Saturday, October 1, 2011

ဖိလစ်ပိုင်တွင် နောက်ထပ်မုန်တိုင်းတစ်လုံးထပ်ဝင်

တိုင်ဖွန်း နယ်လ်ဂေး

ဖိလစ်ပိုင်တွင် နက်ဆက်တိုင်ဖွန်းတိုက်ခတ်ပြီး တစ်ပတ်အတွင်းမှာပင် နောက်ထပ်တိုင်ဖွန်း နယ်လ်ဂေး ဝင်ရောက်လာပြန်သည်။ ထို့ကြောင့် အာဏာပိုင်များက နောက်ထပ်ရေကြီးမှုများနှင့် မြေပြိုမှုများဖြစ်လာမည်ဟု သတိပေးထားသည်။
မနီလာမြို့တွင် ပထမမုန်တိုင်း နက်ဆက်ကြောင့် လူအများအပြားအိမ်ခေါင်မိုးများပေါ်တွင်တက်ရောက်ကာ ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေရဆဲပင်ဖြစ်ကြောင်း ဘီဘီစီသတင်းထောက် ကိတ်မက်ဂျီအုန်းက သတင်းပေးပို့ခဲ့သည်။
ဖိလစ်ပိုင်သည် မုန်းတိုင်းဒဏ်ကို နှစ်ပေါင်း ၂၀ ခန့်အကြိမ်ကြိမ်ခံစားခဲ့ရသည်။
စနေနေ့က အရှေ့ဘက်ပြည်နယ် အစ္စဘယ်လာတွင် နယ်လ်ဂေးသည် တစ်နာရီ မိုင်တစ်ရာနှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ရာ မြေပြိုမှုများဖြစ်ပွားခဲ့သည်။ ထို့နောက် လူဇွန်ကျွန်းကိုဖြတ်ကာ အနောက်ဘက်သို့ ဦးတည်သွားနေသည်။
မုန်တိုင်းဒဏ်ခံဒေသများတွင် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများရှိသော်လည်း လူသေဆုံးပျောက်ဆုံးမှုသတင်းမကြားရသေးပေ။
တိုင်ဖွန်းနယ်လ်ဂေးသည် အင်္ဂါနေ့က တိုက်ခတ်သွားသော နက်ဆက်နှင့်လမ်းကြောင်းတစ်ထပ်တည်းပင် ဝင်ရောက်တိုက်ခတ် ခြင်းဖြစ်သည်။ နက်ဆက်မုန်တိုင်းအတွင်း အနည်းဆုံး လူ ၅၀ ခန့်သေဆုံးခဲ့ပြီးထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ဒေသခံထောင်ပေါင်းများစွာ ကယ်ဆယ်ရေးစခန်းများသို့ရွှေ့ပြောင်းထားရပြီး အချို့မှာဆွေမျိုးများအိမ်တွင်ခိုကပ်နေကြရဆဲဖြစ်ပြီး ရေလွှမ်းမိုးမှုများရှိနေဆဲဖြစ်သည်။

လူဇွန်ကျွန်းတွင် လူဦးရေ ၄၈ သန်းရှိရာ သန်းပေါင်းများစွာမှာ ရေလွှမ်းမိုးမှုအတွင်း ပိတ်မိလျက်ရှိနေသေးကြောင်း တာဝန်ရှိသူ များက ဆိုသည်။ မြို့အများအပြားလည်းရေမြုပ်လျက်ရှိနေသေးသည်။ ရေလွှမ်းမိုးရာဒေသမှ လူအများသည် ရေပတ်လည်ဝန်းရံ ပိတ်မိနေသော်လည်း အိမ်များကို စွန့်ခွာသွားလျှင် လုယက်ခံရမည်စိုးသဖြင့် စွန့်ခွာရန်ဝန်လေးနေကြောင်း ပြည်နယ်သဘာဝ ဘေးအန္တရာယ် တာဝန်ရှိသူ ရာအူးလ်အော်ဂတ်စတင်းက ABS-CBN သတင်းဌာနသို့ပြောပြခဲ့သည်။
“ကျွန်တော်တို့က ကယ်ဆယ်ရေးလွှတ်ပြီးကယ်တဲ့အခါ သူတို့ကလိုက်မလာဘဲ အစားအသောက်ပေးဖို့ပဲ တောင်းတယ်။” ဟုဆိုသည်။

Source: BBC

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။