Friday, December 9, 2011

အစ္စရေးလ်က ဂါဇာကိုလေကြောင်းမှ တိုက်ခိုက်


အစ္စရေးလ်က ဂါဇာအားလေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပါလက်စတိုင်းတစ်ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိ ခဲ့သည်။ ယမန်နေ့ကလည်း အစ္စရေးလ်လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပါလက်စတိုင်းတိုက်ခိုက်ရေးသမား ၂ ဦးသေဆုံးခဲ့သည်။

အစ္စရေးလေတပ်မှ သောကြာနေ့အစောပိုင်းက ဂါဇာအရှေ့ပိုင်းရှိဟားမားစ်၏လက်နက်ကိုင် တပ်ဖွဲ့ အဇ္ဇီဒိုင်း အယ်-ခါဆင်မ် အဖွဲ့ လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အနီးအနားပတ်ဝန်းကျင်ရှိအိမ်တစ်လုံးမှ လူတစ် ယောက်သေဆုံုးသွားပြီး ကလေးများအပါအဝင်အခြားခုနှစ်ဦးဒဏ်ရာရရှိခဲ့သည်။
ယင်းညတွင်း၌ပင် လေ့ကျင့်ရေးစခန်းအား နောက်ထပ်တိုက်ခိုက်မှု နှစ်ခုပြုလုပ်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာအဖွဲ့က ပြောသည်။

ကြာသပတေးနေ့ညက အစ္စရေးလ်ဘက်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကို တုံ့ပြန်သောအားဖြင့် အကြမ်းဖက် ဌာနချုပ်ကို လက်စားချေတိုက်ခိုက်ခြင်းဖြစ်ကြောင်း အစ္စရေးလ်စစ်တပ်ပြောခွင့်ရအမျိုးသမီးက ဆိုသည်။
ကြာသပတေးနေ့က ဂါဇာလမ်းပေါ်ရှိ ကားတစ်စီးကို အစ္စရေးလ်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ကားပေါ် ပါ တိုက်ခိုက်ရေးသမားနှစ်ဦးသေဆုံးပြီး ဘေးမှ လူနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူတိုက်ခိုက်ရေးသမားနှစ်ဦးမှာ အစ်ဆမ်အယ်-ဘာတစ်ရှ် နှင့် ဆိုဘီအယ်-ဘာတစ်ရှ်တို့ဖြစ်ကြပြီး ဂါဇာမြို့တွင်းလမ်းမပေါ်တွင် လေကြောင်းမှ အပစ်ခံရခြင်းဖြစ်သည်။ ယင်းကိုလက်တုံ့ပြန်သောအားဖြင့် ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများက အစ္စရေးလ်တောင်ဘက် အတွင်းပိုင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ ရာ အချို့မှာ ဘီယာရှီဘာမြို့အနီးကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။

သူတို့သတ်ဖြတ်လိုက်သော တိုက်ခိုက်ရေးသမားနှစ်ဦးသည် အီဂျစ်-အစ္စရေးလ်နယ်စပ် ဆိုင်းနိုင်းကျွန်းဆွယ်တွင် ရှိသော အစ္စရေးလ်စစ်သားများနှင့် အရပ်သားများကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည်ဟု အစ္စရေးလ်စစ်တပ်က ပြောသည်။
“သူတို့က အကြမ်းဖက်အုပ်စုကပါ။ အစ္စရေးလ်အနောက်ဘက် နယ်စပ်မှာရှိတဲ့ အစ္စရေးလ်စစ်သားတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တာပါ။” ဟု အစ္စရေးလ်စစ်တပ်မှ ပြောသည်။

အစ္စရေးလ်စစ်တပ်ကြေငြာချက်တွင် အစ်ဆမ်သည် ၂၀၀၇ ခုနှစ် အစ္စရေးလ်အရပ်သားသုံးဦးသေဆုံးခဲ့ရသော အစ္စရေးလ်တောင်ပိုင်းအီလက်အပန်းဖြေစခန်း အသေခံဗုံးခွဲမှုတွင် ကြံစည်ဘက်တစ်ဦးဖြစ်ကြောင်းဆိုသည်။
အစ်ဆမ်သည် ပါလက်စတိုင်းသမ္မတမိုဟာမက် အာဘက်စ်၏ ဖာတာလှုပ်ရှားမှုတွင်ပါဝင်သော အယ်-အက်ခ်ဆာ အာဇာနည်များအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းဆိုသည်။
ဆိုဘီသည် ဂါဇာကိုထိန်းချုပ်ထားသော ဟားမားစ်အဖွဲ့၏ လက်နက်ကိုင် အယ်-ခါဆမ်အဖွဲ့ဝင်ဖြစ်သည်။

အစ္စရေးလ်၏ ကြာသပတေးနေ့ တိုက်ခိုက်မှုသည် ရာဇဝတ်မှုမြောက်ပြီး ဒေသတွင်းအကြမ်းဖက်မှုများအား အရှိန်မြှင့်တင်ပေးလိုက်ခြင်းဖြစ် ကြောင်း ဟားမားစ်ပြောခွင့်ရပုဂ္ဂိုလ် ဖေါ်ဇီဘာဟွမ်း ပြောသည်။

အစ္စရေးလ်နှင့် ဂါဇာတိုက်ခိုက်ရေးသမားများ မကြာသေးမီကမှ အနည်းနယ်လျော့ကျသွားသည်။ သို့သော် ဗုဒ္ဓဟူးနေ့ က အစ္စရေးလ်စစ်သားများက နယ်စပ်ဖြတ်ကျော်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပါလက်စတိုင်းတိုက်ခိုက်ရေး သမားတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများနှင့် ဆေးရုံတာဝန်ရှိသူများက ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။