Monday, September 12, 2011

၂၀၁၂ ရွေးကောက်ပွဲမှာပါဝင်လာဦးမည့် အမေရိကန် ကောင်းဘွိုင် နောက်တစ်ယောက်


၂၀၁၂ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မဲပေးကြဖို့၊ ဘယ်သူ့ကို မဲပေးရမယ်မှန်း ဇဝေဇဝါဖြစ်နေတဲ့ အမေရိကန် မဲဆန္ဒရှင်တွေ အတွက် အလွန် aမးလို့ကောင်းတဲ့ မေးခွန်းတစ်ခု ရှိနေပါတယ်။

“အိမ်ဖြူတော်မှာ တက္ကဆက်နယ်က ကောင်းဘွိုင် ဖိနပ်ပိုင်ရှင် aနာက်တစ်ယောက်ကို ထားဖို့ အဆင်သင့်
ဖြစ်ပြီလား။”

ဒီမေးခွန်းကို ရေးသား မေးမြန်းလိုက်တဲ့ ပုဂ္ဂိုလ်ကတော့ တက္ကဆက် ထရွိုင်ဗျွန်း သတင်းစာရဲ့ မန်နေဂျင်း အယ်ဒီတာ ရော့စ်ရမ်းဆေး ဖြစ်ပါတယ်။ ကောင်းဘွိုင် ဘွတ်ဖိနပ် ဆိုတာကတော့ တက္ကဆက် နယ်သား တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျိမ်းစ်ရစ်ချက်ရစ်ခ်ပယ်ရီကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ သူက ကွန်ဆာဗေးတစ် အချစ်တော်ကြီးတစ်ဦးနဲ့ ဂျော့ဒဗလျူဘုရှ် နောက်မှာ ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၂ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် အမတ်လောင်း အဖြစ်နဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာ သေချာသလောက် ဖြစ်ပြီးနေပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ကျွမ်းကျင်ပြီးတော့ ဘာသာရေး ဆိုင်ရာ အခွင့်အလမ်းတွေအားဖြင့် အနိုင်ရရှိပြီး အိမ်ဖြူတော်ကို ရောက်ရှိသွားနိုင်သူ ဖြစ်ပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး
ရွေးကောက်ပွဲတွေမှာလည်း ရှူံးပွဲမရှိ အနိုင်ရခဲ့သူ ဖြစ်လို့ “ပြိုင်ဘက်ကင်း” ကြီးလို့ နာမည်ကြီး နေသူလည်းဖြစ်ပါတယ်။

ဒါကြောင့် ပယ်ရီဟာ တက္ကဆက် သမိုင်းမှာရော အမေရိကန် သမိုင်းမှာပါ သက်တမ်းအရှည်ဆုံး
ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေနဲ့ လက်ရှိသမ္မတ ဘားရက် အိုဘားမားကို အနိုင်ယူပြီး လုံးဝ အနိုင်ရ ရမယ်လို့ ယုံကြည်နေပါတယ်။


အိုဘားမားကို အဓိကထားပြီး ပယ်ရီက ထိုးနှက်နေတဲ့ အချက်ကတော့ အိုဘားမားဟာ စီပွားရေး အကြပ်အတည်းကြီးက တစ်ဖက် လူထုထောက်ခံမှု မရှိတဲ့ အာဖဂန်နဲ့ အီရတ်စစ်ပွဲ နှစ်ပွဲက တစ်ဖက် အဲဒီပြဿနာတွေ ပေါ်မှာ ခွထိုင်နေရတဲ့ သူလို့ ပြောခြင်းဖြစ်ပါ တယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လူထု စစ်တမ်း အရသာ ရွေးကောက်ပွဲ အချိန်အထိ ဆက်လက်ပြီး လူကြိုက်များနေသေးတယ် ဆိုရင်တော့ သူ့ရဲ့ ဘွတ်ဖိနပ်ကြီးလည်း အိမ်ဖြူတော် ရောက်သွားနိုင်ပါတယ်။
သြဂုတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြိုတင် စစ်တမ်းများအရ ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း မစ်ရွမ်နေကို နောက်က သုည နှစ်လုံး မဲအရေအတွက်အသာနဲ့ နိုင်ထားပြီးတော့ သြဂုတ်လ ၂၂ ရက်နေ့ထုတ် စစ်တမ်းမှာတော့ လက်ရှိသမ္မတ အိုဘားမားနဲ့ သူတင်ကိုယ်တင်ပါပဲ။

San Antonio Express သတင်းစာရဲ့ နိုင်ငံရေးဆောင်းပါးရှင် တက္ကဆက် စာနယ်ဇင်းသမား စကော့စထရောက်ကလည်း ပယ်ရီဟာ ရွေးကောက်ပွဲ အင်အားအပြည့်ရှိတဲ့ နိုင်ငံသမားတစ်ယောက် ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

“သူက အင်မတန် ပါရမီရှိတဲ့ နိုင်ငံရေး သမားတစ်ဦး ဖြစ်ပါတယ်။ ရွေးကောက်ပွဲတိုင်း သူတစ်ခါမှ မရှုံးဖူးသေးဘူး။ သူ့ကို လျှော့တွက်ထားလို့ မရပါဘူး။” လို့ အယ်လ်ဂျာဇီယာနဲ့ အင်တာဗျူးမှာ စထရောက်ကပြောသွားပါတယ်။

၂၀၁၀ တုန်းက ငွေကြေးတောင့်တင်းပြီး အင်မတန် နာမည်ကြီးတဲ့ တက္ကဆက် ဆီနိတ်တာ ကေဘိုင်လီဟူချစ်ဆန်ကို ပယ်ရီအနိုင် ရရှိခဲ့တယ်။ ၂၀၀၂ ခုနှစ် တုန်းကလည်း သူ့ထက်
ငွေကြေး အဆမတန် သုံးစွဲခဲ့တဲ့ ဒီမိုကရက် တစ်ပြိုင်ဘက် တိုနီဆန်းချက်ဇ်ကို အနိုင်ရခဲ့ပါတယ်။
သူ့အယူအဆမှာလည်း အငြင်းပွားဖွယ် ဖြစ်နေပါတယ်။ ၂၀၀၉ ခုနှစ် အခွန်တော်နေ့ ဆန္ဒပြပွဲတွင် ပယ်ရီကတက္ကဆက်ကို အမေရိကန် ပြည်ထောင်စုမှ ခွဲထွက်ရေးအကြောင်း မထိတထိ
ဟောပြောခဲ့သဖြင့် နှာခေါင်းရှုံ့စရာ အဖြစ် နာမည်ကြီးခဲ့ ပါသေးတယ်။

ယင်းအယူအဆကို အပြောအဆို မတတ်ခြင်းဟုသာ မှတ်ယူခဲ့ကြပြီး ယခုအခါ နိုင်ငံရေးအယူအဆများ ဆွေးနွေးဖလှယ်ထွက်ပေါ် ရာ “Tea Party” ခေါ် တတ်သိပညာရှင်များ လက်အဖွဲ့မှ ပယ်ရီကို ထောက်ခံသည့် အနေအထားမျိုး ထွက်ပေါ်လာနေပါတယ်။ အကဲဖြတ် တွေကတော့ ပယ်ရီအနေနဲ့ မကြာခဏဆိုသလို ဒီလို အပြောအဆိုမတတ် တဇွတ်ထိုး ဆန်ဆန် ပြောတတ်၊ ဆိုတတ်ပေမယ့် သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ဒီကိစ္စကြောင့် ဘယ်လိုမှ ထိခိုက်မှု မရှိနိုင်ပါဘူးလို့ သုံးသပ်ကြပါ တယ်။

“ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း ဖြစ်ဖို့ အခွင့်အရေးကတော့ သူ့အတွက် အတော် အလားအလာ
ကောင်းနေပါ တယ်။ ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်လာရာမှာ ပွဲအတော်များသွားပြီမို့ သူဟာ ပွဲပန်းနေတဲ့ အနေအထားမျိုး ဖြစ်လာဖို့ ပြိုင်ဘက်တွေက အတော်မျှော်လင့်ထားကြတယ်ဆိုတာ ထင်ရှားတယ်ဗျ။ အဲဒါကို စစ်တမ်းကောက်ယူပွဲတွေမှာ ပြိုင်ဘက်တွေက သူ့အပေါ် ဘယ်လို တုံ့ပြန်ကြ သလဲဆိုတာကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါပေမယ့် သူကတော့ သူ့ကိုယ်သူ အမြန် ပြန်အရှိန်တင်ပြီး ပြန်လည် ချေပနိုင်တယ်ဆိုတာ အသေအချာပါပဲ။ ” လို့ “တက္ကဆက်လစဉ်” မဂ္ဂဇင်း အယ်ဒီတာ ဂျိတ်ဆေးလ်ဗားစတိန်းက အယ်လ်ဂျာဇီယာနဲ့ တွေ့ဆုံခန်းမှာ ပြောသွားပါတယ်။

ရမ်းဆေးကလည်း ပယ်ရီဟာ အခြား ကိုယ်စား ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ရင် ဖြစ်နိုင်ဖွယ် အရှိဆုံး ကိုယ်စားလှယ်လောင်းလို့ ပြောပါတယ်။ ပြောပုံကတော့
“ပယ်ရီနဲ့ပတ်သက်ပြီး လေ့လာကြည့်မယ်ဆိုရင် သူက ဘဏ္ဍာရေးနဲ့ လူမှုရေးဆိုင်ရာ ရှေးရိုးစွဲဗျ။ ဧဝံဂေလိအသင်းဝင် ခရစ်ယာန် တစ်ယောက် ဖြစ်တယ်ဗျာ။ တတ်သိအဖွဲ့ “Tea Party” မှာ ပထမဦးဆုံး ပါတဲ့ တက္ကဆက်နိုင်ငံရေးသမား တစ်ဦးလည်း ဖြစ်တယ်ဗျာ ။ တောင်ပိုင်းသား ဖြစ်တယ်။ ရုပ်ရည်က တင့်တယ်တယ်။ စကားပြောတာ ကောင်းတယ်။ အခြား ကိုယ်စားလှယ် လောင်းတွေမှာ အဲဒီအရည်အချင်းတွေ မရှိဘူးဗျ။ ”

ပယ်ရီက အသက် ၆၁ နှစ်ရှိပြီ။ တက္ကဆက်ရဲ့ ငါးဆက်မြောက် မျိုးဆက်။ အဘိုင်လင်းမှာ မွေးပြီးတော့ တက္ကဆက် A&M တက္ကသိုလ်ကနေ ၁၉၇၂ ခုနှစ်မှာ 2.2 GPA ဘွဲ့နဲ့ သတ္တသိပ္ပံ ဝိဇ္ဖာဘွဲ့ (BA , Animal Science) တွေရရှိခဲ့တယ်။ လေတပ်မှာ စစ်မှုထမ်းစဉ် C-130 လေယာဉ်မောင်းနှင်ခဲ့ပြီးတော့ ၁၉၇၇ ခုနှစ်မှာ တက္ကဆက်ကို ပြန်မလာခင်အထိ ဗိုလ်ကြီးရာထူးနဲ့ တာဝန် ထမ်းဆောင်ခဲ့တယ်။

တက္ကဆက်ပြည်နယ် ကိုယ်စားပြု၊ အောက်လွှတ်တော် ကိုယ်စားပြု ဒီမိုကရက်တစ် အမတ်အဖြစ်နဲ့ ၁၉၈၄ ခုနှစ်မှာ အရွေးခံရတယ်။ ၁၉၈၈ မှာ အယ်လ်ဂိုး သမ္မတအဖြစ် ဝင်ပြိုင်တော့ အယ်လ်ဂိုးကို ထောက်ခံပြီး တက္ကဆက်ပြည်နယ်မှာ အယ်ဂိုး မဲဆွယ်စည်းရုံးရေး လုပ်ငန်းဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်ပေးခဲ့တယ်။ နိုင်ငရေး အကွက်မြင်သူ ဖြစ်ပြီးတော့ ၁၉၈၉ ခုနှစ်မှာ ရီပတ်ဘလီကန် ပါတီကို ရုတ်တရက် ဗြောင်ကျကျပဲ ကူးပြောင်းသွားခဲ့တယ်။ နောက်ပိုင်း နှစ်တွေမှာ သူနဲ့ ဘုရှ်တို့ဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ မဟာမိတ်တွေလို့ ပြောဆိုခဲ့တယ်။
ပယ်ရီရဲ့ အကူးအပြောင်း မြန်တတ်တဲ့ စိတ်နဲ့ ပတ်သက်ပြီး နောက်ထပ် စဉ်းစားစရာ
ဖြစ်လာတာက လေတပ်မှာ သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက အခုလို
ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ အမေရိကန်တွေရဲ့ထုံးစံဖြစ်တဲ့ အခြားသူ တစ်ဦးတစ်ယောက်ရဲ့ အသက်ကို တန်ဘိုးထားတတ်တဲ့ စိတ်ဓါတ် သူ့မှာ မရှိဘူးဗျ။” လို့ပြောပြီး တက္ကဆက် ဥပဒေအရ သေဒဏ်ပေးစီရင်ရာမှာ သူက ဘုရှ်ထက်သာတယ်လို့ ဆိုပါတယ်။

ပယ်ရီက ကိုယ့်ကိုယ်ကိုယ် ကြေငြာတတ်တဲ့ ဘဏ္ဍာရေး ရှေးရိုးစွဲဖြစ်ပြီး သန္ဓေဖျက်ခြင်းကို တားမြစ်ပါတယ်။ ရာဇဝတ်မှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမယ်လို့ ကြေငြာပြီးတော့ ပြည်နယ်အုပ်ချုပ်ရေးမှူး
ရွေးကောက်ပွဲတွေမှာ ဟောပြော မဲဆွယ်ခဲ့တဲ့ သူပါ။ ကျမ်းစာမှာပါတဲ့ အပြစ်လွတ်ခြင်းကို ယုံကြည်ပြီးတယ်ဆိုတာ ၂၀၀၆ ခုနှစ်တုန်းက ပြောကြားခဲ့ပြီးတော့ ယေရှုသခင်ကို ကယ်တင်ရှင်အဖြစ် မယုံကြည်သူတွေဟာ ငရဲကို သွားရမယ့် လူတွေလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပယ်ရီရဲ့ မဲဆွယ်စည်းရုံး ဟောပြောမှုတွေကို တက္ကဆက် သတင်းစာတွေက အမြဲတမ်းနီးပါး ဝေဖန်ရေး ဆောင်းပါးတွေ ရေးကြ ပါတယ်။

“သူ့ရဲ့စည်းရုံးရေး ဗျူဟာက ကျွန်တော် နားလည် သလောက်ပြောရရင်တော့ သူများထက် တစ်နေ့တစ်မျိုး ထူးရင်ထူး၊ မထူးရင် ရူးဆိုတာမျိုး တွေချည်းပါပဲ။” ဟု စထရောက် ရေးသားခဲ့ဖူးတယ်။

“သိပ္ပံပညာ ထွန်းကားတိုးတက်မှုကြောင့် ကမ္ဘာပူနွေးလာတယ်ဆိုတာကိုတော့ သူက လက်မခံပါဘူး။ ပြီးတော့ နယူးဟမ်းရှိုင်းယားက ကလေး တစ်ယောက်ကို သူက ကျွန်တော်တို့ တက္ကဆက် ကျောင်းတွေမှာ ဖန်ဆင်းရှင်ဝါဒကို သင်ကြားတယ်လို့ ပြောပါတယ်။ ဒါဟာ ဥပဒေနဲ့ မညီညွတ်ပါဘူး။”

ဒါးလက်စ်မော်နင်းပို့စ် သတင်းစာရဲ့ အကြီးတန်း နိုင်ငံရေး ဆောင်းပါးရှင် ဝိန်းဆလေတာက ပယ်ရီရဲ့ ခရစ်ယာန် အစွန်းရောက်ဝါဒ၊ လူမျိုးစွဲ ဝါဒတွေနဲ့ နိုင်ငံရေး အယူအဆ အခြေခံတွေကို ဖေါ်ထုတ်တတ်တဲ့ အပေါ် အခုလို ဝေဖန်ပါတယ်။

“ပယ်ရီနဲ့ ပတ်သက်ပြီး ပြဿနာက ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း အဖြစ် ပယ်ရီသာ ဝင်အရွေးခံမယ် ဆိုရင် သန္ဓေဖျက်ချမှုတားမြစ်ရေး၊ ကွန်မြူနစ် တိုက်ဖျက်ရေး၊ ခွဲထွက်ရေး၊ ဗိုလ်ကျ စိုးမိုးရေး၊ ခရစ်ယာန် အစွန်းရောက် ဂျူးဝါဒီ စတဲ့ အယူ အဆတွေနဲ့ လူတွေကသူ့ကို တွဲမြင်ကြလိမ့်မယ်ဆိုရင် အဲဒါပြဿနာပဲ။”

ပယ်ရီရဲ့ မဲဆွယ် စည်းရုံးလှုပ်ရှားမှုတွေကို လေ့လာကြည့်မယ်ဆိုရင် ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို အနိုင်ရရှိတာဟာ တက္ကဆက်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေတာတွေရဲ့ တိုက်ရိုက် အကျိုးသက်ရောက်မှုတွေဆိုတာ တွေ့ရမယ်။

“တက္ကဆက်ရဲ့ အံ့ဖွယ်ကြီး” လို့ တခါတစ်လေ သူ့ကိုခေါ်ကြတယ်။ ခေါ်လည်း ခေါ်ထိုက်ပုံက ဒီလိုပါ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အမေရိကန် ပြည်ထောင်စုရဲ့ အလုပ်အကိုင် တိုးတက်မှု ရာခိုင်နှုန်း တစ်ဝက်က တက္ကဆက်ပြည်နယ်က ဖြစ်နေတယ်။ “အံ့ဖွယ်ကြီး” အတွက် နှလုံးပီတိ ဂွမ်းဆီထိလို့ အတိုင်းထက်အလွန်၊ တံခွန်နဲ့ ကုက္ကားဆိုတဲ့ ကိန်းမျိုးပါပဲ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အလုပ် လက်မဲ့နှုန်း ၉.၁% ရှိနေချိန်မှာ တက္ကဆက်ပြည်နယ်က ၈.၁% ပဲရှိတယ်။ လွန်ခဲ့တဲ့နှစ်က တက္ကဆက်မှာ အလုပ်အကိုင် ဖန်တီးပေး နိုင်မှု ၂၁၀,၀၀၀ ပေါ်ထွက်ခဲ့တယ်။ ဘယ်ပြည်နယ်မှ အဲဒီလောက်အားမကောင်းခဲ့ဘူး။

ဒါပေမယ့် မဲဆွယ်စည်းရုံးရေး ဟောပြောချက်တွေမှာ ထည့်ပြောမသွားတဲ့ အချက်နှစ်ချက်ကတော့ အဲဒီ ဖန်တီးနိုင်ခဲ့တဲ့ အလုပ်အကိုင် ၂၁၀,၀၀၀ ထဲက ၃၇% ဟာ ပြည်ထောင်စု သတ်မှတ်လခထက် နိမ့်ကျတဲ့ အလုပ်အကိုင်တွေ ဖြစ်တယ်ဆိုတာရယ်၊ ၁၉၈၇ ခုနှစ်က စလို့တွက်ရင် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံး
ဖြစ်ခဲ့တယ်ဆိုတာရယ်။ နောက်ပြီး တက္ကဆက်မှာ ဘာကြောင့် အခြားသော စီးပွားရေး ချို့တဲ့မှုများ
ဖြစ်နေရတယ် ဆိုတဲ့အကြောင်းကိုလည်း မပြောပါဘူး။ တက္ကဆက်လူဦးရေရဲ့ ၃၀% (၆ သန်း) ဟာ အာမခံကြေး သွင်းမထားကြဘူး။ ဒါကြောင့် ဒီနှစ် တစ်နှစ်တည်းမှာပဲ အစိုးရအနေနဲ့ ဘတ်ဂျက်လိုငွေပြမှု ၄.၃ ဘီလီယံဒေါ်လာ ရှိခဲ့တယ်။

သူ့ရဲ့ပြောင်ပြောင်တင်းတင်း ပြောတတ်တဲ့ အကျင့်အရ ပြောခဲ့တဲ့ စကားတွေထဲက တစ်ခုကတော့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဘန်ဘာနိတ် ကို ခြိမ်းခြောက်တဲ့ စကားဖြစ်ပါတယ်။

“အခုနဲ့ ရွေးကောက်ပွဲ ကြားကာလမှာ ဒီလူနောက်ထပ် ပိုက်ဆံတွေ ဗဟိုဘဏ်ကနေ ရိုက်ထုတ်နေလို့ကတော့ အိုင်အိုဝါ မှာဆိုရင်တော့ ခင်ဗျားတို့ ဘာလုပ်မလဲမသိဘူး။ တက္ကဆက်မှာ ဆိုရင်တော့ ကျုပ်တို့က ဒီလူ့ကို နှိပ်မှာ။” လို့ လွန်ခဲ့တဲ့လကပဲ ပြောသွားခဲ့တာပါ။

၂၀၀၅ ခုနှစ် အတွင်းက ရုပ်သံတစ်ခုနှင့် အင်တာဗျူးတစ်ခုတွင် အပြီးသတ်၌ ပြည်နယ် အုပ်ချုပ်ရေးမှူးကြီး၏ စိတ်ထဲတွင် ကင်မရာများ ပိတ်သွားပြီအထင်နှင့် သူ့ကို အင်တာဗျူးခဲ့သော သတင်းသမားကို နောက်သလို ပြောင်သလိုနှင့် ညစ်ညစ်ညမ်းညမ်း ပြောဆိုခဲ့ သည့် ပုံနှင့် စကားများမှာ ရုပ်သံလွှင့်ရာတွင် ပါဝင်သွားခဲ့ပါတယ်။ ပြောပုံက “ဘိုင်ဘိုင် … မအေ … ရေ .. ” ။
http://www.youtube.com/watch?v=obLGOITasek&feature=related (ဤလင့်တွင် ကြည့်နိုင်သည်)

၂၀၀၀ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဂျော့ဒဗလျူဘုရှ် ပါဝင်ယှဉ်ပြိုင်စဉ်က တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ်သူ လုပ်ဆောင်ခဲ့သည်များကို ဟောပြော မဲဆွယ်ခဲ့တယ်။ ယခုအခါ ပယ်ရီလည်း ဘုရှ်ခြေရာကို နင်းကာ သူ့ပြည်နယ်တွင်း စီးပွားရေး တိုးတက်မှုများကို ပြောဆိုကာ မဲဆွယ် စည်းရုံးလျက် ရှိပါတယ်။ စာရင်းအင်း ပညာရှင်အများအပြားက သူ့စီးပွားရေးဆိုင်ရာ ကတိကဝတ်များအပေါ် မဖြစ်နိုင်ကြောင်း ဆိုပါတယ်။

အခြားပြည်နယ်များနှင့် ယှဉ်ရင် တက္ကဆက်မှာ အိုးပိုင်အိမ်ပိုင်နှုန်း အဆင့် ၄၄ မှာ ချိတ်ပြီးတော့ အိမ်မြေအာမခံ ထားနိုင်တဲ့အဆင့် ကတော့ အဆင့် ၅၀ မှာ ချိတ်ပါတယ်။ ဒါပေမယ့် မိသားစု ကျန်းမာရေး အာမခံ မထားတဲ့ နှုန်းကတော့ အမြင့်ဆုံးပါပဲ။

လုပ်ငန်းခွင်အတွင်း သေဆုံးမှုနဲ့ လုပ်ခ အနိမ့်ဆုံးရတဲ့ စာရင်းမှာတော့ ထိပ်ဆုံးမှာ နံပါတ်တစ် ချိတ်ပါတယ်။ အလုပ်သမား ထိခိုက်နစ်နာလျော်ကြေးငွေ ပေးဆောင်မှုမှာလည်း အဆင့် ၅၀ ချိတ်ပါတယ်။ အထက်တန်း
အောင်တဲ့ အရွယ်ရောက်သူဦးရေ ရာခိုင်နှုန်းအလိုက် တန်းစီဇယား ချရာမှာလည်း နောက်ဆုံးအဆင့်
ဖြစ်ပါတယ်။

ပယ်ရီလက်ထက်တွင် တက္ကဆက် အထက်တန်း ကျောင်းများနှင့် မူလတန်းကြို ကျောင်းများတွင် တက်ရောက်နေသော ဝင်ငွေနည်း မိသားစု ကျောင်းသားဦးရေ ၁၀၀,၀၀၀ အတွက် ရံပုံငွေ
ဖြတ်တောက်မှု အစီအစဉ်ကို လုပ်ဆောင်ခဲ့ပါတယ်။

တက္ကဆက်ရဲ့ ဂုဏ်သိက္ခာက ဘုရှ်လက်ထက်က ကျဆင်းခဲ့ပါတယ်။ ပယ်ရီကလည်းပဲ သူများ အမြင်ကတ်အောင် ပြောဆိုနေတယ်။

သို့တိုင်အောင် အချို့သော လေ့လာ သုံးသပ်သူများက တက္ကဆက်နှင့် ပယ်ရီအပေါ် ဝေဖန်မှုများနှင့် ပုံသေကားကျ ဆန်မှုများသည် ပယ်ရီ၏ သမ္မတ ရွေးကောက်ပွဲ ဝင်မည့်အပေါ် အကျိုး သက်ရောက်မှု မရှိဟု သုံးသပ်ကြပါတယ်။

“တက္ကဆက်မှာ သူ့ရဲ့ကိုယ်ပိုင် ရူးသွပ်မှု ရှိပါတယ်။ ဒါပေမယ့် အခြားပြည်နယ်တွေနဲ့ သိပ်ပြီး ကွာခြားမှု ရှိမရှိဆိုတာကိုတော့ ကျွန်တော် အသေအချာ မသိပါဘူး။” အော်စတင်ရှိ တက္ကဆက် တက္ကသိုလ်မှ သတင်းစာ ပညာကျောင်း၏ ပါမောက္ခ ရောဘတ်ဂျင်ဆင် က အယ်လ်ဂျာဇီယာကို ပြောပြခဲ့ပါတယ်။

“ကျွန်တော်ပြောချင်တာက ကျွန်တော်က တက္ကဆက်မှာ နေနေလို့ မဟုတ်ပါဘူး။ ကျွန်တော်က အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေလို့ ဖြစ်ပါတယ်။ ကျွန်တော့် အတွက်တော့ ရစ်ခ်ပယ်ရီက ပုံမှန်ပါပဲ။”

ပါမောက္ခက ဂျင်ဆင်က ပယ်ရီဟာ အခြား ရီပတ်ဘလီကန် ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ မစ်ရှဲလ်ဘက်မန်းတို့ ရွမ်းနေတို့နဲ့ ယှဉ်လိုက်ရင် သိပ်ပြီး ထင်ရှားတဲ့သူ မဟုတ်ပါဘူး။

မစ်ရှဲလ်ဘက်မန်းက နိုင်ငံရေး အယူအဆ ပိုပြီး အစွန်းရောက်ပြီးတော့ ရွမ်းနေကတော့ နိုင်ငံရေး သူငယ်နာ မစင်သေးတဲ့ လူလို့ ဂျင်ဆင်က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ၁၉၇၀ ခုနှစ်များ ကတည်းက လက်ယာနိုင်ငံရေး အယူအဆဘက်ကို ကူးပြောင်းသွားခဲ့တယ်လို့ ဂျင်ဆင်က ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချိန်က တောင့်တင်းတဲ့ လက်ယာအုပ်စုလို့ မှတ်ယူထားခဲ့ကြတဲ့ ရီပတ်ဘလီကန် ပါတီရဲ့ သြဇာအာဏာ ထူထောင်မှုက အဲဒီအချိန်ကတည်းက လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ အထိရှိခဲ့တယ်။

“ဖွံ့ဖြိုးပြီး ကမ္ဘာမှာ ခပ်ရူးရူး လူမှု အဖွဲ့အစည်းတွေနဲ့ နိုငံနှစ်နိုင်ငံ ရှိတယ်ဗျ။ အဲဒီနိုင်ငံတွေက အမှန်တရားကို လက်မခံနိုင် ကြဘူး။ အမေရိကန်နဲ့ အစ္စရေးလ် ပေါ့။ သူတို့က သိပ်မြင့်လွန်းအားကြီးနေတော့ အမှန်တရားနဲ့ ကင်းကွာနေတယ်။ အဓိကကျတဲ့ အစိတ်အပိုင်းကတော့ အစ္စရေးလ်ရဲ့  နိုင်ငံရေး အယူအဆတွေဖြစ်ပြီး အမှန်တရားကို မထိစပ်နိုင်သလို အသိအမှတ်လည်း မပြုဘူး။ အမေရိကန်လည်း ထိုနည်း လည်းကောင်းပဲ။”
အခုလို ပယ်ရီတစ်ယောက် ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် အောင်မြင်နေတာရော ၊ အမေရိကန် သမ္မတအဖြစ် အလားအလာ ကောင်းနေတာတွေရောက ဒီလို ခပ်ရူးရူး လူ့အဖွဲ့အစည်းကြောင့်ပဲ ဖြစ်တယ်လို့ ဂျင်ဆင်က သုံးသပ်ပါတယ်။

Taxes Observer သတင်းစာရဲ့ သတင်းထောက် အက်ဘီရက်ပါပို့က ပယ်ရီတစ်ယောက်
နေ့ချင်းညချင်း အချိန်တိုအတွင်း ထိုးတက်လာပေမယ့် လက်ရှိမှာတော့ ရွေးကောက်ပွဲ စည်းရုံးမဲဆွယ် လှုပ်ရှားမှုများ ဆောင်ရွက်တဲ့ နေရာမှာ နည်းဗျူဟာ အပိုင်နိုင်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုပါတယ်။

“၂၀၁၀ နိုင်ငံရေး စည်းရုံးလှုပ်ရှားမှု အကြောင်း ပယ်ရီက စာအုပ်ရေးသားခဲ့ပါတယ်။ အဲဒီတုန်းက ငွေကုန်ကြေးကျခံပြီးတော့ အောက်ခြေ လူတန်းစား ကွန်ယက်တစ်ကို ဖန်တီးခဲ့ပါတယ်။”
သူ့ရဲ့ စည်းရုံးမဲဆွယ်ပွဲတွေအတွင်း သူပေးခဲ့တဲ့ ကတိတွေကို စာနယ်ဇင်းတွေက အသေအချာ
လေ့လာသုံးသပ်ပြီး တင်ပြခြင်းမပြု ခဲ့တဲ့အတွက် ပယ်ရီအတွက် အထိနာစေမယ့် ကိစ္စတွေ မဖြစ်ခဲ့တော့ဘူး လို့ ရက်ပါပို့က ပြောပါတယ်။

ရမ်းဆေး ထောက်ပြသလိုပဲ ပယ်ရီဟာ တစ်ချိန်လုံး ပြည်နယ် အုပ်ချုပ်ရေးမှူးပဲ လုပ်လာပြီး ပြည်နယ်တွင်း ကိစ္စတွေနဲ့ပဲ နပန်းလုံးနေ ရတဲ့သူ ဖြစ်ခဲ့တော့ နိုင်ငံခြားရေး မူဝါဒတွေမှာ အတွေ့အကြုံမရှိပါဘူး။

လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ အိုဘားမားကို ကျော်တက်ပြီး အနိုင်ရနိုင်တဲ့ သမ္မတလောင်း တစ်ယောက်အဖြစ် ပယ်ရီ့ကို ထင်ကြေးပေးနေကြတဲ့ ပညာရှင်တွေ တစ်နေ့တစ်ခြား တိုးပွာလာနေတဲ့ အထဲမှာ ဂျင်ဆင်၊ ဆေးလ်ဗားစတိန်းနဲ့ ရမ်းဆေးတို့လည်း အပါအဝင် ဖြစ်ပါတယ်။ သူတို့က အိုဘားမား ရင်ဆိုင်နေရတဲ့ ပြည်တွင်း၊ ပြည်ပ အခက်အခဲတွေကို ထောက်ပြပြီးတော့ ပြောဆိုနေကြခြင်း ဖြစ်ပါတယ်။ ဒါကို ပြည်တွင်းမှာ ဝေါလ်စထရိ၊ ပြည်ပမှာ အီရတ်နဲ့ အာဖဂန်နစ္စတန်ဆိုပြီးတော့ ပြောကြပါတယ်။
“အိုဘားမားရဲ့ အားနည်းချက်တွေကို ထောက်ပြီး ဖြတ်ကျော်တက်နိုင်တဲ့ ဘယ်သူမဆို နိုင်ချေရှိပါတယ်။ ကျွန်တော်တောင် နိုင်ချေရှိပါတယ်။” လို့ ဂျင်ဆင်ကပြောပါတယ်။

ဆေးလ်ဗားစတိန်းကတော့ ပယ်ရီဟာ ပင်ကိုယ် စိတ်ဓါတ်ပြင်းထန်တဲ့သူ၊ ဘယ်ရွေးကာက်ပွဲမဆို အပြင်းအထန် လုံးပန်းပြီး သူ့ကိုယ်သူ အင်မတန် အင်အားကောင်းတဲ့ စည်းရုံးမဲဆွယ်ကောင်းသူ တစ်ယောက်အဖြစ် မိမိကိုယ် မိမိယုံကြည်မှု အပြည့် အဝရရှိထားတဲ့သူလို့ ဆိုပါတယ်။ ဒါ့အပြင် ထပ်ခါထပ်ခါ အနိုင်ရထားတဲ့သူလည်း ဖြစ်ပါတယ်။ ပယ်ရီဟာ တကယ်ပြင်းပြင်း ထန်ထန်အလုပ်လုပ်တဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်၊ တကယ့် နိုင်ငံရေး သမားတစ်ယောက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“သူဟာ စိတ်ကူးယဉ်သမား မဟုတ်ပါဘူး။” လို့ ဆေးလ်ဗားစတိန်းက ပြောပါတယ်။

ရမ်းဆေးကလည်း ၂၀၁၂ ရွေးကောက်ပွဲအတွက် ကြိုတင် ဟောကိန်းထုတ်ရန် စာသေးကြောင်း ၊ ဒါပေမယ့် ဒီနေ့ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်တော့ ဒီနေ့ပဲ အိုဘားမားရှူံးမယ်လို့ ပြောလိုက်ပါတယ်။

ဂျင်ဆင်က စီးပွားရေး ကျဆင်းမှုနဲ့ အီရတ်နဲ့ အာဖဂန်စစ်ပွဲတွေအပေါ် လူထုကြိုက် နှစ်သက်မှု မရှိခြင်းတွေအတွက် အိုဘားမားကို ဝေဖန်ပြစ်တင်ပါတယ်။ အဲဒီအတွက် အိုဘားမားရဲ့ လူထုကြားရေပန်းစားမှု လျော့ကျရတယ်လို့ ပြောတဲ့အပြင် လူမျိုးရေးနဲ့လည်း ဆက်နွယ်ပြီး ပြောခဲ့ပါတယ်။
“အိုဘားမားက လူမည်းဖြစ်နေတဲ့ အတွက် သူ့ကို မကြိုက်တဲ့ လူဖြူတွေ အများကြီးရှိတယ်။”
“ပယ်ရီက ဂျိုကျိုးနားရွက်ပဲ့ ပြိုင်ဘက်နဲ့ ပြိုင်ရမှာဖြစ်ပါတယ်။”
လက်ရှိ စစ်တမ်းများအရ ပယ်ရီဟာ ရီပတ်ဘလီကန် ကိုယ်စားလောင်းအဖြစ် အသင့်လျော်ဆုံးဖြစ်ကြောင်း ဂျင်ဆင်က ဆိုပါတယ်။
“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငွေကြေး ထူထောင်နိုင်မလား ဆိုတဲ့ ပြဿနာတစ်ခုပဲ သူ့အတွက်ရှိတယ်။ ဒါလည်း ဖြစ်နိုင် ချေရှိပါတယ်။ ရွမ်းနေထက် သူ့ကို လူကြိုက်ပိုများပါတယ်။ အခြား ရီပတ်ဘလီကန် ကိုယ်စားလှယ်တွေတော့ သူ့ကိုမယှဉ်နိုင်ပါဘူး။ ရီပတ်ဘလီကန်ရဲ့ အကြိုက်တွေ့မှု၊ မတွေ့မှု၊ သူ့ရဲ့အားနည်းချက် ပျော့ကွက်တွေ အသာထား၊ လောလောဆယ် အသင့်လျော်ဆုံးက သူပဲဖြစ်တယ်လို့ ကျွန်တော်ပြောရပါလိမ့်မယ်။” လို့ ဂျင်ဆင်က ပြောသွားပါတယ်။

ပယ်ရီရဲ့ ရံပုံ ငွေကြေး ထူထောင်နိုင်စွမ်းကလည်း အားကောင်းနေပါတယ်။ မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှု ရံပုံငွေ ထောက်ပံ့မှု ဥပဒေအရ တက္ကဆက်နဲ့ ပြည်ထောင်စု အစိုးရ ဥပဒေတွေကလည်း မတူဘူး။ ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်ဖို့ စည်းရုံးရေး အတွက် ဒေါ်လာ ထောင်နဲ့ သောင်းနဲ့ ချီပြီး အကြိမ်ကြိမ်
ထောက်ပံ့ပေးနေခဲ့တဲ့ ထိပ်တန်း အလှူရှင်တွေအနေနဲ့ ပယ်ရီရဲ့ သမ္မတ အဖြစ် ရွေးကောက် ပွဲဝင်ရမယ့် စားရိတ်အတွက်တော့ ၂,၅၀၀ အထိပဲ ထောက်ပံ့ပေးနိုင်တယ်လို့ ဥပဒေအရ ကန့်သတ်ထားပါတယ်။

ဒါပေမယ့် အဲဒီ အလှူရှင်တွေကပဲ သူတို့ အချင်းချင်း ပေါင်းစည်းပြီး ကွန်ယက်ဖွဲ့ လှူဒါန်းတဲ့ “စုပေါင်းငွေကြေး” ရံပုန်ငွေအဖြစ် လှူဒါန်းဖို့ ဆောင်ရွက်နိုင်ပါတယ်။ ဘုရှ်တုန်းကလည်း ဒီလိုနည်းနဲ့ လှူဒါန်းခဲ့ကြတာပါ။ အဲဒီတုန်းက ဒီလို စုပေါင်းငွေကြေး ကွန်ယက်ပေါင်း ၉၀၀ လောက်က ငွေတွေကို ဘုရှ်လက်ခံရရှိခဲ့ပါတယ်။ ပယ်ရီအနေနဲ့တော့ ဒီထက် ပိုပြီးရနိုင်မယ် လို့တောင် မျှော်လင့်ရပါတယ်။

ပယ်ရီမှာ အဲဒီ ကွန်ယက်တွေ အပြင် အကြီးစား နိုင်ငံရေး လှုပ်ရှားမှု ကော်မီတီ (PAC) လို့ခေါ်တဲ့ အဖွဲ့ပေါင်း ခုနှစ်ဖွဲ့လောက်ရှိပြီး လည်ပတ် ဆောင်ရွက်နေပါပြီ။ ဒီအဖွဲ့တွေက တစ်ဦးချင်း အလှူရှင်တွေ၊ ကော်ပိုရေးရှင်းကြီးတွေက အကန့်အသတ်မဲ့ လှူဒါန်းတဲ့ ငွေတွေကို လက်ခံနိုင်ပြီးတော့ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် သုံးစွဲနိုင်ပါတယ် ။


သြဂုတ်လ အစောပိုင်းတုန်းက “နိုင်ငံတော်အတွက် ဆုတောင်းပွဲ” လို့အမည်ပေးထားတဲ့ ခုနှစ်နာရီကြာ ဝတ်ပြုဆုတောင်းပွဲကို ပယ်ရီက ဦးဆောင်ပြီးတော့ ဟူစတန်မှာ ကျင်းပခဲ့ပါတယ်။ လူပေါင်း ၃၀,၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

“အဖ ဘုရား … အမေရိကန်နိုင်ငံအတွက် ကျွန်ုပ်တို့ စိတ်ဝမ်းနှလုံး ညှိုးချုံးနေကြရပါတယ်။ နိုင်ငံတွင်းမှာ တစ်ယောက် တစ်ပေါက် ဖြစ်နေကြပါတယ်။ စီးပွားရေးအတွက် စိုးရိမ်ပူပန်နေရပါတယ်။ အစိုးရ ခန်းမများထဲမှာ အမျက်ဒေါသတွေ တွေ့နေရပါတယ်။ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ဒီနိုင်ငံကို ဘယ်သူက ဖန်ဆင်းထားသလဲဆိုတာ ကျွန်ုပ်တို့ မေ့လျော့နေကြပါတယ်။ ဘယ်သူက ကာကွယ်ပေးထားသလဲ၊ ဘယ်သူက ကောင်းချီးမင်္ဂလာ ပေးနေသလဲ ဆိုတာတွေလည်း မေ့လျော့နေကြပါတယ်။ ခွင့်လွှတ်ဖို့ အသနားခံ တောင်းပန်ပါတယ် အဖဘုရားရှင် … ”

ဒီလို ပယ်ရီက ရွတ်ဆိုပြီးရှေ့ကနေ ဦးဆောင်ဆုတောင်းပါတယ်။
အဲဒီဆုတောင်းပွဲကြီးကို ဟူစတန်ရီလိုင်းယန့် ကစားကွင်းကြီးထဲမှာ ပြုလုပ်ပြီးတော့ အမေရိကန်နိုင်ငံတစ်လွှား ခရစ်ယာန် ဘာသာရေး ရုပ်သံလိုင်းတွေကနေ၊ အင်တာနက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး ဘုရားကျောင်း တစ်ထောင်လောက်မှာ တစ်ပြိုင်နက် ဝတ်ပြုခဲ့ကြ ပါတယ်။
ယင်းဝတ်ပြုဆုတောင်းပွဲမှာ နိုင်ငံရေး မဲဆွယ် စည်းရုံးလှုပ်ရှားမှုနှင့် မသက်ဆိုင်ကြောင်း ပယ်ရီက ငြင်းဆိုချက် ထုတ်ထားသော်လည်း ဂျင်ဆင်ကမူ ပယ်ရီသည် နိုင်ငံရေးနှင့် ဘာသာရေး
ရောသမမွှေလုပ်နေသည်ကို စိုးရိမ်မိကြောင်း ပြောပါတယ်။

“သူလုပ်လိုက်တဲ့ တစ်နိုင်ငံလုံး ဝတ်ပြုဆုတောင်းပွဲကြီးက ပြဿနာရှိတယ်။ ခရစ်ယာန်ချည်းပဲ သက်သက် မဟုတ်ဘူး။ လက်ယာ ဧဝံဂလိ ခရစ်ယာန်တွေလည်း ပါတယ်။ အဲဒါက စိတ်အနှောင့်အယှက်
ဖြစ်စရာရှိတယ်။ ကိုးကွယ်ယုံကြည်မှုရဲ့ သဘော သဘာဝနဲ့ ဒီလို လုပ်တဲ့ နည်းလမ်းက ရည်ရွယ်ချက် ရှိတယ်။ ဘာလဲဆိုတော့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချတာဖြစ်တယ်။” လို့ ဂျင်ဆင်က ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်လိုက်ပါတယ်။

ဒီအစီအစဉ်ကို “The Call” လို့ခေါ်တဲ့ ခရစ်ယာန် အခြေခံဝါဒီတွေက စည်းရုံး လှုံ့ဆော်ပြီး
ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ဝါဒီ တွေက ကိုယ့်ကိုယ်ကိုယ် ပရောဟိတ်တွေလို့ သတ်မှတ်တဲ့ အပိုစတိုလစ်(ခရစ်ယာန်ဘုန်းကြီး) ပြုပြင်ပြောင်းလဲရေး (New Apostolic Reformation) လို့ခေါ်တဲ့ လှုပ်ရှားမှုကနေ ဆင်းသက်လာတာ ဖြစ်တယ်။ ဒီအုပ်စုတွေကပဲ ပယ်ရီကို ထောက်ခံသူတွေ အဖြစ် အစောဆုံး ပေါ်ထွက်လာခဲ့တာဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။

ပယ်ရီကလည်း အစကတည်းက နိုင်ငံရေး အကျိုးမျှော် သမားဆိုတော့ သူ့ကို ထောက်ခံရင် ဘာမှ ကြည့်မနေတော့ပဲ ဒီဘာသာရေး အစွန်းရောက်အုပ်စု တွေကို သူ့ရဲ့ နိုင်ငံရေး စည်းဝိုင်းထဲ သွတ်သွင်းလိုက်တော့တာပါပဲ။

ဇွန်လတုန်းက Fox သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပယ်ရီက သူ့ကိုယ်သူ ဘာသာရေး
ခေါင်းဆောင် တစ်ယောက်လိုမျိုး ခိုင်းနှိုင်း ပြောကြားပြီး တက္ကဆက်က သူ့အပေါ် ဝေဖန်ခဲ့တာကိုလည်း တုံ့ပြန် ချေပခဲ့ပါသေးတယ်။

“ပရောဟိတ် တစ်ယောက်ကို သူ့မြို့ သူ့ရွာ ကလူတွေက ဘယ်တော့မှ မချစ်ခင်ကြပါဘူး။ ရွာနားဘုရား၊ ရွာသားမကြည်ညို ဆိုတာလိုမျိုးပေါ့။”

ပယ်ရီရဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ပုံစံနဲ့ သူ့ပြည်နယ်မှာ ဖြစ်နေတဲ့ ဘာသာရေးအရ လက်မခံနိုင်တဲ့ အဖြစ်အပျက်တွေက ခွဲခြားမရဘူး ဖြစ်နေပြန်တယ်။

တက္ကဆက်ရဲ့ ပညာရေး ဥပဒေက ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေ သင်ကြားမပေးရဘူးလို့ ဆိုတယ်။ လေ့လာချက် တစ်ခုအရ တက္ကဆက် ကျောင်းတွေရဲ့ ၉၄%က အရက်သေစာ
ရှောင်ကြဉ်ရေး ပညာပေးမှုတွေကိုပဲ သင်ကြားတယ်လို့ ဆိုပါတယ်။

အဲဒီရဲ့ ရလာဒ်အဖြစ် ဆယ်ကျော်သက် အရွယ် ကလေးမွေးဖွားနှုန်းဟာ တက္ကဆက်မှာ တတိယ အမြင့်ဆုံးဖြစ်ပြီးတော့ အခွန်ထမ်း တွေအတွက် နှစ်စဉ် ဒေါ်လာ တစ်ဘီလီယံလောက် ထမ်းထားရတယ်။ ပြီးတော့ တက္ကဆက်မှာ သေဒဏ်ပေးမှုနှုန်း အမြင့်ဆုံးဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို သေဒဏ် မပေးရေး ဥပဒေပြဋ္ဌာန်းဖို့ အဆိုကိုလည်း ပယ်ရီက ငြင်းထားတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးက အာရုံစိုက်လာမယ့် သမ္မတလောင်း တစ်ယောက်အဖြစ် ယှဉ်ပြိုင်တော့မယ် ဆိုရင် ဒီကိစ္စတွေဟာ ပယ်ရီအတွက် အမဲစက်တွေ ဖြစ်လာမှာပါ။

“သူ့ကို မလေ့လာ မစောင့်ကြည့်ပဲ အပေါ်ကို အတင်းထိုးတင်နေတဲ့ လူတွေအများကြီး ရှိနေတယ်။ သူဟာ မကြာခဏ ဝေဖန်ခံနေရပြီးတော့ ကြောက်စရာကောင်းတဲ့ လူအဖြစ်တောင် ပုံဖေါ်ပြလို့ ရပါတယ်။” လို့ စထရောက်က ပြောပါတယ်။

စကားကို မဆင်မခြင်ပြောဆိုမှု၊ လုပ်တာကိုင်တာ ရှေ့နောက် မညီညွတ်မှု၊ ဝေဖန်ခံရတာတွေ တစ်ပုံတစ်ပင်ကြီး ခေါင်းပေါ်ရွက် ထားရပေမယ့် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းအဖြစ် သမ္မတ
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမယ်ဆိုရင် ပယ်ရီကတော့ သမ္မတဖြစ်ဖို့ အလားအလာအကောင်းဆုံး ဖြစ်သွားမှာပါ။

“ရစ်ခ်ပယ်ရီနဲ့ သူ့ရဲ့အဖွဲ့ကို လျှော့မတွက်ပါနဲ့။ သူတို့ဟာ အင်မတန်ကို ဖန်တီးပြုလုပ်နိုင်စွမ်း ရှိပြီးတော့ အများ လက်ခံနိုင်အောင် တုံ့ပြန် ဆောင်ရွက်နိုင်စွမ်း ရှိသူတွေဖြစ်ပါတယ်။” လို့ ရက်ပါပို့ ကပြောပါတယ်။
ဒါပေမယ့် ရမ်းဆေးက ကျန်တဲ့ပြည်နယ်သားတွေရဲ့ အမြင်မှာ ပယ်ရီဟာ သိပ်ပြီးတော့ တက္ကဆက်သား ပီသနေမလား၊ ဒါကြောင့် ကျန်တဲ့ အမေရိကန်တွေရဲ့အမြင်မှာ ဘုရှ်ရဲ့ ဆိုးကွက်တွေ သူ့ဆီမှာ ထင်ဟပ်နေမလားလို့ ထင်မိကြောင်း ပြောသွား ပါတယ်။

၂၀၁၂ ရွေးကောက်ပွဲမှာ စီးပွားရေးဆိုရာ မူဝါဒကသာ ရွေးကောက်ပွဲကို အဖြေပေးသွားမှာဖြစ်ကြောင်း ဆေးလ်ဗားစတိန်းက ပြောဆိုခဲ့ပြီး ပယ်ရီက အိုဘားမားထက် အားကောင်းနေတဲ့ အချက်ကိုတော့ ချီးမွမ်းပြောဆိုသွားပါတယ်။

“လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ ဒီမိုကရက်တွေက ပယ်ရီဆီကို စာရေးပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် ခြင်းမပြုဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်မဲဆန္ဒရှင်တွေမှာ ဘုရှ်ပေးသွားတဲ့ ဒဏ်ရာဒဏ် ချက်တွေ (ဘုရှ်ရောဂါလက္ခဏာ သို့မဟုတ် ဘုရှ်နာကျခြင်း)မပျောက်ကင်းသေးတဲ့အတွက် နောက်ထပ်တက္ကဆက်သား တစ်ယောက်ကို မဲပေးဖို့ရာ မဖြစ်နိုင်တော့ဘူးလို့ ပြောဆို ရေးသားခဲ့ပါတယ်။”

“ဒါပေမယ့် ဒါက ပယ်ရီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေး၊ မပြိုင်ရေးအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်မဟုတ်ပါဘူး။ ပယ်ရီအပေါ်မှာ အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်တဲ့ ဘုရှ်နာကျနေတဲ့ ကိစ္စတွေကို မေ့ပျောက်သွားနိုင် လောက်အောင် တိုင်းပြည်မှာလည်း အခြေအနေတွေက တွန်းပို့နေပါတယ်။”

“ကျွန်တော်တို့ တက္ကဆက်လစဉ် သတင်းစာကလည်း ပယ်ရီလှမ်းသမျှခြေလှမ်းတိုင်းကို နောက်က တကောက်ကောက် လိုက်ပြီး လေ့လာတင်ပြနေပါတယ်။”
“သူ တစ်ခါမှ မရှုံးဖူးသေးဘူးဗျ ။ ”
ဆေးလ်ဗားစတိန်းက နောက်ဆုံးမှတ်ချက်ပေးပြောကြားသွားပါတယ်။

ဆောင်းပါးရှင် Dahr Jamail ၏ “Rick Perry: Too big to fail?” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။