Friday, December 30, 2011

မိုဂါဒစ်ရှူးတွင် အကူအညီပေးရေးအဖွဲ့မှ လုပ်သားနှစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံး


ဆိုမာလီယာမြို့တော် မိုဂါဒစ်ရှူးတွင် အကူအညီပေးရေးနိုင်ငံခြားသားလုပ်သားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရဲနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ပြောသည်။
သေဆုံးသူနှစ်ဦးမှာ ပြင်သစ်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) မှဖြစ်ပြီး ယင်းအဖွဲ့တွင်အလုပ်လုပ် ခဲ့ပြီး အလုပ်မှထုတ်ခံထားရသူ လုပ်သားဟောင်းတစ်ဦးက ကြာသပတေးနေ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သူသည် MSF တွင် သယ်ယူပို့ဆောင်ရေးလုပ်သားတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က အလုပ်မှထုတ် ခံခဲ့ရသော ဆိုမာလီအမျိုးသားတစ်ဦးဖြစ်ကြောင်း လုံခြုံရေးအစောင့် အာမက်အလီက ဆိုသည်။

“ဟုတ်ပါတယ်။ မိုဂါဒစ်ရှူး MFS ရုံးဝင်းထဲမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ ကြီးမားသလဲဆိုတာတော့ အခုအချိန်မှာ ဘာမှမသိရသေးပါဘူး။ MFS ကတော့ သူ့ဝန်ထမ်းတွေ လုံခြုံရေးအတွက် လုပ်နိုင်သမျှအားလုံးလုပ်ဆောင်ပေးနေပါတယ်” ဟု ပြောရေးဆိုခွင့်ရ အမျိုးသမီး မိုင်မူနာဂျယ်လိုးက ဆိုသည်။
ဆိုမာလီရဲတပ်ဖွဲ့မှ တရားခံကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက AFP သတင်းသို့ပြောသည်။ ဆိုမာလီရဲအရာရှိ မိုဟာမက်အီဘရာဟင်က တရားခံကိုသောကြာနေ့တွင် စစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပစ်ခတ်ခံရပြီးနောက် မကြာမီမှာပင် ပထမတစ်ယောက်သေဆုံးသွားခဲ့ပြီး ဒုတိယတစ်ယောက်ကို ဒဏ်ရာအပြင်း အထန်ဖြင့် ဆေးရုံသို့ခေါ်ဆောင်သွားခဲ့သည်။ သို့သော် ရရှိသည့်ဒဏ်ရာဖြင့်ပင် ဆေးရုံပေါ်တွင် သေဆုံးသွားခဲ့ ကြောင်း ဆရာဝန်များက ဆိုသည်။
“ဆရာဝန်က အတတ်နိုင်ဆုံးကယ်တင်ဖို့ကြိုးစားပေမယ့် သေဆုံးသွားခဲ့ပါတယ်။” ဟု မက်ဒီနာဆေးရုံး လက်ထောက်ဒါရိုက်တာ ဒူမီယာ အလီကဆိုသည်။

သေဆုံးသွားသူများမှာ မည်သည့်လူမျိုးများဖြစ်ကြောင်း အသေအချာမသိရပေ။ သို့သော် သတင်းများအရ တစ်ယောက်မှ ပြင်သစ်လူမျိုးဖြစ်ပြီး နောက်တစ်ယောက်မှာ အင်ဒိုနီးရှားလူမျိုးဖြစ်ကြောင်း သိရသည်။

မိုဂါဒစ်ရှူးသည် အကူအညီပေးရေးလုပ်သားများအတွက် အန္တရာယ်အများဆုံးနေရာတစ်ခုဖြစ်ပြီး အဖွဲ့အစည်းအများစု မှာ သူတို့လုပ်သားများအား နောက်ထပ်နေထိုင်ခွင့်များ မပေးတော့ပေ။ ဆိုမာလီတွင် အပြည်ပြည်ဆိုင်ရာမှ အကူအညီပေးရေး အဖွဲ့များမှ နိုင်ငံခြားသားအလုပ်သမားများအား တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများ အမြဲတမ်းဖြစ် ပွားလေ့ရှိသည်။

ယင်းသို့တိုက်ခိုက်ပြန်ပေးဆွဲမှုများမှာ အယ်လ်ရှာဘက်သူပုန်များလက်ချက်ဖြစ်ကြောင်း စွပ်စွဲပြောဆိုလေ့ရှိသော် လည်း ကြာသပတေးနေ့တိုက်ခိုက်မှုတွင်မူ ၎င်းတို့လက်ချက်ဟုတ်သည်၊ မဟုတ်သည်ကို အတိအကျမသိရသေးပေ။ အဆိုပါအဖွဲ့၏ တွစ်တာအကောင့်တွင်မူ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းကိုရေးသားထားသည်။

ပြင်းထန်သောတိုက်ပွဲတစ်ပွဲ မိုဂါဒစ်ရှူးရှိ MFS တွင်ဖြစ်ပွားနေကြောင်း၊ သေနတ်သမားတစ်ဦးသည် အဆောက်အဦ အတွင်းဝင်ရောက်ကာ MFS ဝန်ထမ်းများကို ပစ်ခတ်ခဲ့ကြောင်း စသည်ဖြင့် ရေးသားဖေါ်ပြထားသည်။

ဆိုမာလီတွင် အကူအညီပေးရေးလုပ်သားများကို တိုက်ခိုက်မှုနောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့ရာတွင် ဆိုမာလီလုပ်သား သုံးဦး ဟိုင်ရန်ဒေသတွင် သတ်ခံခဲ့ရသည်။ လွန်ခဲ့သော အောက်တိုဘာလလယ်က ဆိုမာလီနယ်စပ်မှ ကီလိုမီတာ ၁၀၀ အကွာတွင်ရှိသော ဒါးဒက်ဒုက္ခသည်စခန်းတွင် အလုပ်လုပ်နေသော MFS မှ စပိန်လုပ်သားနှစ်ဦးကို ကင်ညာ သူပုန်များက ဖမ်းဆီးခဲ့သည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။