Monday, November 14, 2011

အာရပ်အဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်းအပေါ်ဆီးရီးယားတုံ့ပြန်

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အယ်လ်မွာလာမ်

ဆီးရီးယားအစိုးရက ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခြင်းများရပ်တန့်ခြင်းမပြုသဖြင့် အာရပ်အဖွဲ့ချုပ်က အဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းလိုက်ခြင်းသည် တရားမဝင်ကြောင်း၊ အန္တရာယ်များသည့် ခြေလှမ်းဖြစ်ကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး အယ်လ်မွာလာမ်က တနင်္လာနေ့က ပြောကြားလိုက်သည်။
“ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ကနေ ရပ်ဆိုင်းလိုက်တာတရားမဝင်ပါဘူး။” ဟု ဒမတ်စကတ်တွင်ပြုလုပ် သော တနင်္လာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အာရပ်အဖွဲ့ချုပ်သည် ကိုင်ရိုတွင်ရုံးချုပ်တည်ရှိပြီး အဖွဲ့ကြီးနှင့် အမေရိကန်တို့အဆက်အဆံရှိခြင်းကိုဆီးရီးယားက ရှုံ့ချပြီး အမေရိကန်သည် အာရပ်အဖွဲ့ချုပ်၏ တရားမဝင်အဖွဲ့ဝင်ဖြစ်သည်ဟု ပြောဆိုလိုက်သည်။
ရုရှနှင့်တရုတ်တို့အပေါ် ယုံကြည်ကြောင်း၊ နိုင်ငံတကာမှ ဆီးရီးယားအပေါ်ဝင်ရောက်စွက်ဖက်မည့်အရေးကို ပြင်းပြင်း ထန်ထန်ဆန့်ကျင်ခဲ့သည့် ရုရှနှင့် တရုတ်တို့သည် ဆက်လက်၍ဆီးရီးယားဘက်မှ ခိုင်ခိုင်မာမာရပ်တည်သွားမည်ဟု ယုံကြည်ကြောင်း လည်းပြောဆိုခဲ့သည်။ လွန်ခဲ့သည့်အပတ်က နိုင်ငံခြားသံတမန်များ ဆီးရီးယားတွင်တိုက်ခိုက်ခံရ သည့် အဖြစ်အပျက်နှင့် ပတ်သက်၍လည်း တောင်းပန်စကားပြောကြားခဲ့သည်။ လွန်ခဲ့သော စနေနေ့ညက အစိုးရ ထောက်ခံသူများက ဒမတ်စက်ရှိ ကာတာနှင့် ဆော်ဒီသံရုံးများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တနင်္ဂနွေနေ့တွင် တူရကီသံရုံးရှိသံတမန်များ တိုက်ခိုက်ခံခဲ့ရသည်။

“ဆီးရီးယားတွေအနေနဲ့လည်း ဘာမှစိတ်ပူစရာမရှိပါဘူး။ လူထုရဲ့ဆန္ဒနဲ့ ညီညွတ်မှုနဲ့ ဆီးရီးယားဟာ ပိုပြီး တော့ တောင့်တင်းအားကောင်းလာမယ့် နိုင်ငံတစ်နိုင်ငံဖြစ်လာမှာပါ။” ဟု ဆီးရီးယားနိုင်ငံသားများကိုရည်ညွှန်း၍ ပြောကြားခဲ့သေးသည်။

နိုင်ငံတွင်းရှိ ပြဿနာများကိုဖြေရှင်းနိုင်ရန် အာရပ်ခေါင်းဆောင်များကို ဖိတ်ကြားထားပြီး တနင်္ဂနွေနေ့တွင် ဆီးရီးယားက အရေးပေါ်အစည်းအဝေးတစ်ခုခေါ်ယူထားသည်။ ယင်းသို့ဖိတ်ကြားထားမှုကို အာရပ်အဖွဲ့ချုပ်ကလက်ခံ တွေ့ဆုံမည်လား၊ သို့မဟုတ် ဗုဒ္ဓဟူးနေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆီးရီးယားကို အဖွဲ့ဝင်အဖြစ်မှရပ်ဆိုင်းထား ပြီးဖြစ်၍ ဖိတ်ကြားမှုကိုလက်မခံတော့ပြီလား ဟူသည်မှာ မသိရသေးကြောင်း အယ်ဂျာဇီယာသတင်းထောက် နစ္စရင်း- အယ်လ်ရှာမေလဲက ဂျော်ဒန်နယ်စပ်မှနေ၍ သတင်းပေးပို့ခဲ့သည်။

“ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ကနေထုတ်ပစ်လိုက်တာဟာ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုတွေအတွက် လမ်းပွင့်သွားစေတယ်လို့ အများက သုံးသပ်ကြပါတယ်။” ဟု ရှာမေလဲက သတင်းပေးပို့ခဲ့သည်။
အာရပ်အဖွဲ့ချုပ်က သမ္မတအာဆက် နှုတ်ထွက်ကာ အကြမ်းဖက်နှိမ်နင်းမှုများကိုရပ်တန့်ရန်၊ သို့မဟုတ် အာရပ်အဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်းကိုခံယူရန် ရွေးချယ်ရေးအတွက် ဆီးရီးယားကို နိုဝင်ဘာလ ၁၆ ရက်နေ့အထိ အချိန်ပေးထားသည်။
“အာရပ်အဖွဲ့ချုပ်ကို စတင်တည်ထောင်တဲ့နိုင်ငံတွေထဲမှာပါဝင်ခဲ့တဲ့ဆီးရီးယားအတွက် ခက်ခဲတဲ့ နေ့ရက်တွေ ပါပဲ။” ဟု ဘရွတ်ကင်း ဒိုဟာဌာန ဒါရိုက်တာ ဆယ်လ်မန်ရှိတ်က အယ်ဂျာဇီယာသို့ပြောပြခဲ့သည်။
တနင်္လာနေ့ အစောပိုင်းကပင် ဆီးရီးယားစစ်တပ်က ဟုမ်းစ်မြို့ရှိ ဘက်အမ်မရိုအနီးဒေသတွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လူသုံးဦးသေဆုံးခဲ့ကြောင်း ဆီးရီးယားတော်လှန်ရေးအထွေထွေကော်မရှင်မှ လှုပ်ရှားသူများက ပြောကြားခဲ့သည်။
ဆန္ဒပြသူများကို ဆီးရီးယားက ဆက်လက်၍အကြမ်းဖက်ဖြိုခွင်းနေမှုကြောင့် ဥရောပသမဂ္ဂတွင် တနင်္လာနေ့က ဆီးရီးယားအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုများတိုးမြှင့်ရန် အကြိုသဘောတူညီချက်ရရှိခဲ့ကြောင်း သမဂ္ဂတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းသဘောတူညီချက်ကို သမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကိုယ်စားလှယ်များက သဘောတူညီခဲ့ကြပြီး သမဂ္ဂ၏ နိုင်ငံခြားရေးဝန်ကြီးများ ဘရပ်ဆဲလ်တွင်ကျင်းပမည့် အစည်းအဝေးအပြီးတွင် အတည်ပြုနိုင်မည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးများကလည်း ဆီးရီးယားငွေများ ဥရောပဘဏ်များတွင် အပ်နှံမှုကိုလက်မခံရန် သဘောတူညီ ချက်ရရှိထားသည်။

ဆီးရီးယားအရေးကိစ္စများကို အနီးကပ်ဆောင်ရွက်နိုင်ရန် အာရပ်အဖွဲ့ချုပ်နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ဥရောပ သမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန် ကပြောကြားခဲ့သည်။
“ဆီးရီးယားမှာဖြစ်ပွားနေတဲ့ အခြေအနေတွေက အလွန်စိုးရိမ်ပူပန်စရာကောင်းပါတယ်။ အာရပ်အဖွဲ့ချုပ် အထွေထွေတွင်းရေးမှူးနဲ့မနေ့ညက စကားပြောခဲ့ပြီးတော့ ဆီးရီးယားအရေးမှာ အသေအချာလက်တွဲဆောင်ရွက်ဖို့ ကျွန်မတို့ရဲ့သဘောထားကို ပြောကြားခဲ့ပါတယ်။” ဟု ဆိုသည်။
သို့သော် ရုရှက ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်မှထုတ်ပယ်ခြင်းကို လက်မခံဘဲ ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က အနောက်နိုင်ငံများသည် အာဆက်ဆန့်ကျင်ရေးအတွက် လုပ်ဆောင်နေသည်ဟု သူ့အနေနှင့် ယုံကြည်ကြောင်း ရုရှသတင်းစာများသို့ပြောကြားခဲ့သည်။
တူရကီအစိုးရကလည်း ဒမက်စကတ်ရှိ တူရကီသံရုံးနှင့် လက်တာကီယာနှင့် အယ်လီပိုရှိ သံအမတ်များတိုက်ခိုက်ခံ ရမှုအတွက် ဆီးရီးယားအစိုးရအပေါ် ရှုံ့ချပြောဆိုကြိမ်းမောင်းခဲ့သည်။
တူရကီပါလီမန်အနေနှင့် ဆီးရီးယားအာဆက်အစိုးရအပေါ် လုံးဝအယုံအကြည်မရှိတော့ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီး အာမက်ဒါဗူတိုဂလူက ပြောကြားလိုက်သည်။
“ဒီတိုက်ခိုက်မှုနှင့် ပတ်သက်ပြီးတော့ တူရကီကဆီးရီးယားအစိုးရကို အပြင်းထန်ဆုံးဆန့်ကျင်ပြီးတော့ သူတို့ ရဲ့စစ်မှန်တဲ့ ရုန်းကန်မှုတွေအတွက် ဆီးရီးယားပြည်သူတွေရဲ့ဘက်မှာ ရပ်တည်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ဆီးရီးယားစစ်တပ်သည် အာဆက်အစိုးရကိုဆန့်ကျင်သော ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းဖြိုခွင်းခဲ့သည်။ မတ်လမှစတင်ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း ယခုအချိန်အထိ အကြမ်းဖက်နှိမ်နင်းခံရ၍သေဆုံးသူ ဦးရေ ၃,၅၀၀ ခန့်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂက တွက်ချက်ထားသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။