Tuesday, January 10, 2012

အမေရိကန်တစ်ဦးကို သူလျှိုမှုဖြင့် အီရန်သေဒဏ်ပေး


အီရန်နိုင်ငံတွင် ဖမ်းမိထားသော အီရန်-အမေရိကန်လူမျိုးတစ်ဦးကို စီအိုင်အေသူလျှိုအဖြစ်စွပ်စွဲပြီး အီရန်တရားရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင်ရေဒီယိုသတင်းဌာနက ကြေငြာလိုက်သည်။

အမေရိကန်က အီရန်ရေနံတင်ပို့မှုများကို ပိတ်ဆို့မည်ဟု ခြိမ်းခြောက်ထားပြီး အီရန်ကလည်း ဟော်မျုဇ်ရေလက် ကြားကို ပိတ်မည်ဟု ပြန်လည်ခြိမ်းခြောက်မှုများဖြင့် စစ်ရိပ်စစ်ငွေ့များဖြင့် တင်းမာနေသော နှစ်နိုင်ငံကြား ယခုကိစ္စ ကြောင့် တင်းမာမှုပိုမိုအရှိန်ရလာသည်။

အမေရိကန်နိုင်ငံသား အမ္မာမီရာဇာအီဟက်မာတီသည် အထူးစစ်သင်တန်းတက်ရောက်ခဲ့ပြီး အီရတ်နှင့် အာဖဂန် စစ်ပွဲများတွင် အမေရိကန်အခြေစိုက်စခန်းများ၌ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အီရန်နိုင်ငံတွင်းသို့ မိသားစုအလည် အပတ်ခရီးစဉ်အဖြစ်အကြောင်းပြကာ သူလျှိုလုပ်ငန်းလုပ်ရန် ဝင်ရောက်လာခဲ့ကြောင်း အီရန်က ပြောကြားခဲ့သည်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့သော သေဒဏ်ချမှတ်ချက်သတင်းတွင် မည်သည့်နေ့တွင် စီရင်မည်ဆိုသည်ကို ထည့်သွင်း ကြေငြာခဲ့ခြင်းမရှိပေ။ အီရန်ဥပဒေအရ ဟက်မာတီတွင် အယူခံဝင်ရန် ရက် ၂၀ ခန့် အချိန်ရသည်။

ဟက်မာတီသည် စီအိုင်အေသူလျှိုမဟုတ်ကြောင်း အမေရိကန်က ငြင်းဆိုလိုက်ပြီး အပြစ်မရှိသူများကိုနိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးအပြစ်ပေးခြင်းဖြစ်သည်ဟု အီရန်အပေါ်ဝေဖန်ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနယခင်ပြောခွင့်ရ ပီဂျေကရောင်လီက ဟက်မာတီအား သေဒဏ်ပေးလိုက်ခြင်း သည် အလွန်ဝမ်းနည်းစရာကောင်းပြီး အမေရိကန်နှင့် အီရန်ကြားဆက်ဆံရေးပုံမှန်ပြန်ဖြစ်ရေးအတွက် အလားအလာ မရှိတော့ကြောင်း ဆိုသည်။
“အက်ကြောင်းက သိပ်မကြီးသေးပါဘူး။ ဒါပေမယ့် ကြီးမလာနိုင်ဘူးလို့ ကျွန်တော်တို့ ပြောလို့မရသလို ကြီးလာနိုင်ဖို့လည်း အလားအလာတွေတွေ့နေရပါတယ်။” ဟု ကရောင်လီက ဆိုသည်။

အီရန်က ယူရေနီယံသန့်စင်မှု ၂၀ ရာခိုင်နှုန်းအထိ ပြုလုပ်လျှင် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ဖေါက် ဖျက်ခြင်းဖြစ်ကြောင်း အမေရိကန်က သတိပေးစကားပြောကြားပြီးနောက်နေ့တွင် ဟက်မာတီကို သေဒဏ်ပေးလိုက် ခြင်းဖြစ်သည်။

နိုင်ငံတကာ နျူကလီးယားစွမ်းအင်ဌာနကြီးက အီရန်သည် ဖေါ်ဒိုရှိ နျူကလီးယားဓါတ်ပေါင်းဖိုတွင် ယူရေနီယံ ၂၀ ရာခိုင်နှုန်းအထိ သန့်စင်ရေးလုပ်ငန်းကို စတင်နေပြီဖြစ်ကြောင်း၊ အီရန်နျူကလီးယားဆိုင်ရာကိစ္စရပ်များကို စောင့်ကြည့်နေကြောင်း တနင်္လာနေ့က ပြောကြားလိုက်သည်။

“တကယ်လို့ အီရန်က ယူရေနီယံ ၂၀ ရာခိုင်နှုန်းအထိသန့်စင်ရေးလုပ်နေပြီဆိုရင် ကုလသမဂ္ဂဆုံးဖြတ်ချက် ကိုချိုးဖေါက်တာပါပဲ။” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဗစ်တိုးရီးယားနုလန်းက ပြောသည်။
လက်တင်အမေရိကနိုင်ငံများကိုလည်း အီရန်နှင့် အနီးကပ်မဆက်ဆံကြရန် တောင်းဆိုလိုက်ပြီး နျူကလီးယားအရေး နှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးရမည့်နေရာ မှားနေအီရန်ကို ပြောကြားခဲ့သည်။

လွန်ခဲ့သောရက်ပိုင်းက အီရန်သမ္မတအမာဒီနီဂျက် လက်တင်အမေရိကသို့သွားရောက်ခဲ့ပြီး ပထမဦးစွာ ဗင်နီးဇွဲလား သမ္မတဟူဂိုချေဗက်ဇ်နှင့် တွေ့ဆုံခဲ့ပြီး နိုင်ကာရာဂွါ၊ ကျူးဘားနှင့် အီကွေဒေါနိုင်ငံများသို့လည်းသွားရောက်မည် ဖြစ်သည်။
“အီရန်က သူ့ရဲ့နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းစွာအသုံးပြုဖို့ဆိုတာကို သက်သေပြဖို့ သမ္မတအမာဒီနီဂျက်သွားရောက်နေတဲ့ လက်တင်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာက စိတ်ဝင်စားနေကြတယ်လို့ ထင်ပါတယ်။ ” ဟု နုလန်းက ပြောသည်။

အမာဒီနီဂျက်၏ လက်တင်အမေရိကခရီးစဉ်သည် နိုင်ငံတကာတင်းမာမှုများကို ပိုမိုကြီးထွားလာစေရန်နှင့် ဥရောပသမဂ္ဂက အီရန်ရေနံများကို ပိတ်ဆို့လိုက်လျင် ဈေးကွက်အသစ်ရစေရန် လက်တင်သို့ ခြေဦးလှည့်ခြင်းဖြစ် သည်ဟု သုံးသပ်ကြလေသည်။ အမေရိကန်က နိုင်ငံတစ်နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ရာတွင် ယင်းနိုင်ငံ၏ ဗဟိုဘဏ် အားပိတ်ဆို့ပစ်လိုက်နိုင်သည်။ ထိုအခါ ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် ငွေကြေးလည်ပတ်စီးဆင်းမှုများ ရပ်တန့် သွားရလေသည်။


အီရန်တွင် သေဒဏ်ပေးခြင်းခံထားရသော ဟက်မာတီကို အီရန်လူမျိုးမိဘနှစ်ပါးမှ အရီဇိုးနားတွင် မွေးပြီး မီချီဂန် အထက်တန်းကျောင်းမှ အထက်တန်းအောင်မြင်ခဲ့သည်။ စစ်တပ်တွင် စကားပြန်အဖြစ်လုပ်ကိုင်ခဲ့ပြီး အသက် ၂၈ နှစ်ရှိပြီဖြစ်သည်။

သူ့ဖခင်သည် မီချီဂန်ပြည်နယ် ဖလင့်ကောလိပ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး သူ့သားသည် စီအိုင်အေသူလျှိုမဟုတ် ကြောင်း ၊ အီရန်နိုင်ငံတွင်ရှိသော အဖွားဖြစ်သူထံသို့ အလည်အပတ်သွားရောက်ခြင်းသာဖြစ်ကြောင်း ပြောသည်။

ဟက်မာတီသည် အီရန်-အမေရိကန်ဖြစ်သည်။ သို့သော် အီရန်က သူ့ကိုအီရန်လူမျိုးဖြစ်သည်ဟုသာ သတ်မှတ် လိုက်ပြီး အီရန်ဥပဒေအရ နှစ်နိုင်ငံသားဖြစ်သည်ဟု လက်မခံပေ။

အီရန်တရားရုံးက ဟက်မာတီသည် စီအိုအေမှဖြစ်ပြီး ရိုင်းစိုင်းသော နိုင်ငံအတွက် အလုပ်လုပ်ပေးနေသည်။ အီရန်နိုင်ငံအား အကြမ်းဖက်နိုင်ငံအဖြစ်စွပ်စွဲရန် ကြိုးပမ်းနေသည်ဟု ဆုံးဖြတ်ခဲ့သည်။

အီရန်တရားရုံးဆုံးဖြတ်ချက်အရ ဟက်မာတီသည် (မိုဟာရက်ဘ်) ဘုရားသခင်ကိုပုန်ကန်သူ၊ (မော့ဖ်ဆဒ်)ကမ္ဘာမြေ ပျက်စီးအောင်လုပ်ဆောင်သူ ဖြစ်သည်။ ယင်းအသုံးအနှုန်းနှစ်ခုသည် အီရန်တရားရုံးများတွင် မကြာခဏသုံးစွဲလေ့ရှိ သော စကားလုံးများဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။