Friday, January 20, 2012

ဆီးရီးယား ဇဘာဒါနီတွင် အပစ်ရပ်ရေးသဘောတူ


ဆီးရီးမြို့တော်နှင့် အနီး ဇာဘာဒါနီမြို့တွင် အတိုက်အခံလက်နက်ကိုင်များနှင့် အစိုးရစစ်တပ်ကြား အပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်တစ်ရပ်ရရှိခဲ့သည်။

အဆိုပါအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို သမ္မတအာဆက်၏ ယောက်ဖတော်သူလည်းဖြစ်၊ လက်ထောက် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ အာဆက်ဖ်ရှော်ကက်နှင့် မြို့ခေါင်းဆောင်များကြားပြုလုပ်ခဲ့ကြောင်း လွန်ခဲ့သော နှစ်ပတ်ခန့်က ဂျော်ဒန်သို့ထွက်ပြေးသွားခဲ့သည့် အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ ခါမဲလ်လက်ဘ်ဝါနီက ဆိုသည်။

လွတ်လပ်သော ဆီးရီးယားစစ်တပ်ဟု အမည်ရသော အတိုက်အခံလက်နက်ကိုင်များနှင့် မြို့တွင်းရှိ လှုပ်ရှားတက် ကြွသူများအား မြို့ခေါင်းဆောင်များက စည်းရုံးဆွေးနွေးခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီ ချက်ရရှိခဲ့ကြောင်း လက်ဘ်ဝါနီက ဆက်လက်ပြောကြားသည်။

သဘောတူညီချက်အရ အစိုးရစစ်တပ်များနှင့် တင့်ကားများမြို့တွင်းမှ ထွက်ခွါသွားပေးရန်နှင့် အတိုက်အခံလက်နက် ကိုင်များလည်း လမ်းမများပေါ်မှ ဆုတ်ခွာပေးရန် သဘောတူညီခဲ့ကြသည်ဟု လက်ဘဝါနီက ပြော၏။ ဇဘာဒါနီမြို့ တွင် လူဦးရေ ၄၀,၀၀၀ ခန့်နေထိုင်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဆီးရီးယားအစိုးရမှ တစ်စုံတစ်ရာပြောကြားခြင်းမရှိခဲ့ပေ။

“အခုက စပြီး အမြောက်ပစ်သံ၊ သေနတ်သံတွေ မကြားရတော့ပါဘူး။ တိတ်ဆိတ်နေပါတယ်။ ဒါပေမယ့် စစ်တပ်ကတော့ မြို့ကိုဝိုင်းထားတုန်းပါပဲ။” ဟု ရီတာအမည်ရှိသူ မြို့ခံတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောသည်။
“သဘောတူညီချက်အရတော့ စစ်တပ်ကလည်း မြို့တွင်းကနေ ဆုတ်ခွါပေးရမယ်။ အတိုက်အခံသူပုန်တွေ ကလည်း လမ်းတွေပေါ်ကနေဆုတ်ခွါပြီးတော့ လမ်းတားတုန်းတွေကို ဖယ်ပေးရပါမယ်။”

ဇဒါဘာနီမြို့သည် ဒမတ်စကတ် အနောက်မြောက်ဘက် ကီလိုမီတာ ၃၀ အကွာတွင်တည်ရှိပြီး လက်ဘနွန်နှင့် ဆီးရီးယားကို ပိုင်းခြားထားသော တောင်များ၏ အောက်ခြေတွင် တည်ရှိသည်။ ထိုမြို့သည် အာဆက် ရာထူးမှ ဆင်းပေးရေးအတွက် အလုံးအရင်းဖြင့် ပုံမှန်ဆန္ဒပြနေသော မြို့ဖြစ်သည်။

လွန်ခဲ့သော သောကြာနေ့က တင့်ကားများဖြင့် စစ်တပ်က မြို့ကို အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ လွန်ခဲ့သောလက အာရပ်အဖွဲ့ချုပ် လေ့လာရေးအဖွဲ့များနိုင်ငံတွင် ဝင်ရောက်လေ့လာချိန်မှ စ၍အကြီးဆုံးထိုးစစ်တစ်ခုဖြစ်ခဲ့သည်။
နှစ်ရက်ကြာစေ့စပ်ညှိနှိုင်းမှုများအပြီး အပစ်ရပ်သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဇဘာဒါနီမြို့မှ တက်ကြွလှုပ်ရှားသူများက ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ရေးသားဖေါ်ပြကြသည်။
“ကျွန်ုပ်တို့ရဲ့ ဂုဏ်ယူဖွယ်ရာမြေပေါ်ကနေ သူတို့ မနက်ဖြန်မနက်ဆုတ်ခွါသွားမယ့် အချိန်ကို ကျွန်ုပ်တို့ စောင့်နေကြပါတယ်။” ဟု စာမျက်နှာတစ်ခုတွင် ရေးသားထားသည်။

ဆီးရီးယားတွင် ပစ်ခတ်နှိမ်နင်းမှုများရပ်တန့်ရန် နိုင်ငံတကာမှတောင်းဆိုဖိအားပေးလျက်ရှိပြီး အချို့သော အတိုက် အခံများက နိုင်ငံတကာဝင်ရောက်ဖြေရှင်းရန် တောင်းဆိုလျက်ရှိသည်။

သို့သော် ရုရှအနေနှင့် အနောက်နိုင်ငံများက ဆီးရီးယားအရေးတွင် အင်အားသုံးဝင်ရောက်စွက်ဖက်ခွင့်ရရေးအတွက် ကုလသမဂ္ဂ၏ သဘောတူညီချက်ရရှိရန် ကြိုးပမ်းမည့် မည်သည့်ဆောင်ရွက်မှုမျိုးကိုမဆို ပိတ်ပင်တားဆီးသွားမည် ဖြစ်ကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

“အချို့နိုင်ငံတွေက ဆီးရီးယားအရေးမှာ အင်အားသုံးပြီး ကြားဝင်မယ်ဆိုရင် ရုရှကလုံးဝလက်ခံမှာမဟုတ် ပါဘူး။” ဟု ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဗ်က ပြောသည်။
“ဒါပေမယ့် သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူတို့ဘာသာလုပ်ရင်တော့ လုပ်လေ။ ကုလသမဂ္ဂရဲ့ သဘောတူ ညီချက်ကိုတော့ ရမှာမဟုတ်ဘူး။”

ရုရှကတင်ပြသော ဆီးရီးယားအရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်အပေါ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အချိန်ကြာမြင့်စွာဆွေးနွေးညှိနှိုင်းပြီးနောက် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှက တင်ပြသော ဆုံးဖြတ်ချက်မူကြမ်းတွင် မည်သည့်နိုင်ငံခြားတပ်မှ ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ရန် ရှင်းလင်းစွာဖေါ်ပြထားကြောင်း လက်ဗရော့ဗ် ကပြောသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။