Saturday, September 17, 2011

အမေရိကန် နီဗားဒါးလေယာဉ်ပြိုင်ပွဲတွင် လေယာဉ်တစ်စင်း ပရိသတ်များကြားပျက်ကျ


အမေရိကန် နီဗားဒါးပြည်နယ် တွင်ကျင်းပသော ဒုတိယကမ္ဘာစစ်လက်ကျန်လေယာဉ်များ လေယာဉ်ပြိုင်ပွဲတွင် လေယာဉ်တစ်စင်း ကြည့်ရှုနေသူများကြားထဲသို့ ပျက်ကျခဲ့ရာ သုံးဦးသေဆုံးပြီး ၅၆ ဦးဒဏ်ရာရရှိကြောင်းသိရသည်။
သောကြာနေ့က ကျင်းပသော ယင်းပြိုင်ပွဲတွင် ဒုတိယကမ္ဘာစစ်သုံး တိုက်လေယာဉ်တစ်စင်း စက်ချို့ယွင်းပြီး ပွဲကြည့်စင်အတွင်း ပျက်ကျခဲ့ကြောင်း ရန်နိုလေယာဉ်ပြိုင်ပွဲ ကျင်းပရေး CEO နှင့် ဥက္ကဋ္ဌဖြစ်သူ မိုက်ဟောက်တွန်က အခင်းဖြစ်ပွားပြီး နာရီပိုင်းမျှ အကြာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့သည်။
ဒေသတွင်း အရေးပေါ်ကုသရေးဌာန ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီးခရုစ်က ဒဏ်ရာရရှိသူ ၂၅ ယောက်မှာ စိုးရိမ်ရသော အခြေအနေတွင်ရှိပြီး အခြား ၂၅ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းပြောသည်။ အခင်းဖြစ်ပွားစဉ်သေဆုံးသူများမှာ ပျက်ကျသော လေယာဉ်ကို မောင်းနှင်ခဲ့သော လေယာဉ်မှူးဖြစ်သူ ရုပ်ရှင်လေယာဉ်စတန့်သရုပ်ဆောင် အသက် ၇၄ နှစ်ရှိ ဂျင်မီလီးဝပ် နှင့် အခြား နှစ်ဦးတို့ဖြစ်သည်။
“အသေအပျောက်များမယ် လို့ကြားရပါတယ်။” ပြိုင်ပွဲပြောခွင့်ရ မိုက်ဒရိပ္ပါ ကပြောပါတယ်။
“အသေအပျောက်အများကြီးဖြစ်နိုင်တယ်။ ဗုံးတစ်လုံးပေါက်ကွဲထွက်သွားသလိုပဲ။ ပြေးလမ်းတစ်လျှောက်မှာ ကြည့်နေ ကြတဲ့ လူတွေက အများကြီးရှိနေတယ်။” ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သော ဂျရက်လန့်ဒ်က ရန်နိုဂေဇက် သတင်းစာသို့ ပြောပြခဲ့သည်။
ပျက်ကျခဲ့သော လေယာဉ်မှာ ဒုတိယကမ္ဘာစစ်အတွင်းက P-51 မူစတန်တိုက်လေယာဉ်ဖြစ်ပြီး “ကဆုန်ဆိုင်းဝိဉာဉ်” ဟု အမည် ပေးထားသည်။ ယင်းလေယာဉ်ကိုစစ်ကြီးအတွင်းက ဖလော်ရီဒါရှိ အိမ်ယာဆောက်လုပ်ရေးသမား တစ်ဦးက မောင်းနှင်ခဲ့ကြောင်း သတင်းကဆို သည်။
လေယာဉ်သည် ပျက်မကျမီ တစ်ပတ်၊ နှစ်ပတ်ခန့်ပျံသန်းပြီးနောက် အကူအညီတောင်းသံကို ရေဒီမှကြားရကြောင်း ဒရိပ္ပါက ပြောသည်။
“ဘာကြောင့်ပျက်ကျသွားတယ် ဆိုတဲ့ အကြောင်းရင်းကို သေချာမသိသေးပါဘူး။ လေယာဉ်မှူးက ပျက်ကျတော့မယ် သိလို့ အကူအညီတောင်းခဲ့ပါတယ်။ ပြိုင်ပွဲရဲ့လမ်းကြောင်းထဲကနေ ဆွဲထုတ်ဖို့ သူကြိုးစားခဲ့ပါတယ်။ လေယာဉ်တစ်ခုခုဖြစ် လာရင် ဒါလေယာဉ်မှူးတွေ လုပ်နေကြအလုပ်ပါ။ ပြိုင်ပွဲလမ်းကြောင်းနဲ့ လုံးဝလွတ်ကင်းတဲ့ အပေါ်ကို ဆွဲထောင်တက်လေ့ရှိ တယ်။ ”

Source: Al jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။