Saturday, January 14, 2012

ှဆီးရီးယားသို့ အာရပ်တပ်ဖွဲ့များ စေလွှတ်သင့်ကြောင်း ကာတာစော်ဘွားပြော

ကာတာစော်ဘွား ရှိတ်ဟာမက်

ကုလသမဂ္ဂ၏ ပြောကြားချက်အရ ဆီးရီးယားတွင် မငြိမ်သက်မှုများစတင်ဖြစ်ပွားချိန်မှစ၍ ယခုအထိ သေဆုံးသူ ၅,၀၀၀ ကျော်သွားပြီးဖြစ်ပြီး အခြေအနေကိုထိန်းသိမ်းရန် အာရပ်တပ်များဆီးရီးယားသို့စေလွှတ်သင့်ကြောင်း ကာတာစော်ဘွား ရှိတ်ဟာမက်ဘင်ခါလီဖာအယ်လ်သနီက ပြောကြားလိုက်သည်။

အမေရိကန်သတင်းဌာန CBS နှင့်အင်တာဗျူးကဏ္ဍတွင် ဆီးရီးယားအရေးအခင်းတွင် အာရပ်နိုင်ငံများ ဝင်ရောက် စွက်ဖက်ရန် သင့်မသင့် သူ၏ထင်မြင်ချက်ကိုမေးမြန်းခဲ့ရာ “ဒီလိုအခြေအနေမျိုးမှာတော့ သတ်ဖြတ်မှုတွေရပ်တန့်နိုင် ဖို့အတွက် စစ်တပ်အချို့ကို စေလွှတ်သင့်ပါတယ်။” ဟု ဖြေဆိုခဲ့သည် ။

ရှိတ်ဟာမက်သည် ဆီးရီးယားအရေးအခင်းနှင့် ပတ်သက်၍ နိုင်ငံခြားတိုင်းပြည်များမှ ဝင်ရောက်စွက်ဖက်သင့် ကြောင်း လူသိရှင်ကြားထုတ်ဖေါ်ပြောကြားခဲ့သည့် ပထမဆုံးအာရပ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အာရပ်ကမ္ဘာအုံကြွ မှုနှင့် ပတ်သက်၍ သူ့အမြင်ကိုပြောကြားရာတွင် “တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့အတွက် တောင်းဆိုနေကြတဲ့ နိုင်ငံတွေက ပြည်သူတွေကို ကျွန်တော်တို့ ထောက်ခံပါတယ်။” ဟု ဆို၏။

“ဒီအုံကြွမှုတွေဟာ ဖြစ်သင့်တဲ့ကိစ္စတွေလို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် တကမ္ဘာလုံးကထောက်ခံသင့် ပါတယ်။”
သောကြာနေ့က ဆီးရီးယား၏ အတိုက်အခံလက်နက်ကိုင် လွတ်လပ်သောဆီးရီးယားစစ်တပ် ကျောထောက်နောက် ခံပြုဆန္ဒပြပွဲများတွင် နိုင်ငံအဝှမ်းသေဆုံးသူ ၂၆ ယောက်ရှိကြောင်း တက်ကြွလှုပ်ရှားသူများ၏ ပြောဆိုချက်ကို ကိုးကား၍ ရှိတ်ဟာမက်က ဆိုသည်။
အဓိကတိုက်ပွဲများဖြစ်ပွားနေရာ ဟုမ်းစ်မြို့တွင် သောကြာနေ့က စစ်ကားတစ်စီးမီးလောင်နေသည့်ပုံကို အပျော်တမ်းကင်မရာဖြင့် ရိုက်ကူးထားပြီး ယူကျုတွင် ပြသထားသည်။ အတိုက်အခံများက ယူကျုကိုအသုံးပြု၍ ဆီးရီးယားနိုင်ငံတွင်း အခြေအနေများကို ထုတ်လွှင့်လျက်ရှိသည်။ နောက်ခံစကားပြောသူက ဆီးရီးယားလက်နက် ကိုင် အတိုက်အခံတပ်ဖွဲ့များက အစိုးရစစ်ကားတစ်စင်းကို ပုခုံးထမ်းအမြှောက်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ပြောသည်။
အာရပ်ဘာသာဖြင့်စာတမ်းရေးထိုးသော ယင်းသတင်းဗီဒီယိုတွင် “ဆန္ဒပြသူတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့အစိုးရ စစ်ကားကို လွတ်လပ်သောဆီးရီးယားစစ်တပ်မှ အထူးစစ်ဆင်ရေးအသွင်ဖြင့် တိုက်ခိုက်လိုက်ကြောင်း” ရေးသား ထားသည်။

သို့သော် အချက်အလက်များမှာ မှန်ကန်ခြင်းရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ဆီးရီးယား အစိုးရက နိုင်ငံခြားသတင်းဌာနများကို နိုင်ငံတွင်းဝင်ရောက်သတင်းယူခွင့်ကို ပိတ်ပင်ထား၍ဖြစ်သည်။ ထို့ကြောင့် တက်ကြွလှုပ်ရှားသူများ၊ အပျော်တမ်းသတင်းထောက်များနှင့် လူထုသတင်းထောက်များက အွန်လိုင်းပေါ်တွင် ထုတ်လွှင့်သော သတင်းများကို ကြည့်ရှုကာ ဆီးရီးယားနိုင်ငံတွင်း အဖြစ်အပျက်များကို သိရှိရသည်။

အင်္ဂလန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဟာမားမြို့တွင် ဆန္ဒပြသူတစ်ဦးအသတ်ခံရပြီး အာရီဟာမြို့တွင် သောကြာနေ့က လူ ၂၀,၀၀၀ ကျော်ဆန္ဒပြခဲ့ကြကြောင်း ပြောသည်။ ဒါရားမြို့အကြမ်းဖက်မှုများ ကိုလည်း လူ့အခွင့်အရေးအဖွဲ့က သတင်းပေးပို့ခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။