Monday, September 26, 2011

ဂျပန်များ ရယ်ကြပြုံးကြရန် ဆုံးမတိုက်တွန်း

ဆရာတော် အလူဘိုမူလဲ သုမနသာရ

ငလျင်၊ ဆူနာမီ၊ နျူကလီးယား၊ စီးပွားပျက်၊ တိုင်ဖွန်းမုန်တိုင်းတိုက် ဒီလို အဖြစ်အပျက်တွေနဲ့ ဘေးအန္တရာယ်တွေ ဆက်တိုက် ကြုံတွေ့နေရတဲ့ ဂျပန်လူမျိုးတွေအဖို့ စိတ်ဖိစီးသောကတွေကနေ ကျော်လွှားနိုင်နိုင်ဖို့ ပြုံးပေးဖို့၊ ရယ်မောပေးဖို့ လိုအပ်တဲ့ အကြောင်း နိုင်ငံတွင်းထင်ရှားတဲ့ ဂျပန်ထေရဝါဒ ဗုဒ္ဓဘာသာအသင်းကြီးရဲ့ ဦးဆောင်နာယကဆရာတော် အလူဘိုမူလဲ သုမနသာရ က တိုက်တွန်းပြောကြားလိုက်ပါတယ်။
“ဘဝမှာ ရယ်စရာတွေအများကြီးရှိပါတယ်။ ဘယ်ဟာကိုကြည့်ပြီး ရယ်ပစ်လိုက်လို့ရပါတယ်။ အပြုံးဟာ ခွန်အားကို ဖြစ်စေပါတယ်။ စိတ်မှာ ပျော်ရွှင်နေတယ်ဆိုရင် ဦးနှောက်ကလည်း အလုပ်ပိုလုပ်နိုင်ပါတယ်။ အသစ်၊ အသစ်တွေကို ရှာဖွေ တွေ့ရှိဖို့အတွက် ပျော်ရွှင်မှုက အာဟာရတစ်မျိုးဖြစ်ပါတယ်။” လို့ ဆရာတော်က မိန့်ပါတယ်။

ဆရာတော်ဟာ သီရိလင်္ကာဖွားဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သုံးဆယ် ၊ ၁၉၈၀ နှစ်တွေကတည်းက ကိုမာဇာဝါတက္ကသိုလ်မှာ ဒေါက်တာဘွဲ့ယူဖို့ကြိုးစားနေစဉ်အချိန်တွေထဲက ဂျပန်မှာနေထိုင်လာတာဖြစ်ပါတယ်။ သောကပရိဒေဝတွေဆိုတာ ပစ္စည်းဥစ္စာ တွေအပေါ်စွဲလန်းတပ်မက်မှုတွေကြောင့် (တစ်နည်း) ရုပ်ဝါဒ ကြောင့်ဖြစ်ရတာလို့ ဆရာတော်က မိန့်ကြားပါတယ်။
“လူအများဟာ ပစ္စည်းဥစ္စာတွေအပေါ် အင်မတန်စွဲလန်းတပ်မက်ကြပါတယ်။ ဒါကြောင့် အဲဒါတွေဆုံးရှုံးသွားတဲ့အခါ ပူလောင်ကြတော့တယ်။ ဒီစွဲလန်းမှုတွေကို လျှော့ချနိုင်မယ်ဆိုရင် ပူလောင်ခံစားရတာတွေလည်း လျော့နည်းသွားမယ်။”
ငွေကို မက်မောတဲ့အပေါ်မှာလည်းလူတွေဟာ မပြောင်းလဲနိုင်ကြဘူး လို့ ဆိုပါတယ်။
“လူအများစုဟာ သူတို့လိုချင်တာတွေ ရနေလည်းပဲ လိုအင်ကို အဆုံးမသတ်နိုင်ကြပါဘူး။ လိုချင်တာမရဘူးဆိုတဲ့ အခါ ကျရင်တော့ အလိုမပြည့်လို့ ပူလောင်တဲ့ဒဏ်ကို ခံကြရပြန်တယ်။ အားလုံးပြည့်စုံနေပြီဆိုရင်တောင် နောက်ထပ်လိုချင်တပ်မက် မှုအသစ်တွေ ထပ်ဖြစ်လာတာပဲ။ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းလို့ကို မဆုံးနိုင်ကြပါဘူး။”

လူမှုရေးဒုက္ခတွေ၊ ပြဿနာတွေဖြစ်တဲ့ ကွာရှင်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှု၊ သေကြောင်းကြံစည်မှု၊ လူသတ်မှု စတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပြင်ပလောကကို ကြည့်ရှူရမယ်လို့ ဆရာတော်က မိန့်တယ်။
“ဥပမာ … ဂျပန်တွေအနေနဲ့ စိတ်ကို လွတ်လပ်စွာဖွင့်ထားရမယ်။ အခြားလူတွေနဲ့ စကားစမြည်ပြောဆိုရမယ်။ အခြားသူတွေအပေါ် စာနာတတ်ဖို့၊ နားလည်တတ်ဖို့ ကြိုးစားနိုင်ရမယ်။ လူဆိုတာ ကိုယ့်မိသားစုနဲ့ကိုယ်ပဲ ဆက်စပ်ပတ်သက်မှု ရှိပြီး နယ်ပယ်ကျဉ်းကျဉ်းလေးထဲမှာ အသက်ရှင်နေတာမဟုတ်ဘူး။ အခြားလူတွေ၊ သဘာဝတရားတွေ၊ ကမ္ဘာပေါ်မှာရှိသမျှ အရာအားလုံးနဲ့ ဆက် စပ်ပတ်သက်နေတယ်ဆိုတာ နားလည်ထားရမယ်။”

မိသားစုကို ဖျက်စီးတဲ့လူ၊ လူသားချင်းပတ်သက်ဆက်နွယ်မှုကို ဖျက်ဆီးတဲ့လူဟာ အတ္တကြီးတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့လူ ဖြစ်တယ် လို့ ဆရာတော်က မိန့်တယ်။

“ကျုပ်တို့တွေဟာ မတူကြဘူးမှန်သော်လည်း မြေကြီးတစ်ခုတည်းပေါ်မှာပဲ ရပ်တည်နေထိုင်ကြတယ် ဆိုတာ နားလည် ထားဖို့ အရေးကြီးပါတယ်။ လူတိုင်း၊ လူတိုင်း နေ့စဉ်လူမှုဒုက္ခအဝဝ၊ အခြားပြဿနာအဖုံဖုံရှိကြတာချည်းပဲ။ လူလူချင်း ဆက်စပ်မှု၊ လူနဲ့ ကမ္ဘာပေါ်က အခြားသက်ရှိ၊ သက်မဲ့တွေရဲ့ ဆက်စပ်မှုတွေကို နားလည်ရင် ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းကို ရှာတွေ့မှာပဲ။”


ဆရာတော်က သူရေးထားတဲ့ စာအုပ်တွေ၊ ပို့ချချက်တွေ၊ ရုပ်မြင်သံကြားတွေ့ဆုံခန်းတွေ ၊ ဟောပြောချက်တွေ ထဲမှာ ဂျပန်ဗုဒ္ဓဘာသာကို အတော်ဝေဖန်လေ့ရှိပါတယ်။
“ဂျပန်ဗုဒ္ဓဘာသာဝင်တွေကို လူ့အဖွဲ့အစည်းအတွက် ကြိုးစားလုပ်ကိုင်ကြစေချင်တယ်။ မိရိုးဖလာဂျပန်ဗုဒ္ဓဘာသာဝင် တွေရဲ့ ဘုရားကျောင်းတွေမှာ ထုံးတမ်းစဉ်လာတွေ ပြုလုပ်ပေးခြင်းကနေ ပိုက်ဆံအတော်ရကြပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ် လူတွေ အတွက် သူတို့ဘာတွေလုပ်ပေးနေသလဲဆိုတာ ကျုပ်စဉ်းစားလို့မရဘူး။ အချိန်ကာလတွေက ပြောင်းနေပြီ။ လူတွေက လည်းပြောင်းနေပြီ။ သူတို့ရဲ့လိုအပ်ချက်တွေကလည်း ပြောင်းနေပြီ။”

ဘာသာရေးဆိုင်ရာလူပုဂ္ဂိုလ်တွေဟာ လူသားထုတစ်ရပ်လုံးရဲ့ ဒုက္ခတွေအတွက် အဖြေတစ်ခုကို ရှာပေးရမှာဖြစ်ပြီး ဒီဒုက္ခတွေ လျော့ပါးသွားအောင် လူတွေကို နည်းပေးလမ်းပြတွေ လုပ်ရမယ် လို့ ဆရာတော်က မိန့်ပါတယ်။ အခုလို ဒုက္ခတွေ အကြီး အကျယ်ပင်လယ်ဝေနေတဲ့အချိန်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေအနေနဲ့ ဒုက္ခရောက်နေတဲ့လူတွေအတွက် အကျိုးဆောင်လုပ် ရပ်တွေလုပ်ဆောင်ပေးသင့်တယ် လို့ဆရာတော်က ဆိုပါတယ်။ လူ့အဖွဲ့အစည်းတွင်းမှာ အခက်အခဲတွေရင်ဆိုင်နေရသည်ဖြစ်စေ ၊ အေးချမ်းနေသည်ဖြစ်စေ အချိန်တိုင်း တက်ကြွနေသင့်တယ်လို့ဆိုပါတယ်။
“ယေဘုယျအားဖြင့်တော့ ဂျပန်တွေကို ဗုဒ္ဓဘာသာတွေလို့ခေါ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့က နက်နက်ရှိုင်းရှိုင်းမရှိလှ ပါဘူး။ တရားဓမ္မအားထုတ်ခြင်းလည်း မရှိပါဘူး။”

ဗုဒ္ဓဘာသာဆိုတာ ဂျပန်ယဉ်ကျေးမှုမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေပေမယ့် ဂျပန်ဘုန်းကြီးတွေရဲ့ အားထုတ်မှုလျော့ရဲ တာကြောင့် ဘုရားကျောင်းကန်တွေ ကွယ်ပျောက်လုနီးပြီလို့ ဆရာတော်က စိုးရိမ်တကြီး မိန့်တော်မူပါတယ်။
“ဒါပေမယ့် ဂျပန်တွေက ဘာသာတရားရိုသေကိုင်းရှိုင်းသူတွေပါ။ ဘာသာတရားမျိုးစုံကိုလည်း ကိုးကွယ်ကြပါတယ်။ ရှင်တိုဘုရားတွေဆိုရင် ဂျပန်မှာ အများကြီးပါ။ ဂျပန်ဆိုတာ ဘာသာမဲ့တွေ မဟုတ်ပါဘူး။”

အခြားတစ်ဖက်မှာလည်း ဂျပန်ဘာသာရေးမှာ ခရစ်ယာန်နဲ့ အစ္စလာမ်တို့လို နောက်ဘဝကို အာမခံချက်ပေးနိုင်တဲ့ တမန်တော် မျိုးတွေ မရှိပါဘူး။ ခရစ်ယာန်နဲ့ အစ္စလာမ်မှာတော့ နောက်ဘဝကို အာမခံချက်ပေးတဲ့ တမန်တော်တွပေါ်ပေါက်ခဲ့ပြီး စည်းမျဉ်း၊ စည်းကမ်းတွေ တင်းကျပ်လွန်းတာကြောင့် လူ့အဖွဲ့အစည်းအတွင်း လူတစ်ယောက်ရဲ့ဘဝကို ကျုံ့ဝင်သွားစေပြီး ဘဝနေထိုင်မှု၊ အတွေးအခေါ်တွေ ကျဉ်းမြောင်းသွားစေတယ် လို့ဆိုပါတယ်။

“တမန်တော်တွေ မရှိတဲ့ဘာသာရေးဖြစ်တဲ့အတွက် တင်းကြပ်မှုတွေ မရှိဘဲ လွတ်လပ်စွာရွေးချယ်ခွင့်ရှိတဲ့ ဘဝမျိုးဖြစ်ပါ တယ်။ ဒါကြောင့် ဒီလိုလွတ်လွတ်လပ်လပ် တွေးခေါ်ကိုးကွယ်ခွင့်ရတဲ့ ဘာသာတရားမို့လို့ ကျုပ်တော့ကြိုက်တယ်။”

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။