Friday, January 13, 2012

အမေရိကန်စစ်သားများ အာဖဂန်တွင် မလျှော်မကန်ပြုမူပုံ ဗွီဒီယိုဖိုင်ထွက်ပေါ်လာ


အမေရိကန်စစ်သားများက သေဆုံးနေသော အာဖဂန်အလောင်းများကို ကျင်ငယ်စွန့်နေသော ဗွီဒီယိုဖိုင်တစ်ခုပေါ်ထွက် လာပြီး အဆိုပါဗွီဒီယိုမှာ အစစ်အမှန်ပင်ဖြစ်ကြောင်း အမေရိကန်စစ်တပ်က ဝန်ခံလိုက်သည်။
စုံစမ်းစစ်ဆေးသူများမှ မရင်းစစ်သားလေးယောက်တွင် အနည်းဆုံးနှစ်ယောက်ကို ဖေါ်ထုတ်ပြီး အင်တာဗျူးလုပ်ရန် ဆောင်ရွက်ခဲ့ကြောင်း AP သတင်းဌာနက ရေးသားဖေါ်ပြခဲ့သည်။ ၎င်းတို့သည် အာဖဂန်တောင်ပိုင်း တာလီဘန် အခြေစိုက်စခန်းများကို ခုနှစ်လကြာတိုက်ခိုက်ခဲ့သော တပ်ရင်းကြီးမှ တပ်သားများဖြစ်သည်။
နှစ်ယောက်မှာ မြောက်ကာရိုလိုင်းနား လဲယွန်းစခန်းတွင် ရှိသော အမှတ် ၃ တပ်ရင်းနှင့် အမှတ် ၂ တပ်ရင်းများတွင် တာဝန်ထမ်းဆောင်ဆဲဖြစ်ကြောင်း မရင်းတပ်ဖွဲ့မှ အမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဗွီဒီယိုအတွင်းပါဝင်ခဲ့သော တပ်ဖွဲ့ဝင်များသည် ၂၀၁၁ ခုနှစ် မတ်လမှ စက်တင်ဘာလအထိ အာဖဂန်နစ္စတန်၊ ဟဲလ်မန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်စိပ်မှဖြစ်ပြီး အခြားတပ်သားနှစ်ဦးမှာ အခြားတပ်စိပ်များသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

ဗွီဒီယိုအတွင်း၌ စစ်ဝတ်စုံအပြည့်ဝတ်ဆင်ထားသော တပ်သားလေးဦးက သွေးအလိမ်းလိမ်းသေဆုံးနေသော အလောင်း၃ လောင်းပေါ်သို့ ကျင်ငယ်စွန့်နေသည့် မြင်ကွင်းကို ဗွီဒီယို အရိုက်ခံနေသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ဗွီဒီယိုဖိုင်မှာ အစစ်အမှန်ပင်ဖြစ်ကြောင်း လက်ခံခဲ့ပြီး
“ဒီဗွီဒီယိုဖိုင်မှာ ပါဝင်ခဲ့တဲ့သူတွေကို အပြည့်အဝစုံစမ်းဖေါ်ထုတ်သွားမှာပါ။” ဟု ပြောကြားခဲ့သည်။
ထို့နောက် အာဖဂန်သမ္မတ ခါဇိုင်းထံသို့ ဖုန်းဆက်၍ ဗွီဒီယိုပါအဖြစ်အပျက်နှင့် ပတ်သက်၍ စိတ်မကောင်းကြောင်း၊ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော် ဗွီဒီယိုကိုကြည့်ပြီးပါပြီ။ ကြည့်ရတာ လုံးဝစိတ်မကောင်းစရာပါပဲ။ လုံးဝအပြင်းထန်ဆုံးစကားလုံး တွေနဲ့ ရှုံ့ချပါတယ်။” ဟု ပန်နက်တာက ပြောကြားခဲ့သည်။
“ဒီလိုအပြုအမူမျိုးတွေဟာ အမေရိကန်တပ်ဖွဲ့ဝင်များအနေနဲ့ လုံးဝမသင့်လျှော်တဲ့လုပ်ရပ်မျိုးဖြစ်ပါတယ်။”

ပန်နက်တာက မရင်းတပ်ဖွဲ့နှင့် အာဖဂန်ရှိ အပြည်ပြည်ဆိုင်ရာအမေရိကန်တပ်ဖွဲ့ဗိုလ်ချုပ် ဂျွန်အလန်တို့ကို ချက်ခြင်း စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း “စိတ်မကောင်းဖြစ်မိကြောင်း” ပြောကြားခဲ့ပြီး “မလုပ် သင့်သော အပြုအမူ” ဖြစ်ကြောင်း ရှုံ့ချပြောဆိုခဲ့သည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။