Thursday, December 1, 2011

မက္ကဆီကို-အမေရိကန်နယ်စပ်တွင် မူးယစ်မှောင်ခို ဥမင်လိုဏ်တွေ့ရှိ


မက္ကဆီကို အာဏာပိုင်များသည် အမေရိကန်နှင့် နယ်စပ်တွင် မီတာ ၆၀၀ ခန့်ရှည်လျားသော မူးယစ်ဆေးဝါးမှောင်ခို ဥမင်လိုဏ်ခေါင်းတစ်ခုကို တူးဖေါ်တွေ့ရှိခဲ့သည်။ ယင်းဥမင်လိုဏ်ခေါင်းသည် အဆိုပါဒေသတွင်း ယခုလအတွင်းမှာ ပင် ဒုတိယမြောက်တွေ့ရှိရသော ဥမင်ဖြစ်သည်။

အင်္ဂနေ့က တွေ့ရှိခဲ့သော ၁၅ ပေအနက်ရှိလိုဏ်ခေါင်းသည် နိုဝင်ဘာ ၁၆ ရက်နေ့ကတွေ့ရှိခဲ့သော လိုဏ်ခေါင်းနှင့် ပုံစံတူပင်ဖြစ်သည်။ လိုဏ်ခေါင်းတွင်း၌ မီးများ၊ သယ်ယူပို့ဆောင်သည့် လှည်းများတွေ့ရှိရပြီး နိုင်ငံအတွင်းရှိ မူးယစ် ဂိုဏ်းများသည် ခေတ်မီနည်းပညာများအသုံးပြုနိုင်ကြလေသည်။

“အမေရိကန်အာဏာပိုင်တွေက ကျွန်တော်တို့ကို သတင်းပေးခဲ့ပြီးတဲ့နောက် လိုဏ်ခေါင်းကို ကျွန်တော်တို့ရှာ ဖွေတွေ့ရှိခဲ့တာပါ။” ဟု မက္ကဆီကိုရဲချုပ်က AFP သတင်းသို့ပြောသည်။

မက္ကဆီကိုတွင် လိုဏ်ခေါင်းကိုဝင်ရောက်ရှာဖွေရာတွင် ပါဝင်ခဲ့သော ရဲများက ဆေးခြောက်သုံးတန်တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။ သို့သော် နာရီပိုင်းအနည်းငယ်မျှအကြာတွင် အမေရိကန်အာဏာပိုင်များက ကြေငြာချက်တစ် စောင်ထုတ်ပြန်ခဲ့ရာ အမေရိကန်ဒေါ်လာ ၆၅ သန်းတန်ဖိုးရှိ ဆေးခြောက် ၃၂ တန်ဖမ်းမိကြောင်း ဖေါ်ပြခဲ့သည်။

ယင်းသို့ဖမ်းဆီးရမိမှုသည် အမေရိကန်နိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော်ကာ မူးယစ်ဆေးများအမေရိကန်သို့တင်သွင်း နေသည့် အဓိကလက်သည် မက္ကဆီကို မူးယစ်ဂိုဏ်းများအပေါ် အနိုင်ရလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်လူဝင်မှု နှင့် အကောက်ခွန်ဌာနက ပြောသည်။

အမေရိကန်နယ်စပ်ဘက်ခြမ်းရှိ ဆန်ဒီယေဂိုလိုဏ်ခေါင်းစစ်ဆင်ရေးအဖွဲ့က ၆ လမျှစုံစမ်းစစ်ဆေးရေးလုပ်ပြီးနောက် သံသယရှိသူ ၆ ဦးကို ဖမ်းဆီးထားနိုင်ကြောင်းပြောကြားခဲ့သည်။

မက္ကဆီကိုဘက်ခြမ်းရှိ လိုဏ်ခေါင်းအစမှာ ပြည်နယ်ရဲဌာနချုပ်၊ လေတပ်စခန်းနှင့် အကောက်ခွန်ရုံးဌာနချုပ်များတည် ရှိရာနှင့် မီတာ ၁၀၀ အကွာတွင်သာဖြစ်ကြောင်း AFP သတင်းထောက်က သတင်းပေးပို့ခဲ့သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က နယ်စပ်တွင် မီတာ ၄၀၀ ရှည်သောလိုဏ်ခေါင်းတစ်လုံးအား လျှပ်စစ်မီးများ၊ လေဝင် လေထွက်စံနစ်များနှင့် အသေအချာတည်ဆောက်ထားသည်ကို တွေ့ရှိရကြောင်း ကြေငြာခဲ့သည်။

နယ်စပ်တစ်လျှောက်မူးယစ်ဆေးဝါးတင်သွင်းသွားလာရာလမ်းကြောင်းတစ်လျှောက်တွင် အကြမ်းဖက်မှုများကျူးလွန် မှုများ ထူပြောလာမှုကြောင့် ၂၀၀၆ ခုနှစ်မှ စ၍မူးယစ်ဂိုဏ်းများအား စစ်ဆင်ရေးဆင်နွှဲလာခဲ့ရာ လူပေါင်း ၄၅,၀၀၀ ဦးသေဆုံးခဲ့ရပြီးဖြစ်သည်။

မက္ကဆီကိုတွင် ဆေးခြောက်များရိပ်သိမ်းချိန်ဖြစ်သည့် ဆောင်းဦးပေါက်ကာလတွင် မူးယစ်ဆေးဂိုဏ်းများလှုပ်ရှား တတ်သည်ကို အခွင့်ကောင်းယူ၍ ထောက်လှမ်းရေးများက ယခုကဲ့သို့ခေတ်မီသော မှောင်ခိုလိုဏ်ခေါင်းများအား စုံစမ်းနေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။

“ခင်ဗျားမှာ အဖွဲ့အစည်းတစ်ခုရှိတယ်ဆိုပါတော့။ နှစ်တစ်နှစ်ရဲ့ အချိန်တစ်ခုခုတိုင်းမှာ ခင်ဗျားတို့အဖွဲ့က ထုတ်လုပ်တဲ့ ပစ္စည်းတစ်ခုခုက ပမာဏအများကြီးထွက်ရှိတယ်။ တရားဝင်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ သူတို့ရဲ့ ထုတ်လုပ်တဲ့ပစ္စည်းကို ဘယ်အချိန်မှာ၊ ဘယ်လိုဖြန့်ဖြူးရင် အထိရောက်ဆုံးဖြစ်မလဲဆိုတာကို ခင်ဗျားစဉ်းစားရသလို ပဲ သူတို့လည်း ဒီပုံစံအတိုင်းပဲ လုပ်ကြတာပဲဗျ။” ဟု ကာလီဖိုးနီးယားပြည်နယ် အိုတေး မီဆာရှိ အမေရိကန်လူဝင်မှု နှင့် အကောက်ခွန်ဌာန အထူးစုံစမ်းစစ်ဆေးရေး ဒါးရက်ဘန်နာက ပြောသည်။

၂၀၀၈ ခုနှစ် အောက်တိုဘာလမှစ၍ လိုဏ်ခေါင်းပေါင်း ၇၀ ခန့်တွေ့ရှိပြီးဖြစ်ကာ လွန်ခဲ့သော ၆ နှစ်ကတွေ့ရှိ ရသော ပမာဏထက် ကျော်လွန်သွားပြီဖြစ်သည်။

လိုဏ်ခေါင်းတစ်ခုဖေါက်လုပ်ရန် ၆ လမှ တစ်နှစ်အထိသာကြာမြင့်ကြောင်း အာဏာပိုင်က ပြောသည်။ လိုဏ်ခေါင်း တူးသောလုပ်သားများသည် ဂေါ်ပြားများ၊ ပေါက်ချွန်းများနှင့် အခြားအဆင့်နိမ့်ပစ္စည်းများကိုသာ အသုံးပြုကာ လိုဏ်ခေါင်းကိုဖေါက်ကြပြီး အလုပ်မပြီးမချင်း ဂိုဒေါင်များအတွင်း၌သာ နေထိုင်ကြကြောင်း သိရသည်။

ဆန်ဒီယေဂို၊ ကာလီဖိုးနီးယား တော်ဝင်တောင်ကြားနှင့် နော်ဂေးလ်တစ်ဝိုက်တွင် လိုဏ်ခေါင်းများ အစုလိုက်၊ အပြုံလိုက် ရှိနေသည်။ ကာလီဖိုးနီးယားမြေသည် ရွှံ့ဆန်ပြီး တူးဆွရလွယ်ကူသောကြောင့် လိုဏ်ခေါင်းတူးသူများ အကြိုက်တွေ့သော နေရာတစ်ခုဖြစ်ပြီး နော်ဂေးလ် တွင်မူကြီးမားသော မြေအောက်ရေနုတ်မြောင်းကြီးများကို မူးယစ် မှောင်ခိုများက အသုံးပြုကြသည်။

ဆန်ဒီယေဂို အိုတေးမီဆာဒေသတွင် ပိုင်ရှင်မဲ့ဂိုဒေါင်ဟောင်းကြီးများရှိသဖြင့် မူးယစ်ဆေးဝါးတင် ထရပ်ကားများ ပုန်းအောင်းနားခိုရာ အတွက် အသုံးပြုကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။