Saturday, October 29, 2011

အီသီယိုးပီးယားတွင် အမေရိကန် ဒရုန်းလွှတ်တင်


အီသီယိုးပီးယားနိုင်ငံတွင် အမေရိကန်က မောင်းသူမဲ့ ဒရုန်းလေယာဉ်တစ်စင်းကို လွှတ်တင်ထားမည်ဖြစ်ပြီး စစ်ဆင် ရေးတစ်ရပ်ဆင်နွှဲရန်အတွက် မဟုတ်ကြောင်း အိမ်ဖြူတော်က အတည်ပြုပြောကြားခဲ့သည်။
`အကြမ်းဖက်တန်ပြန်စစ်ဆင်ရေးအတွက် စုံစမ်းထောက်လှမ်းဖို့ မောင်းသူမဲ့၊ လက်နက်မဲ့ ဒရုန်းတစ်စင်းကို အမေရိကန်က လွှတ်တင်ထားမှာဖြစ်ပါတယ်။ ဝေဟင်ကနေစုံစမ်းထောက်လှမ်းထောက်လှမ်းဖို့အတွက်ပဲဖြစ်ပါတယ်။ တိုက်ခိုက်စစ်ဆင်သွားဖို့ မဟုတ်ပါဘူး။´ ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရ ဂျွန်ကာဘီက ပြောသည်။

ဝါရှင်တန်ပို့စ်သတင်းစာက ကြာသပတေးနေ့က သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဒရုန်းယာဉ်သည် အာဘာမင့်ခ်ျမြို့ လေယာဉ်ကွင်းမှ ပျံသန်းထွက်ခွာသွားပြီဖြစ်ကြောင်း အိမ်ဖြူတော်မှ အတည်ပြုပြောကြားခဲ့သည်။
အမ်ကျူ-၉ ရီပါ ဟု အမည်ပေးထားသော ဒရုန်းတွင် လက်နက်တပ်ဆင်ထားကြောင်းအမည်မဖေါ်လိုသူ အရာရှိ တစ်ဦးကို ကိုးကားပြီး သတင်းစာက ဖေါ်ပြခဲ့သော်လည်း အမေရိကန်အစိုးရက ဒရုန်းတွင်လက်နက်တပ်ဆင်မပေး လိုက် ကြောင်းသောကြာနေ့က ငြင်းဆိုခဲ့သည်။

ရီပါအမျိုးအစားဒရုန်းများသည် အရွယ်အစားအားဖြင့် ဂျက်တိုက်လေယာဉ်အရွယ်အစားခန့်ရှိပြီး ဗုံးများနှင့် ဒုံကျည် များတပ်ဆင်သယ်ဆောင်သွားနိုင်စွမ်းရှိသည်။ ရီပါများသည် လူသိများသော ပရီဒက်တာဒရုန်းများထက် နှစ်ဆခန့် ပိုမြန်ပြီး ပိုမြင့်အောင်ပျံသန်းနိုင်စွမ်းရှိသည်။

အီသီယိုးပီးယားတွင် အမေရိကန်စစ်တပ်ရှိနေခြင်းမှာ နိုင်ငံရေးအရ အလွန်သိမ်မွေ့စွာထိန်းသိမ်းကိုင်တွယ်ရသည့် အနေအထားရှိပြီး ဒေသတွင်းစစ်ရေးနှင့် ထောက်လှမ်းရေးကိစ္စရပ်များတွင် စွမ်းဆောင်နိုင်ရည်ကျဆင်းနေမှုအပေါ် အမေရိကန်တာဝန်ရှိသူများက စိုးရိမ်ပူပန်လျက်ရှိသည်။
`အီသီယိုးပီးယားမှာ အမေရိကန် လေတပ်အခြေစိုက်စခန်းတော့မရှိပါဘူး။ အီသီယိုးပီးယားလေယာဉ်ကွင်းပဲ ရှိပါတယ်။´ ဟု အာဘီက ဆိုသည်။

၂၀၀၆ အီသီယိုးပီးယား၏ ဆိုမာလီယာကျူးကျော်စစ်တွင် အမေရိကန်က အီသီးယိုးပီးယားလေတပ်အခြေစိုက်စခန်း များမှနေ၍ ကူညီတိုက်ခိုက်ပေးခဲ့သည်။ ထို့နောက်ယင်းကိစ္စကို လူသိရှင်ကြားဖြစ်လာသော အခါရပ်ဆိုင်းခဲ့သည်။ ဂျီဘောက်တီတွင် လီမွန်နီယာ အမြဲတမ်းစစ်တပ် အခြေစိုက်စခန်းတစ်ခုရှိပြီး ကင်ညာနိုင်ငံ မန်ဒါဘေးတွင် လေတပ် အခြေစိုက်စခန်းရှိသည်။ ဆိုမာလီနိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများကို တိုက်ခိုက်ရာတွင် ယင်းအခြေစိုက်စခန်း မှနေ၍ တိုက်ခိုက်မှုများလုပ်ဆောင်နေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

ဆီချယ်လီရှိ အခြေစိုက်စခန်းမှနေ၍ လွှတ်တင်ထားသော ရီပါဒရုန်းတစ်စင်းကိုလည်း အိန္ဒိယသမုဒ္ဒရာအတွင်း ပင်လယ်ဓါးပြများကို စောင့်ကြည့်ရန်လွှတ်တင်ထားသည်။

ယခုလအတွင်းက ကင်ညာအစိုးရကလည်း နိုင်ငံ၏ အကြီးဆုံးလက်နက်ကိုင်အင်အားစုဖြစ်သော အယ်လ်ရှာဘက် သူပုန်များကို လိုက်လံခြေမှုန်းသုတ်သင်လျက်ရှိသည်။ သို့သော် အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက ဤစစ်ဆင်ရေးတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းချက်ထုတ်ထားကြသည်။

အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေးစစ်ဆင်ရေးတွင် အယ်လ်ရှာဘက်နှင့် အယ်လ်ကေဒါအကြမ်းဖက်အုပ်စုများအပေါ် အာရုံစိုက်နေသော အမေရိကန်အစိုးရက စစ်ဆင်ရေးတစ်စုံတစ်ရာဆင်နွှဲမည်ဆိုပါက ကြိုတင်ထုတ်ပြန်အသိပေးသွား မည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ဂျေးကာနီက ဆိုသည်။

ဇူလိုင်လအတွင်း မန်ဒါဘေးမှ လွှတ်တင်ထားသော ဒရုန်းမှတိုက်ခိုက်ပြီး အကြမ်းဖက်လှုပ်ရှားမှုခေါင်းဆောင်နှစ်ဦးကို သုတ်သင်ပစ်လိုက်နိုင်ကြောင်းသိရသည်။
`အမေရိကန်နိုင်ငံရဲ့ စစ်ဘက်၊ အရပ်ဘက်၊ သံတမန်ဘက် ဘက်ပေါင်းစုံက ရှိသမျှအင်အားတွေ အသုံးပြု ပြီးတော့ ဆောင်ရွက်နေပါတယ်။ ထောက်လှမ်းရေး၊ စစ်တပ်နဲ့ လုံခြုံရေး စွမ်းအားတွေကိုလည်း မြှင့်တင်နေပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပူးပေါင်းဆောင်ရွက်နေတဲ့နိုင်ငံတွေနဲ့လည်း ချိတ်ဆက်ပြီး လုပ်ဆောင်နေပါတယ်။´ ဟု ကာနီက သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်သမ္မတအိုဘားမားလက်ထက်တွင် အယ်လ်ကေဒါ၊ တာလီဘန် နှင့် ပါကစ္စတန်၊ ဆိုမာလီယာတို့ရှိ အခြား အကြမ်းဖက်အဖွဲ့အစည်းများကို ချေမှုန်းရေးအတွက် ဒရုန်းယာဉ်များကို အဓိကထားအသုံးပြုလာသည်။
တိုက်ခိုက်မှုများမှာ စစ်တပ်၏ ညွှန်ကြားချက်နှင့် မဟုတ်ဘဲ စီအိုင်အေ၏ ညွှန်ကြားချက်ဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။ သို့သော် တိုက်ခိုက်မှုများပြုလုပ်ရန်အတွက် စီအိုင်အေ၏ ထောက်လှမ်းရေးကိစ္စများတွင် လိုအပ်လျှင် အထူးတပ်ဖွဲ့ များ၊ ဒရုန်းများကို အသုံးပြုနိုင်သည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ပေါ်ပေါ်တင်တင်လုပ်ဆောင်လေ့ရှိသော်လည်း အမေရိကန်အရာရှိများက လူသိရှင်ကြား ထုတ်ဖေါ်ပြောကြားရန်ကိုမူ ငြင်းဆိုလေ့ရှိသည်။ အီသီယိုးပီးယားတွင် ဒရုန်းများလွှတ်တင်ထားခြင်းမှာ ဆိုမာလီ အကြမ်းဖက်သမားများအား စုံစမ်းထောက်လှမ်းရန် ဟုတ်သည်၊ မဟုတ်သည်ကိုမူ အစိုးရက တရားဝင် ထုတ်ဖေါ်ပြောကြားရန် ငြင်းဆိုခဲ့သည်။

သို့သော် အမည်နာမထုတ်ဖေါ်ပြောဆိုခြင်းမရှိသော ကာကွယ်ရေးအရာရှိတစ်ဦးက ´ဆိုမာလီနိုင်ငံတွင်းမှာ မငြိမ် မသက်မှုတွေ ဖြစ်နေတဲ့အပေါ်မှာတော့ အမေရိကန်က အတော်စိုးရိမ်ပူပန်နေပါတယ်။´ ဟု ဆိုသည်။

Source: AL Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။