Thursday, January 12, 2012

အီရန်နျူကလီးယား သိပ္ပံပညာရှင်တစ်ဦး ဗုံးခွဲလုပ်ကြံခံရ


အီရန်နိုင်ငံတီဟီရန် မြောက်ဘက် နာတန်ဇ်ယူရေနီယံသန့်စင်စက်ရုံတွင် ကြီးကြပ်ကွပ်ကဲနေသော အီရန်နျူကလီးယား သိပ္ပံပညာရှင်တစ်ဦး သံလိုက်ကားဗုံးပေါက်ကွဲလုပ်ကြံခံရသဖြင့်သေဆုံးခဲ့ရကြောင်း အီရန် သတင်းဌာနက ကြေငြာခဲ့သည်။
ယခုလုပ်ကြံမှုမျိုး ယခင်ကလည်း နျူကလီးယားသိပ္ပံပညာရှင်များ အီရန်တွင် လုပ်ကြံခံရဖူးသည်။

သေဆုံးသူ သိပ္ပံပညာရှင်မှာ အသက် ၃၂ နှစ်အရွယ်ရှိ မော့စတာဖာ အမာဒီရို့စ်ဟန်ဖြစ်ပြီး နာတန်ဇ်စက်ရုံတွင် ဓါတုဗေဒဆိုင်ရာ ဒါရိုက်တာဖြစ်ကြောင်း အီရန် ဖားစ်သတင်းဌာနကပြောကြားခဲ့သည်။

သူနှင့်အတူ အခြားနှစ်ဦးတို့သည် အီရန်နိုင်ငံထုတ် ဖူးဂျော့ ၄၀၅ ကားအတွင်း၌ ဂေါလ်နာဘီလမ်းအနီးတွင် ဗုံးပေါက် ကွဲခဲ့ခြင်းဖြစ်သည်။ ရို့စ်ဟန်သည် နာမည်ကျော်တီဟီရန် ရှာရစ်နည်းပညာတက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ပြီး လုပ်ကြံမှုကို အကြမ်းဖက်မှုဖြစ်ကြောင်း ဖားစ်သတင်းဌာနက ပြောသည်။
“တီဟီရန်ဒုတိယမြို့တော်ဝန်က ဒီလုပ်ကြံမှုအတွက် အစ္စရေးလ်ကို အပြစ်တင်ပြောကြားခဲ့ပါတယ်။ မတ်လမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို အနှောက်အယှက်ဖြစ်အောင် အစ္စရေးလ်က လုပ်ဆောင်ခြင်းဖြစ် တယ်လို့ သူက ဆိုပါတယ်။” ဟု အယ်ဂျာဇီယာတင်းထောက် ဒေါ်ဆာဂျက်ဘရီက ပြောသည်။
“ဒါပေမယ့် ဘယ်လိုဖြစ်ပွားခဲ့တယ်ဆိုတာတော့ အသေအချာမသိရသေးပါဘူး။ လုံခြုံရေးတင်းကြပ်တဲ့ တီဟီရန်လို မြို့ကြီးမှာ ဒီလိုအဖြစ်အပျက်တွေ မကြာခဏဖြစ်ပွားနေပါတယ်။”

ရှာရစ်ဖ်တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် အမာဒီရို့စ်ဟန်သည် နာတန်ဇ်ယူရေနီယံစက်ရုံတွင် လက်ထောက်တာဝန်ခံ အဖြစ် အလုပ်လုပ်နေကြောင်း ရေးသားထားသည်။ “ဓါတ်ငွေ့တွေကို သီးခြားခွဲထုတ်ဖို့အတွက် ပိုလီမာအလွှာတွေ ဖန်တီးတဲ့ စီမံကိန်းမှာ အလုပ်လုပ်နေပါတယ်။” ဟု တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

၂၀၁၀ ဇန်နဝါရီလ ၁၂ နေ့က အလားတူဗုံးမျိုးပေါက်ကွဲခဲ့ပြီး တီဟီရန်တက္ကသိုလ်အကြီးတန်းရူပဗေဒပါမောက္ခ မာဆွတ်အလီမိုဟာမာဒီ သေဆုံးခဲ့သည်။ အလုပ်သွားရန်ကားပေါ်သို့အရောက်တွင် သူ့ကားဘေးတွင် ကပ်ရပ်ထား သော မော်တော်ဆိုင်ကယ်မှ ဗုံးပေါက်ကွဲပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။

၂၀၁၀ နိုဝင်ဘာလအတွင်းကလည်း တီဟီရန်၌ပင် ဗုံးပေါက်ကွဲမှုတစ်ခု၌ နျူကလီးယားသိပ္ပံပညာရှင်တစ်ဦးသေဆုံး ပြီး အခြားတစ်ဦးဒဏ်ရာရှိခဲ့သည်။ သေဆုံးသူသိပ္ပံပညာရှင်သည် တီဟီရန် ရှာဟစ်ဘဟက်ရှ်တီ တက္ကသိုလ် နျူကလီးယားအင်ဂျင်နီယာဌာနမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အီရန်နျူကလီးယားစွမ်းအင်ဌာနအတွက်လည်း အလုပ်လုပ် ပေးလျက်ရှိသည်။ ဒဏ်ရာရရှိခဲ့သော သိပ္ပံပညာရှင် ဖီရီဒိုအန်အား အီရန်နျူကလီးယားစွမ်းအင်ဌာန၏ ခေါင်းဆောင် အဖြစ်ချက်ခြင်းခန့်အပ်ခဲ့သည်။
ထို့နောက် ၂၀၁၁ ဇူလိုင်လတွင် ဆိုင်ကယ်စီးသေနတ်သမားများက လျှပ်စစ်ကျောင်းသား ဒါရီအုရှ်ရီဇေအီနီဂျက်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ နောက်ထပ်သတင်းတစ်ခုအရ သူသည်နျူကလီးယားလက်နက်ထုတ်လုပ်ရန် ကြိုးပမ်းနေ သော အီရန်သိပ္ပံပညာရှင်များနှင့် ဆက်နွယ်နေသည်ဟု ဆိုသည်။

“ဗုဒ္ဓဟူးနေ့လုပ်ကြံမှုက နိုင်ငံခြားတိုင်းပြည်တစ်ပြည်နောက်ကွယ်က ပါဝင်နေတဲ့ လုပ်ကြံမှုဖြစ်ပါတယ်။ ဒါပေမယ့် အီရန်နျူကလီးယားအစီအစဉ်ကိုတော့ ရပ်တန့်လိုက်မှာ မဟုတ်ပါဘူး။” ဟု ဒုတိယသမ္မတ ရီဇာရာဟီမီက နိုင်ငံပိုင် ရုပ်မြင်သံကြားတွင်ပြောကြားသွားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။