစ်ပွဲပါပဲ။


ကျယ်ပြန့်လှတဲ့ တောအုပ် အပါအဝင် ဟက်တာပေါင်း ၄၀,၀၀၀ လောက် ကျယ်ဝန်းတဲ့ မြေဟာ ဘိုးဘွား လက်ထက်ကတည်းက နေထိုင်လာတဲ့ သူတို့ပိုင် မြေဖြစ်တယ်လို့ မင်ညန် လူမျိုးတွေက ဆိုပါတယ်။ အဲဒီမြေပေါ်မှာ ရွှေ၊ သဘာဝ ဓါတ်ငွေ့နဲ့ ဓါတ်သတ္တုတွေက ဒေါ်လာ မီလီယံနဲ့ ချီပြီးတော့ ရှိနေတယ်လို့ အများက ယုံကြည်ကြပါတယ်။

ဒီမြေပေါ်ကနေ ရမယ့်အကျိုးအမြတ်က အင်မတန် များပြားလှပြီး မင်ညန်တွေ အတွက်ကတော့ အခွင့်အရေး အလွန်နည်းပါး ပါ တယ်။ သူတို့က ဘာသာစကား ခြားတဲ့ လူမျိုးစု ငယ်လေး (၁)ခုသာ ဖြစ်ပြီး လူဦးရေ ၂၅,၀၀၀ အောက်ပဲ ရှိပါတယ်။ ရုပ်ပိုင်းအရရော လူ့အဖွဲ့အစည်း ပိုင်းအရပါ သူတို့ဟာ အခြားဖိလစ်ပိုင် လူမျိုးတွေရဲ့ ဘေးဖယ်ထားခြင်း ခံရပြီး အဆင်းရဲဆုံးနဲ့ အပယ်ခံ လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။

ဝင်ငွေအရ တိုင်းတာမယ်ဆိုရင် တစ်နေ့ ပျမ်းမျှဝင်ငွေ ၀.၃၄ ဒေါ်လာပဲ ရှိပါတယ်။ ၁၀ ယောက်မှာ ၉ ယောက်နှုန်း သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိပါဘူး။ အများစုကလည်း စာမတတ်ပါဘူး။ သမိုင်းကြောင်း အရဆိုရင် ခြေသားလုံး အိမ်တိုင် လှည့်လည် သွားလာ နေထိုင်သူများ ဖြစ်ပြီး မကြာခဏဆိုသလို အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်ရပါတယ်။ အထူးသဖြင့် (၄)လကြာမြင့်တဲ့ မိုးရာသီ ကာလများမှာ ဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ လှုပ်ရှား လည်ပတ်ရှင်သန်တဲ့ ဘဝပုံစံ ဖြစ်ပြီးတော့ မိုးရာသီကို ဆာလောင်မွတ်သိပ်တဲ့ ရာသီလို့  သတ်မှတ်ထားကြတယ်။ ကလေးငယ် ၆၀ ရာခိုင်နှုန်းက အာဟာရချို့တဲ့ပြီး သေဆုံးမှုနှုန်းမြင့် မားလွန်းတဲ့ အတွက် ကလေးတစ်ယောက် ၁၀ နှစ်အထိ အသက်ရှင်တယ် ဆိုရင် ကံကောင်းတယ်လို့ ဆိုရမှာပါ။

အပယ်ခံ၊ အခွဲခြား အနှိမ်ခံ ဘဝနဲ့ နေရပြီး အခြားသူတွေက သူတို့မြေတွေပေါ် ကျူးကျော် ဝင်ရောက်လာတာနဲ့အမျှ မင်ညာတွေ အဖို့  ပြင်ပကမ္ဘာက လူတွေအပေါ် မယုံကြည်မှု၊ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ခံစားနေရပါတယ်။

“မြေနိမ့်သားတွေက ကျွန်တော်တို့ မြေတွေကို ယူပြီးတော့ ကျွန်တော်တို့ကို တောင်ပေါ်ကို မောင်းထုတ်ခဲ့တယ်။ အခုတစ်ခါ ထပ်ကျူးကျော်ပြီး မောင်းထုတ်နေပြန်ပြီ။ ဒီတစ်ခါတော့ ကျွန်တော်တို့မှာ သွားစရာ မြေ မရှိတော့ဘူး။” မင်ညာ လူမျိုး (၇)မျိုးထဲက (၁)မျိုး အပါအဝင်ဖြစ်တဲ့ ဘူဟစ် လူမျိုးစု ခေါင်းဆောင် ယာဂေဆက်ဘစတိန်းက ပြောပါတယ်။



အစိုးရရဲ့ ဥပဒေတွေအရ ဘယ်တိုင်းရင်းသား လူမျိုးစုမဆို နယ်မြေဒေသကို ပိုင်ဆိုင်ကြောင်း ပြောဆိုမယ်ဆိုရင် တရားဝင် စာရွက်စာတမ်း အထောက်အထား အခိုင်အမာနဲ့ သက်သေပြရပါတယ်။ မင်ညန်တွေကတော့ ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ် မရှိ၊ စာကလည်း မတတ်တော့ ဒီလို အထောက်အထားတွေ ဘယ်နည်းနဲ့ မှမပြနိုင်ပါဘူး။ ဒီတော့ သူတို့အတွက် အခုအခံ အကာအကွယ် ဆိုတာ နထ္ထိ။

“မင်ညန် လူမျိုးတွေရဲ့ ဘိုးဘွားပိုင် အမွေအနှစ်တွေကို စီးပွားဖြစ် သတ္တုတူးဖေါ်ရေး လုပ်ငန်းတွေရဲ့ ခြိမ်းခြောက်မှုတွေက အမှန်တကယ် ရှိနေတာပါ။ သတ္တုတွင်း လုပ်ငန်းတွေက ဒေသတွင်း သဘာဝ ပတ်ဝန်းကျင်ကိုလည်း ခြိမ်းခြောက်မှုတွေရှိနေပြီး တိုင်းရင်းသား လူမျိုးစုတွေလည်း ဖယ်ရှားခံရမယ့် အခြေအနေတွေ ရှိနေပါတယ်။” တိုင်းရင်းသား လူမျိုးစု အရေးဆိုင်ရာ အမျိုးသား အဖွဲ့ကြီးမှ ပြည်နယ်တွင်း တာဝန်ရှိသူ (၁)ဦးဖြစ်တဲ့ ရေးနန့်လူနာက ပြောပါတယ်။

ဒီအဖွဲ့ကြီးက တိုင်းရင်းသား လူမျိုးစုတွေရဲ့ အကျိုးစီးပွား တွေကို ကာကွယ်ဖို့အတွက် အစိုးရက ဖွဲ့စည်းပေးထားခြင်း ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ လူ့အခွင့်အရေး၊ တရားမျှတမှု၊ လုပ်ပိုင်ခွင့်ရှိမှု၊ ကိုယ်ပိုင် အုပ်ချုပ်ရေး စတဲ့ အခွင့်အရေးတွေနဲ့ အတူ သူတို့ရဲ့ ဘိုးဘွားပိုင်မြေ၊ အမွေအနှစ်တွေကို ကာကွယ် စောင့်ရှောက်ပိုင်ခွင့်တွေ ရှိဖို့အတွက် ပြဋ္ဌာန်းလိုက်တဲ့ “တိုင်းရင်းသား မျိုးနွယ်စုဆိုင်ရာ အခွင့်အရေးများ ဥပဒေ” အရ ဖွဲ့စည်းပေးထားခြင်း ဖြစ်ပါတယ်။

ဥပဒေပြဋ္ဌာန်းထားခဲ့တာ (၁၅)နှစ် ကြာသွားပြီ ဖြစ်ပေမယ့်လို့ မင်ညန်လူမျိုးစုတွေ အတွက်တော့ ဘာမှ အကြောင်းမထူးခဲ့ပါဘူး။
“အဆင်းရဲတကာ့ အဆင်းရဲဆုံး လူမျိုးတွေ ဖြစ်နေတုန်းပါပဲ။ အပယ်ခံ ဖြစ်နေတုန်းပါ။” မင်ညန်လူမျိုးတွေရဲ့ မြေယာ ပိုင်ဆိုင်မှု အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ကူညီနေတဲ့ မနုဿဗေဒပညာရှင် ဒိုင်ယာနာဆန်းဟို့စ်က ပြောပါတယ်။

သူတို့မြေယာပေါ်မှာ စီးပွားဖြစ် သတ္တုတူးဖေါ်ရေး လာရောက်လုပ်ကိုင်ဖို့ စိန်ခေါ်မှုတွေ အပေါ် တုံ့ပြန်ဖို့ သူတို့လက်ထဲမှာ တရားဝင် ပြသနိုင်တဲ့ သက်သေမရှိရင် ပိုပြီးခက်ခဲမှာ ဖြစ်ပါတယ်။ သတ္တုတူးဖေါ်ရေး ကုမ္ပဏီ (၃)ခုက ပြည်နယ်ရုံးမှာ သတ္တုတူးဖေါ်ခွင့် လျှောက်ထားတယ်လို့ ရေးနန့်လူနာက ပြောပါတယ်။ ဒါပေမယ့် သူတို့အတွက် လုပ်ပိုင်ခွင့် ချပေးမယ့် နယ်မြေတွေက ဘိုးဘွားပိုင်မြေ တွေဟုတ်မဟုတ် စုံစမ်းစစ်ဆေးဦးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဒေသခံ အာဏာပိုင်တွေကလည်း ဘယ်လို အကြောင်းပြချက် တွေနဲ့ လုပ်ကိုင်ခွင့် ချပေးဖို့ ဆိုင်းငံ့ထားမလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။”

မင်ညန် လူမျိုးတွေ အတွက်တော့ သက်သာ ဖွယ်ရာ မမြင်ပါဘူး။ ဒေသတွင်း မြူနီစပယ် စီရင်ထုံးတွေနဲ့ ဗဟိုအစိုးရရဲ့ စီရင် ထုံးတွေမှာ တူညီနေတဲ့ အချို့ အချက်အလက် တွေကြောင့် ဟာကွက်တွေ ရှိနေပြီး မင်ညန် လူမျိုးတွေ အတွက်တော့ အခြေအနေက ပိုဆိုးအောင် ဖန်တီးနေပါတယ်။

ဖိလစ်ပိုင် တစ်နိုင်ငံလုံးမှာ အကြီးဆုံး နယ်မြေဖြစ်တဲ့ ဆက်ဘလာယန်းရဲ့ မြို့တော်ဝန် အက်ဒ်ဂါဒီယာနိုက
“လွန်ခဲ့တဲ့ (၄)နှစ်တုန်းက ဆက်ဘလာယန်းမှာ သတ္တုတွင်း လုပ်ငန်းကြီးတွေ လုပ်ခွင့်ကို (၂၅)နှစ်ကြာ ပိတ်ထားဖို့ ဆက်ဘလာယန်းက ကြေငြာချက် ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဗဟိုအစိုးရက ဟက်တာပေါင်း ၉,၇၀၀ ကို လုပ်ငန်းရှင်တွေ လက်ထဲ ထိုးပေးလိုက်တယ်။” လို့ ပြောပြပါတယ်။

နယ်မြေတွင်း လုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီက ငွေပေး ဆောင်ခြင်းကို ဒေသခံ အုပ်ချုပ်ရေးက မယူတဲ့ အတွက် ဒေသတွင်း တရားရုံးမှာ အပေါင်ငွေ ပီဆို (၂)သန်း တင်ထားခဲ့ပါတယ်။


ဆိုးဆိုးဝါးဝါး ဆင်းရဲ မွဲတေမှု၊ အပယ်ခံ ထားရမှုတွေ ရင်ဆိုင်နေရတဲ့ မင်ညန် လူမျိုးတွေရဲ့ ပုဂ္ဂလိက အခြေအနေ တွေအပေါ် ဗဟို ချုပ်ကိုင်မှု စံနစ်က ထပ်ပြီး နှိပ်စက်နေပြန်ပါတယ်။ ရာစုနှစ် ပေါင်းများစွာ သူတို့ ထွန်ယက် စိုက်ပျိုး နေထိုင်လာပြီး ရိုသေလေးမြတ် ထားလာတဲ့ မြေကြီးကို ပိုင်ဆိုင်ကြောင်း သက်သေ အထောက်အထား ပြဖို့လည်း ခက်ခဲနေပြန်ပါတယ်။ ဒေသခံ အဖွဲ့အစည်းတွေနဲ့ Plan International စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုပဲ အားကိုးနေရပြီးတော့ သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာတွနဲ့ တသားတည်း ဖြစ်နေတဲ့ မြေကြီး ပျောက်ဆုံးမသွားဖို့ အတွက် ရုန်းကန်နေရပါပြီ။

“အချို့ မင်ညန်တွေကတော့ သူတို့ရဲ့ဘိုးဘွားပိုင်မြေ မှန်ကန်ကြောင်း တရားဝင် အသိအမှတ်ပြု ခံစားခွင့် ရပြီးပါပြီ။ နောက်ထပ် ကျန်ရှိနတဲ့ လူတွေလည်း အဲဒီလို ပိုင်ဆိုင်ခွင့် တရားဝင်ရဖို့ ကျွန်တော်တို့ အကူအညီ ပေးနေပါတယ်။”

ဒေသတွင်း မင်ညန် လူမျိုးတွေအတွက် အလုပ်လုပ်ပေးနေတဲ့ Plan အဖွဲ့ရဲ့ အကြီးတန်း အရာရှိဖြစ်သူ နက်တီဆီလိုရီရိုက ပြောပါတယ်။

Plan International အဖွဲ့က ၂၀၀၅ ခုနှစ် ကတည်းက မင်ညန် လူ့အဖွဲ့အစည်း အတွင်း ကလေး ဗဟိုပြုစံနစ် ဖွံ့ဖြိုးတိုးတက် လာစေဖို့အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
“သူတို့ရဲ့ အခွင့်အရေးတွေနဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့အတွက် ဒေသခံ အာဏာပိုင်တွေနဲ့ လက်တွဲ ဆောင်ရွက် နေပါတယ်။” ဆီလိုရီရိုက ပြောပါတယ်။

အဲဒီအဖွဲ့က ဥရောပ ကျောထောက်နောက်ခံ အဖွဲ့ ဖြစ်ပြီးတော့ မင်ညန်တွေ မြေယာ ပိုင်ဆိုင်မှု ရရှိရေးအတွက် အကူအညီပး ဆောင်ရွက်နေရာမှာ သူတို့ပြောပြတဲ့ နှုတ်ထွက် စကားတွေကို မှတ်တမ်းယူပြီးတော့ မြေပုံမြေညွှန်းတွေနဲ့ ကိုက်ညီမှု ရှိ မရှိ အသေးစိတ် စစ်ဆေး ဆောင်ရွက်ပေးနေတာပါ။
မင်ညန်တွေအတွက် မြေယာ ပိုင်ဆိုင်မှု တရားဝင်ရေး ဆိုတာ ပထမ ခြေလှမ်းပဲ ဖြစ်ပြီးတော့ အရှေ့မှာ အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်။

“ကျုပ်တို့ လူမျိုးတွေကို လာဘ်လာဘတွေ ပေးပြီးတော့ စည်းရုံး သိမ်းသွင်းတယ်။ အချို့လည်း သူတို့ အလိုကျ လုပ်ဖို့ သဘောတူညီချက်မှာ လက်မှတ်တွေ ထိုးလိုက်ပြီ။ ကျုပ်တို့တော့ ကူရာ၊ ကယ်ရာမဲ့ ဖြစ်နေပြီ။” လို့ လူမျိုးစု ခေါင်းဆောင် လူမာဝစ်က ပြောပါတယ်။

မင်ညန် လူမျိုးတွေကတော့ စိတ်ပျက် ဒေါသထွက်နေကြပြီ။ သူတို့ မှီခိုနေထိုင်နေတဲ့ တောအုပ်ကြီးက အေးချမ်း ငြိမ်သက် သလို၊ သူတို့တွေ မကျေနပ်ကြဘူး ဆိုပေမယ့်လည်း အေးအေးချမ်းချမ်း ငြိမ်ငြိမ်သက်သက် နဲ့ပဲ ရှိနေဆဲပါ။ တုန်လှုပ် ခြောက်ခြားစွာနဲ့ပဲ ဘိုးဘွားတွေကို တိုင်တည် ပသပြီးတော့ သူတို့အတွက် လမ်းညွှန်ပြသပေးဖို့ မျှော်လင့်ချက်ကို ပုံထားလိုက်ကြပါ တယ်။


“အကြမ်းမဖက်ရေး ဆိုတာ ကျုပ်တို့ ယုံကြည်ချက်ပါ။ ဘုရားသခင်က ဒီတောအုပ်ကြီးကို ကျုပ်တို့ မင်ညန်တွေအတွက် ဖန်ဆင်းပေးထားတာလို့ ဘိုးဘွားတွေက ပြောခဲ့ကြတယ်။ အဲဒီတော့ ဘိုးဘွားတွေကပဲ ကျုပ်တို့ကို ကာကွယ်စောင့်ရှောက် သွားပါလိမ့်မယ်။” လူမာဝစ်ရဲ့ မျှော်လင့်ချက်ပါ။ ဘိုးဘွားတွေဆီမှာ ပူဇော်ဆုတောင်းမှုတွေ ပြုပြီး မျှော်လင့်နေလေရဲ့။


ကမ္ဘာ့ တိုင်းရင်းသား မျိုးနွယ်စုများ နေ့အဖြစ် သြဂုတ်လ (၉)ရက်နေ့ကို သတ်မှတ်ထားသည်။
ထိုနေ့ အထိမ်းအမှတ် အဖြစ် ယခုဆောင်းပါးကို ဒါဗီနာကူးမား က ရေးသားသည်။ သူသည် ဖွံ့ဖြိုးတိုးတက်ရေး စာနယ်ဇင်းစာပေဆုရ စာရေးသူ (၁)ဦးဖြစ်ပြီး Plan International အဖွဲ့၏ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ပြန်ကြားရေး တာဝန်ခံဖြစ်သည်။ ချီဗန်းနင်း လူ့အခွင့်အရေး ပညာရှင်တစ်ဦး လည်းဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။