Sunday, August 28, 2011

ဟာဇာရီ အစာငတ်ခံဆန္ဒပြမှု ပြီးဆုံး


အိန္ဒိယပါလီမန်က အကျင့်ပျက်ခြားစားမှု ပပျောက်ရေး စီအစဉ်ကို ထောက်ခံလိုက်သဖြင့် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူ အန်နာဟာဇာရီ၏ ၁၃ ရက်ကြာ အစာငတ်ခံဆန္ဒပြမှု ပြီးဆုံးသွားပြီဖြစ်သည်။

အစာငတ်ခံ ဆန္ဒပြမှု ပြီးဆုံးသည်နှင့် အသက် ၅ နှစ် အရွယ် မိန်းကလေးငယ် တစ်ဦးပေးသော အုန်းရည် နှင့် ပျားရည် ရောစပ်ထားသော ဖျော်ရည်တစ်ခွက်ကို လက်ခံသောက်သုံးခဲ့ပြီး ထောက်ခံသူ ထောင်ပေါင်းများစွာက အိန္ဒိယအလံများကို ဝှေ့ယမ်းကာ အော်ဟစ် နှုတ်ဆက်ကြသည်။ ထို့နောက် “အိန္ဒိယအဓွန့်ရှည်ပါစေ” ဟူသော ကြွေးကြော်သံများနှင့် အတူ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး သီချင်းများကို သီကြွေးကြ သည်။

“ဒါဟာ ခင်ဗျားတို့ရဲ့အောင်မြင်မှုပါ။ ၁၃ ရက်အတွင်း ခင်ဗျားတို့ လုပ်ဆောင်ခဲ့တဲ့ အလုပ်ရဲ့ အသီးအပွင့်ပါ။” ဟု တနင်္ဂနွေနေ့ နံနက်ပိုင်းက လူအုပ်ကြီးကို စကားပြောဆိုခဲ့သည်။

“ဒီလှုပ်ရှားမှုကြီးကြောင့် အကျင့်ပျက် ခြစားမှုကင်းစင်တဲ့ အိန္ဒိယနိုင်ငံတော်ကို တည်ဆောက်ဖို့ ဆိုတာ ဖြစ်နိုင်ပါတယ်လို့သိသာစေပါတယ်။”

၁၃ ရက်တိုင်တိုင် ရေသာသောက်ခဲ့ရသဖြင့် အသက် ၇၄ နှစ်ရှိ ဟာဇာရီမှာ အင်အားအလွန်ချိနဲ့နေပြီး ဆေးရုံသို့တင်ပို့ကုသမှု ခံယူရမည်ဖြစ်သည်။

မတိုင်ခင်တစ်ရက်က ဘဏ္ဍာရေးဝန်ကြီး ပရာနပ် မူကာဂျီးက ဟာဇာရီ
တာင်းဆိုထားသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆာင်ရန် အောက်လွှတ်တော်က ထောက်ခံခဲ့ကြောင်း ပါလီမန်တွင်ပြောဆိုခဲ့သည်။

“ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီ အဆောက်အဦကြီး ဖြစ်တဲ့ အိန္ဒိယဟာ အလွန်အရေးကြီးတဲ့ အဆင့်ကို
ရောက်ရှိနေပါပြီ။”

“ပါလီမန် ဥပဒေပြုရေး အစိတ်အပိုင်းရဲ့ သဘောတူညီမှု မပါဘဲ အပြုသဘောဆောင်တဲ့ အခြေခံ မူဘောင်တစ်ခု ချမှတ် ပြီး အဖြေတစ်ခုကို ရှာရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သဘောမတူညီမှုတွေကို ညှိနှိုင်းသွားရမှာပါ။”

ဟာဇာရီ၏ အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်ခါနီး အချိန်လေးတွင် ထောက်ခံသူတစ်ဦးက လူအုပ်ကြီးကို စုစည်းစေပြီး “ကျွန်ုပ်သည် လာဘ်ပေးလာဘ်ယူမှုကို မည်သည့်အခါမှမပြုပါဟု ကျွန်ုပ်၏အသက်ကို အရင်းတည်၍ သစ္စာပြုပါသည်” ဟု လိုက်လံရွတ်ဆိုစေသည်။

ဟာဇာရီသည် အစာငတ်ခံ ဆန္ဒပြမှုကို သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ခဲ့သည်။ ဝန်ကြီးချုပ်မှ စ၍ ကျေးလက် အုပ်ချုပ်ရေးမှူး များအထိ လာဘ်ပေးလာဘ်ယူများ ကင်းရှင်းမှုရှိ၊ မရှိကို လုပ်ပိုင်ခွင့် အာဏာအပြည့်အဝ ရှိသော စောင့်ကြည့်ရေးများ ထားရှိရန် ပါလီမန်မှ သဘောတူညီမှုပေးရန် တောင်းဆိုခဲ့သည်။

အစိုးရက သူ၏တောင်းဆိုမှုနှင့် နောက်လိုက်နောက်ပါအင်အားကို လျှော့တွက်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် နိုင်ငံအနှံ့ရှိမြို့ များတွင် သူ့ကိုထောက်ခံသူများက လမ်းပေါ်ထွက် ဆန္ဒပြကြသဖြင့် ပြန်လည်လွှတ်ပေးခဲ့ရသည်။

နောက်ဆုံးတွင် ပါလီမန်က သူ၏တောင်းဆိုမှုအချို့ဖြစ်သော ပိုမို၍ပွင့်လင်းမြင်သာမှုရှိစေရေး၊ အောက်ခြေအုပ်ချုပ်ရေးတာဝန်ရှိသူများအပါအဝင် ဝန်ထမ်းများ၊ တာဝန်ရှိသူများကို စောင့်ကြည့်နေမှုများပြုလုပ်ရေး တို့ကို သဘောတူညီခဲ့ရသည်။

“အချို့အစိတ်အပိုင်းတွေကိုတော့ စတင်ဆောင်ရွက်နေပါပြီ။ ဘာဆက်ဖြစ်ဦးမယ် ဆိုတာ ပြောရခက်ပါသေးတယ်။” ဟု ဟာဇာရီ အစာငတ်ခံ ဆန္ဒပြရာနေရာသို့ ရောက်ရှိနေသော အသက် ၂၄ နှစ်အရွယ် ကျောင်းသားတစ်ဦးက ဆိုသည်။

“အခုဆို တစ်နိုင်ငံလုံး နိုးကြားနေကြပါပြီ။ ဒါကြောင့် ပြည်သူလူထုရဲ့တောင်းဆိုမှုတွေကို အစိုးရက မထီမဲ့မြင် လုပ်ဖို့ မလွယ်တော့ပါဘူး။”

တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်း လိုင်စင် ရောင်းချမှုတွင် အကျင့်ပျက် မှုများကြောင့် နိုင်ငံတော်ဘဏ္ဍာ ၃၉ ဘီလီယံဒေါ်လာ အထိ ဆုံးရှုံးနစ်နာမှု ဖြစ်ပွားခြင်း အပါအဝင် အခြားနယ်ပယ်များတွင်လည်း ခြစားမှုများ ရှိနေသဖြင့် အကျင့်ပျက် ခြစားမှုတိုက်ဖျက် ရေးဆိုင်ရာ အစိုးရမူဝါဒများ ပြုပြင်ပြောင်းလဲစေရန် ရည်ရွယ်ချက်ဖြင့် ဟာဇာရီက အစာငတ်ခံ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

Source: Al Jazeera


0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။