Monday, January 9, 2012

မလေးရှားအတိုက်အခံခေါင်းဆောင် အမှုမှကွင်းလုံးကျွတ်လွတ်


မလေးရှားအတိုက်အခံခေါင်းဆောင် အန္နဝါအီဘရာဟင်အား မလျော်မကန်လိင်ဆက်ဆံမှုဖြင့် တရားစွဲဆိုထားခြင်းမှ အပြစ်မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး တရားသေလွှတ်ပေးလိုက်ပြီဖြစ်သည်။
အစိုးရသည် လာမည့်ရွေးကောက်ပွဲတွင် မိမိအားပါဝင်ယှဉ်ပြိုင်ခြင်းမပြုနိုင်အောင် အမှုဆင်စွပ်စွဲခဲ့ခြင်းဖြစ် သည်ဟု
အန္နဝါက ပြောကြားခဲ့သည်။

ကွာလာလမ်ပူအထက်တရားရုံး တရားသူကြီး မိုဟာမက်ဇာဘင်ဒင် ဒီယာက အပြစ်မရှိကြောင်းဆုံးဖြတ်လိုက်ပြီး နောက် အန္နဝါနှင့် ဇနီး၊ သမီးဖြစ်သူတို့နှင့် အတိုက်အခံနိုင်ငံရေးသမားများ အောင်ပွဲခံခဲ့ကြသည်။
“တရားမျှတမှုကို ဘုရားစောင့်တာပါပဲ။” ဟု အပြစ်မရှိကြောင်း ကြေငြာပြီးနောက် အန္နဝါက သတင်းထောက်များကို ပြောသည်။

“ကျွန်တော့်မှာတော့ သံသယတွေ ရှင်းသွားပါပြီ။ ဒါပေမယ့် လှုပ်ရှားရုန်းကန်စရာတွေရှိသေးတယ်။ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် အာရုံစိုက်ထားရမယ်။” ဟု ဆိုသည်။

“လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ အသံတွေကိုကြားသိရပါမယ်။ အကျင့်ပျက်အစိုးရကို အာဏာက နေဖယ်ရှားပစ်ရပါလိမ့်မယ်။” ဟု သူ၏ တွစ်တာ အကောင့်တွင် ရေးသားထားသည်။

အန္နဝါအတွင် အပြစ်မရှိကြောင်းတရားရုံးမှ ကြေငြာလိုက်ပြီးနောက် တရားရုံးအပြင်ဘက်တွင် လာရောက်စောင့်ဆိုင်း နားထောင်နေကြသော သူ့ကိုထောက်ခံသူ ထောင်နှင့်ချီသော လူအုပ်ကြီးက လက်သီးလက်မောင်းတန်းကာ ဝမ်းသာ အားရအော်ဟစ်သြဘာပေးကြလေသည်။

တရားသူကြီး ဇာဘီဒင်က အပြစ်မရှိကြောင်းအမိန့်ကို ဖတ်ကြားရာတွင် အစိုးရရှေ့နေများဘက်မှ တင်သွင်းသော အငြင်းပွားဖွယ်ရာ ဒီအင်အေသက်သေကို ထည့်သွင်းမစဉ်းစားခဲ့ကြောင်း ကြေငြာခဲ့သည်။
“လိင်ပိုင်းဆိုင်ရာ စွပ်စွဲခံရတဲ့အမှုတွေမှာ ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိဘဲ တရားရုံးအနေနဲ့ ဆုံးဖြတ်ချက်ချရတာ ခက်ခဲပါတယ်။ ဒါကြောင့် စွပ်စွဲခံရသူကို တရားသေလွှတ်လိုက်ပါတယ်။” ဟု တရားသူကြီးက ကြေငြာခဲ့သည်။

၁၉၉၀ ခုနှစ်များအတွင်းက ဝန်ကြီးချုပ်လုပ်ခဲ့သူ အန္နဝါအတွက် ယခုအမှုသည် လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူမှု ဖြင့်တရားစွဲခံရသည်မှာ၁၀ နှစ်ကျော်ကာလအတွင်း ဒုတိယအကြိမ်ဖြစ်သည်။

မဟာသီယာမိုဟာမက်ပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သူ အန္နဝါသည် ၁၉၉၈ ခုနှစ်တွင် အလားတူအမှုဖြင့် ထောင်ကျခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုများဖြင့်လည်း တရားစွဲခံခဲ့ရသည်။
၂၀၀၄ ခုနှစ်တွင် ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် နိုင်ငံရေးအတိုက်အခံဖြစ်လာခဲ့လေသည်။
၂၀၀၈ ခုနှစ်တွင် ယခင်သူ့ပါတီဟောင်းအား အနိုင်ယူကာ မကြုံစဖူးမဲအများရရှိခဲ့သည်။

သို့သော် ရွေးကောက်ပွဲအပြီး မကြာမီမှာပင် ယခင်မိတ်ဆွေဟောင်းယောင်္ကျားတစ်ဦးနှင့် လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုကျင့်မှုဖြင့် ပြိုင်ဘက် ညီညွတ်သောမလေးအမျိုးသားပါတီက စွပ်စွဲပြီး တရားစွဲဆိုခဲ့သည်။
မလေးရှားနိုင်ငံတွင် မွတ်စလင်ဥပဒေအရ ဝစ္စမဂ်ဖြင့် လိင်ဆက်ဆံခြင်းသည် ရာဇဝတ်မှုမြောက်ပြီး ထောင်ဒဏ် အနှစ် ၂၀ အထိကျခံရနိုင်သည်။

Source: Al jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။