Tuesday, October 4, 2011

ဆိုမာလီတွင် အသေခံဗုံးခွဲ


ဆိုမာလီယာနိုင်ငံမိုဂါဒစ်ရှူးမြို့ရှိ အစိုးရအဆောက်အဦတစ်ခုအတွင်း အသေဗုံးဖေါက်ခွဲမှုကြောင့် အနည်းဆုံး လူ ၇၀ ခန့်သေဆုံး ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ အဆိုးဝါးဆုံးအသေခံဗုံးဖေါက်ခွဲမှုတစ်ခုဖြစ်သည်။
အင်္ဂါနေ့ဗုံးဖေါက်ခွဲမှုတွင် အယ်လ်ရှာဘတ်သူပုန်အဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နိုင်ငံ၏ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် သူပုန်တို့က တိုက်ခိုက်လျက်ရှိသည်။
သူပုန်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက အသေခံဗုံးဖေါက်ခွဲမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အယ်လ်ရှာဘတ်သူပုန်အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သူက AFP သတင်းသို့ပြောကြားခဲ့သည်။
“ကျုပ်တို့ရဲ့ မူဂျာဟစ်ဒင် တပ်သားတစ်ဦးက သူ့ကိုယ်သူစတေးပြီး အသွင်ကူးပြောင်းရေးပြည်ထောင်စုအစိုးရအဖွဲ့ဝင် တွေ၊ အာဖရိကသမဂ္ဂတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးတွေကို သတ်ပစ်လိုက်တာပါ။” ဟု အဆိုပါပုဂ္ဂိုလ်က ဆိုသည်။

ကားတစ်စီးသည် အဆောက်အဦဝင်းအတွင်းမောင်းဝင်သွားပြီး ဖေါက်ခွဲပစ်လိုက်ခြင်းဖြစ်ကြောင်း တက္ကဆီသမားတစ်ဦးဖြစ်သော မိုဟာမက်အဘ္ဘဒူလာဟီက ပြောသည်။ အခင်းဖြစ်ပွားပြီးနောက် အာဖရိကသမဂ္ဂမှတပ်သားများ ထူထပ်စွာချထားပြီး ဗုံးပေါက်ကွဲ ရာနေရာကို တားမြစ်နယ်မြေသတ်မှတ်ထားသည်။

တူရကီအစိုးရမှပေးသော ပညာသင်ဆုကိုလျှောက်ထားသည့် ကျောင်းသားများတန်းစီစောင့်ဆိုင်းနေစဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်မည်ဟု ယူဆရသည်။ တူရကီအစိုးရသည် မကြာသေးမီကမှ ဆိုမာလီယာနှင့် ဆက်ဆံရေးတိုးမြှင့်လိုက်ပြီး မိုဂါဒစ်ရှူးရှိ တူရကီသံရုံးကိုလည်း ပြန်လည်ဖွင့်လှစ်မည်ဟု ပြောကြားခဲ့သည်။
“ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင်မှာပဲ ဝန်ကြီးအချို့အပြင်ကိုထွက်လာကြပါတယ်။ ကျွန်တော်မြင်ဖူးသမျှထဲမှာ ဒီတစ်ခါ အကြမ်းဖက်မှုက အဆိုးဝါးဆုံးပါပဲ။” ဟု ဆိုမာလီသတင်းသမားတစ်ဦးဖြစ်သူ မိုဟာမက်ရှိတ်ခ်နောက အယ်လ်ဂျာဇီယာသို့ ပြောသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။