Saturday, September 17, 2011

ထရီပိုလီဆေးရုံကြီးကို ကဒါဖီနှိပ်စက်ခဲ့


လစ်ဗျားမြို့တော် ထရီပိုလီ ဗဟိုဆေးရုံကြီးတွင် ကဒါဖီ၏ နောက်ဆုံးနေ့ရက်များ၌ ကြမ်းတမ်းခက်ခဲများစွာ ရင်ဆိုင်ခဲ့ရလေသည်။
ယခုအခါ ဆေးရုံးဝန်ထမ်းများလည်း ပုံမှန်တာဝန်များကို ပြန်လည်ထမ်းဆောင်နေကြပေပြီ။ သို့သော် သူတို့ပြန်လည်ပြောပြခဲ့ သော အဖြစ်အပျက်များမှာ ကြက်သီးမွေးညင်းထဖွယ်ပင် ။
ထရီပိုလီတွင် ကဒါဖီဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပွားပြီး စစ်တပ်မှ အကြမ်းဖက်နှိမ်နင်းခဲ့မှုများ ဖြစ်ပွား၍များမကြာမီပင် ဆေးရုံကို စစ်တပ်မှ ထိန်းချုပ်ထားခဲ့တော့သည်။ ထို့နောက် သေနတ်ဒဏ်ရာဖြင့်ရောက်လာသော လူနာများရောက်ရှိလာပါက သတင်းပေးရန် ဆရာဝန်များကို ညွှန်ကြားထားသည်။ ကဒါဖီဆန့်ကျင်ဆန္ဒပြမှုတွင်းပါဝင်ခဲ့သည်ဟု သံသယရှိသော လူနာများကို လည်း ခေါ်ဆောင်သွားခဲ့ရာ ယခုအချိန်အထိ ပြန်မတွေ့ရတော့ပေ။

ဆေးရုံစင်္ကြံများပေါ်တွင် နှိပ်စက်ညှဉ်းပမ်းမှုများမဖြစ်ပွားစေရန် ဆေးရုံနှင့် အဆက်အသွယ်ရှိသော အခြားဆရာဝန်အုပ်စုများ သည် စစ်တပ်မှ မသိနိုင်သောနေရာများတွင် ထရီပိုလီတစ်လွှား လျှို့ဝှက်ဆေးခန်းများဖွင့်လှစ်ခဲ့ကြသည်။
လူနေအိမ်များ၊ ကျောင်းများ၊ အခြားအဆောက်အဦများတွင် ခွဲစိတ်ခန်းများကို ယာယီပြုလုပ်ကြပြီး ဆေးရုံကြီးမှ ခိုးထုတ်လာခဲ့ သော ဆေးဝါး၊ ကိရိယာများကို တပ်ဆင်ကြသည်။ ယင်းသို့ဆေးရုံကြီးမှ ဆေးဝါးများအပြင်သို့ခိုးထုတ်သည်ကို မိသွားခဲ့ပါက အလွန်ကြီးလေးစွာ အပြစ်ပေးခံရမည်ဖြစ်သောကြောင့် အလွန်အန္တရာယ်များသော အလုပ်ဖြစ်ကြောင်း ဆရာဝန်များက ပြန်လည် ပြောပြခဲ့သည်။
“ကျွန်တော်တို့က စောင့်ကြည့်ခံနေရတဲ့ ဆရာဝန်တွေ ဖြစ်နေခဲ့ရတာပါ။” ယခုအခါ ဆေးရုံ၏ ဒါရိုက်တတာအဖြစ်တာဝန် ထမ်းဆောင်နေသော သွေးကြောဆိုင်ရာ ခွဲစိတ်ကုဆရာဝန်တစ်ဦးဖြစ်သူ နူရက်ဒိုင်း ဟက်ဆန် အာရီဘီက ယင်းနေ့ရက်များတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည်ပြောပြလေသည်။
“အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲဗျာ။ ဒဏ်ရာအပြင်းအထန်ရထားတဲ့လူနာတွေလည်း အများကြီးပဲ။ ကျွန်တော်နဲ့ လုပ်ဖေါ် ကိုင်ဖက် ဆရာဝန်တွေ ဒီဆေးရုံကြီးအနီး အိမ်တွေမှာ လူနာတွေကို လိုက်ပြီးကုပေးနေရတယ်။ ဒဏ်ရာအတွက် အထောက်အကူ ပြုဆေးဘက်ပစ္စည်းတွေလိုအပ်တယ် ဆိုရင် ပုဂ္ဂလိက ဆေးခန်းတွေကို ပို့ပေးရတယ်။ သစ်ပြားတွေ၊ သံချောင်းတွေသုံးပြီးတော့ ကျည်ဆန်တွေပြန်ထုတ်၊ ဒဏ်ရာကို ပုံမှန်ဖြစ်အောင်ပြန်လုပ် ၊ အဲဒီလိုမျိုးတွေကုသပေးခဲ့ရတယ်။ ထရီပိုလီတစ်မြို့လုံးမှာ လျှို့ဝှက်ဆေးခန်းပေါင်း ၂၄ ခုလောက်ဖွင့်ခဲ့တယ်။ အချို့ဆရာဝန်တွေကိုတော့ ကဒါဖီတပ်တွေက မိသွားပြီးတော့ ထောင်ထဲပို့ ထားလိုက်တယ်။ အဲဒီထဲက တစ်ယောက်ကတော့ အသတ်ခံရပြီးတော့ တစ်ယောက်ကတော့ ပျောက်နေတုန်းပဲ။”

ထိုအခြေအနေတစ်လျှောက်လုံး ဆေးရုံကြီးတွင်တော့ အတတ်နိုင်ဆုံး ပုံမှန်လုပ်ကိုင်ဆောင်ရွက်နေကြရသည်။ သို့သော် အခက်အခဲတစ်ခုမှာ ကဒါဖီ၏ မွေးစားသမီး ဟန်နာကဒါဖီက ယင်းဆေးရုံတွင် ခွဲစိတ်ဆရာဝန်အဖြစ်ရှိနေခြင်းဖြစ်သည်။ ဟန်နာကဒါဖီဆိုသည်မှာ ၁၉၈၆ ခုနှစ် အမေရိကန်မှ လစ်ဗျားကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်စဉ်အတွင်း သေဆုံးသွားခဲ့ သည်ဟု ကဒါဖီက သတင်းလွှင့်ခဲ့သော မိန်းကလေးဖြစ်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်က ထရီပိုလီတွင် ဆေးကျောင်းပြီးခဲ့သည်။ ထို့နောက် ထရီပိုလီဗဟိုဆေးရုံကြီးတွင် အထွေထွေခွဲစိတ်ကုဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်နှစ်ရှိပြီဖြစ် သည်။
ထို့ကြောင့် လျှို့ဝှက်စွာ အလုပ်လုပ်နေရသော ဆရာဝန်များအဖို့ သူမရှေ့တွင်ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်၍မရခဲ့ပေ။
“လူထုအဓိကရုဏ်းမပေါ်ပေါက်ခင်က ဟန်နာဟာ အလုပ်ကိုကောင်းကောင်းပဲလုပ်တယ်။ ဘယ်သူ့ကိုမှ အနှောက်အ ယှက်မပေးပါဘူး။ ဒါပေမယ့် တော်လှန်ရေးဖြစ်လာတော့ သူ့မျက်နှာမှာလည်း ကဒါဖီမိသားစုရဲ့ အမျက်ဒေါသတွေကို ဖေါ်ပြလာ တယ်။ ကဒါဖီဆန့်ကျင်ရေးသမားတွေဒဏ်ရာရလာရင် ကုမပေးဖို့ သူပြောလာတယ်။ အဲလိုလူတွေကိုလည်း ကြွက်တွေ လို့ သူက သုံးနှုန်းတယ်။” ဟု အာရီဘီက ဆက်လက်ပြောပြလေသည်။
သြဂုတ်လထဲ အရောက်ကဒါဖီ ထွက်ပြေးဖို့ နှစ်ရက်လောက်အလိုမှာတော့ ဆေးရုံကို ကဒါဖီတပ်တွေက လုံးဝထိန်းချုပ်လိုက်ပြီး ဒဏ်ရာရနေတဲ့ သူတို့ရဲဘော်တွေကို ကုသပေးဖို့ အမိန့်ပေးထားလေသည်။ သို့သော် ဆေးရုံရှိဆရာဝန်အများစုက ဆေးရုံသို့ မသွားဘဲ လျှို့ဝှက်ဆေးခန်းဖွင့်ထားရာ အိမ်များရှိ ဒဏ်ရာရလူနာများကိုသာ ကုသပေးရန်သဘောတူထားကြလေသည်။
သြဂုတ်လ ရက် ၂၀ နောက်ပိုင်းတွင် ထရီပိုလီကို အတိုက်အခံတော်လှန်ရေး အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (NTC) ၏ တပ်များက သိမ်းပိုက်ပြီးနောက် ဆေးရုံကြီးနံရံရှိ ကဒါဖီ၏ ဓါတ်ပုံကို အဝင်အထွက်ပေါက်ဝ ခြေနင်းတွင်ချထားကာ လူအများကို ခြေဖြင့်နင်းကာ အဝင်အထွက်ပြုစေတော့သည်။
သို့သော် အချို့သူနာပြုများက ကဒါဖီ၏ဓါတ်ပုံကို ခြေဖြင့်နင်း၍ မသွားလိုကြပေ။ ထိုသူများနှင့် NTC ၏ ဆေးရုံဂိတ်စောင့် တပ်သားများ မကြာခဏစကားများကြလေသည်။ ထို့ကြောင့် အချို့သူနာပြုများဆေးရုံမှ ထွက်သွားကြသည်။
“ကျွန်မ အဲဒီလို မနင်းချင်ပါဘူး။ ကဒါဖီအပေါ်ကိုလည်း ကျွန်မကရုဏာသက်မိပါတယ်။ NTC က အင်အားသုံးပြီး ခြိမ်းခြောက်ခိုင်းတာ ကျွန်မမလုပ်ချင်ဘူး။” ဟု ပဉ္စမနှစ် ဆေးဘက်ဆိုင်ရာကျောင်းသူတစ်ဦးဖြစ်ပြီး ဆေးရုံတွင်လည်း လက်ရှိ အလုပ်လုပ်နေသူ ဆာဟာကပြောသည်။

ယနေ့အချိန်အခါတွင် ထရီပိုလီဆေးရုံကြီးတွင် ပုံမှန်အနေအထားပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
ကဒါဖီလိုလားသူ ယခင်ဆေးရုံဒါရိုက်တာ ဆရာဝန်ကြီးလည်း ထရီပိုလီကျပြီးနောက် ထွက်ပြေးသွားခဲ့ပြီး ဒေါက်တာ အာရီဘီ ဦးဆောင်သော ငါးဦးဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ဆေးဝါးများနှင့် ဆေးဘက်ပစ္စည်းကိရိယာများ အတန်အသင့်လုံလောက်မှုရှိကြောင်း ဆရာဝန်များက ဆိုသည်။ ဆေးရုံစင်္ကြံနံရံ များတွင် ကပ်ထားသော ရာနှင့်ချီသော ပျောက်ဆုံးနေသူ၏ ဓါတ်ပုံများကသာ ဆေးရုံကြီးတွင်ဖြစ်ပွားခဲ့သော ရက်စက်မှုများကို ပြန်ပြောင်းအမှတ်ရစေတော့သည်။
ကဒါဖီအစိုးရလည်း မရှိတော့ပြီ။ နံရံတွင်ကပ်ထားသော သေဆုံးသူများ၏ မှိန်ဖျော့ဖျော့ရုပ်အလောင်း ဓါတ်ပုံများကို လာရောက်ကြည့်ရှု၍ မိသားစုများသည် မိမိတို့ ၏ ပျောက်ဆုံးနေသော ဆွေမျိုးသားချင်းများ ထိုအထဲတွင်ပါဝင်လေမည်လားဟု ရှာဖွေလျက်ရှိကြသည်။
၆ လကြာ တော်လှန်ရေးကာလအတွင်း သေဆုံးသွားကြသော မိမိတို့၏ ဆွေမျိုးသားချင်းကို မိသားစုများက ကဒါဖီတပ်များ ကြားသိမည်စိုး၍ လျှို့ဝှက်စွာမြှုပ်နှံသဂြိုလ်ကြရလေသည်။ ထို့ကြောင့် အစိုးရထံတွင် လျှော်ကြေးတောင်းရန် သေဆုံးကြောင်း အထောက်အထားလည်း မရှိကြတော့ပေ။
“သေဆုံးသွားတဲ့ ကျွန်တော့်ရဲ့ ယောက်ဖအတွက် အခုမှပဲ ရင်ခွဲရုံကိုလာပြီး သေစာရင်းထုတ်ပေးဖို့ တောင်းရဲတော့တယ် ဗျာ။” ဟု ထရီပိုလီနေ ကျောင်းဆရာတစ်ဦး ဖြစ်သူ အဘ္ဘဒူလာဟက်ဆန်ကပြောသည်။
သူ့ယောက်ဖမှာဖေဖေါ်ဝါရီလအတွင်းဆန္ဒပြမှုများအတွင်း ကဒါဖီတပ်များ၏ ပစ်ခတ်မှုကြောင့်သေဆုံးသွားရပြီး သူ့အိမ်ရှိဥယျာဉ် အတွင်း၌ပင်မြှပ်နှံခဲ့ရကြောင်း ဟက်ဆန်က ဆိုသည်။
ကဒါဖီလက်ထက်၌ လစ်ဗျားကျန်းမာရေးစောင့်ရှောက်မှုစံနစ်သည် အမြဲတစေ အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း ဒေါက်တာ အာရီဘီကပြောသည်။
“ကဒါဖီက အဖွဲ့အစည်းတွေကို မကြိုက်ဘူးဗျ။ အဖွဲ့အစည်းတွေအားကောင်းလာရင် သူ့ကိုအန်တုမယ့် အင်အားစုတွေ လို့ သူကမြင်တဲ့အတွက် ဖျက်ဆီးတယ်။ အဲဒါသူ့ရဲ့ အယူအဆအတွေးအခေါ်ပဲ။”
“စံနစ်ကြီးတစ်ခုလုံးက ပျက်ဆီးယိုယွင်းနေခဲ့ပြီး ယုံကြည်စိတ်ချရမှုမရှိတဲ့ အဖွဲ့တွေ၊ အစိုးရကနေဆင်းသက်လာမယ့် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေအမြန်ပြောင်းလဲပစ်ဖို့လိုအပ်နေပါတယ်။” ဟု ဒေါက်တာအာရီဘီက ဆက်လက်ပြော ကြားခဲ့ပြီး တိုင်းပြည်အနာဂတ်နှင့်ပတ်သက်၍ အကောင်းမြင်ကြောင်းဆိုသည်။
“ကျွန်တော်တို့မှာ တိုးတက်ချင်တဲ့ စိတ်ရှိတယ်၊ အတတ်ပညာတွေရှိတယ်။ အလုပ်ကြိုးစားကြဖို့ပဲ လိုပါတယ်။”

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။