Friday, January 6, 2012

မူဘာရက်အား သေဒဏ်ချမှတ်နိုင်ရန် ကြိုးပမ်း


အီဂျစ်သမ္မတဟောင်းမူဘာရက်နှင့် ပြည်ထဲရေးဝန်ကြီးဟောင်း အပါအဝင် အခြားအစိုးရအရာရှိဟောင်းများအား သေဒဏ်ချမှတ်ရန် အီဂျစ်အစိုးရရှေ့နေများက တောင်းဆိုလိုက်သည်။
“အစိုးရတရားစီရင်ရေးက အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ကြိုးမိန့်သေဒဏ်ကို မူဘာရက်နဲ့ အခြားတရားခံတွေ အပေါ်ချမှတ်ဖို့ တောင်းဆိုထားပါတယ်။” ဟု တရားစီရင်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ မူစတာဖာခါတာက ကိုင်ရိုမြို့တွင် ကြားနာသော တရားခွင်အတွင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။

လွန်ခဲ့သော ဖေဖေါ်ဝါရီလအတွင်းက နိုင်ငံအဝှမ်းဆန္ဒပြမှုများတွင် ဆန္ဒပြသူ ၈၀၀ ခန့်ကို အစိုးရမှသတ်ဖြတ်မှုဖြင့် မူဘာရက်ကို တရားစွဲဆိုထားသည်။ တရားခွင်တွင် တရားသူကြီးချုပ် မူစတာဖာဆူလေမန်က ၁၈ ရက်ကြာဆန္ဒပြမှု များအတွင်း သတ်ဖြတ် မှုများဖြင့် မူဘာရက်ကို နိုင်ငံရေးနှင့် ဥပဒေကြောင်း အရထိန်းသိမ်းထားကြောင်း တရားရုံး သို့ပြောကြားခဲ့သည်။

“အစိုးရထိပ်တန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ အဲဒီအချိန်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မသိပါဘူးလို့ သူပြောလို့မရပါဘူး။”
“ ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် နိုင်ငံရေးအရရော၊ ဥပဒေအရရော သူ့မှာတာဝန်ရှိပါတယ်။” ဟု ဆူလေမန်က ပြောသည်။
“ကြိုတင်ကြံစည်သတ်ဖြတ်မှုအတွက် ဥပဒေအရ သေဒဏ်သတ်မှတ်ထားပါတယ်။” ဆူလေမန်က ပြောခဲ့ပြီး မူဘာရက်နှင့် အပေါင်းအပါများကို ကြိုးပေးကွပ်မျက်ရန် တောင်းဆိုလိုက်သည်။

ထိုစဉ်က သူ့နောက်လိုက်များ၊ ရုပ်မြင်သံကြားသတင်းများနှင့် ထောက်လှမ်းရေးများမှ တစ်ဆင့် တိုင်းပြည်တွင်း မည်သို့ဖြစ်ပွားနေသည်ကို မူဘာရက်သိရှိခဲ့သော်လည်း တားဆီးရန် မကြိုးစားခဲ့ကြောင်း ဆူလေမန်က ဆိုသည်။

မူဘာရက်နှင့် တရားရင်ဆိုင်နေရသော လုံခြုံရေးဆိုင်ရာအကြီးအကဲ ဟာဘစ်အယ်အက်ဒလီသည် မူဘာရက်၏ အမိန့်ဖြင့် ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်ခွင့်ရရှိခဲ့ကြောင်း ဆူလေမန်ကဆိုသည်။ ပစ်မှုထင်ရှားပါက နှစ်ဦးစလုံး သေဒဏ်ကျခံရမည်ဖြစ်သည်။

နောက်ထပ်ရဲအရာရှိ ခြောက်ဦးလည်းအလားတူပင်စွဲဆွဲထားခံရသည်။ မူဘာရက်သားများဖြစ်သော အလာနှင့် ဂမ္မာ ကိုလည်း အကျင့်ပျက်ခြစားမှုများဖြင့် တရားရင်ဆိုင်နေရသည်။ ဆန္ဒပြသမားများအား လုံခြုံရေးတပ်ဖွဲ့များက အကူအညီပေးရန်စစ်တပ်မှ ငြင်းဆန်ပြီးနောက် မူဘာရက်သည် ရာထူးမှဆင်းပေးရန်ဆုံးဖြတ်ခဲ့သည်ဟုထွက်ဆိုခဲ့ ကြောင်း ဆူလေမန်က ဆိုသည်။

“ဘာတွေဖြစ်နေတယ်ဆိုတာ မူဘာရက်သိလျက်နဲ့ ဘာမှ မလုပ်ခဲ့ပါဘူး။” ဟု ဆူလေမန်က ဆိုသည်။

မူဘာရက်၊ သူ၏လုံခြုံရေးအကြီးအကဲ ခြောက်ဦးနှင့် ထိပ်တန်းရဲအရာရှိ ၆ ဦးတို့သည် လူသတ်မှုတွင် အမှန်တကယ် ပါဝင်ကြသူများဖြစ်ကြောင်း တရားစီရင်ရေးအဖွဲ့ကဆိုသည်။ သူတို့အဖွဲ့တွင်သာ ကျည်ဆန်အစစ်များဖြင့်ပစ်ခတ်ခွင့်၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အသေပစ်သတ်ခွင့်ပေးနိုင်သော အာဏာများရှိကြောင်း ဆူလေမန်က ပြောသည်။
ယင်းသို့ပစ်ခတ်ခွင့်ကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်ပေးခဲ့ကြောင်း၊ ဆန္ဒပြသူများပြိုကွဲသွားစေရန် ရည်ရွယ်၍ ပစ်ခတ်ခိုင်းခဲ့ကြောင်း ဖြစ်သည်ဟု ဆူလေမန်က ပြောသည်။

စုံစမ်းစစ်ဆေးမှုများတွင် လုံခြုံရေးအာဏာပိုင်များအားပါဝင်ကူညီပေးရန် တောင်းဆိုမှုအားမသိကျိုးကျွံပြုနေခြင်း ကြောင့် တရားစီရင်ရေးအဖွဲ့ကိုယ်တိုင် စုံစမ်းစစ်ဆေးရေးလုပ်ခဲ့ကြောင်း သူက ဆက်လက်ပြောသည်။
မျက်မြင်သက်သေများ၊ ဆရာဝန်များ၊ ရဲများထံမှ သက်သေထွက်ဆိုချက်များကို ယူ၍ အမှုကိုတည်ဆောက်ခဲ့ရ ကြောင်း ဆို၏။

တရားခွင်ကို ကြာသပတေးက ရပ်ဆိုင်းလိုက်ပြီး တနင်္လာနေ့တွင် ပြန်လည်စတင်မည်ဖြစ်သည်။
Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။