Friday, February 17, 2012

တာလီဘန်နှင့် အမေရိကန်၊ အာဖဂန်အစိုးရ ဆွေးနွေးမည်


အမေရိကန်နှင့် အာဖဂန်အစိုးရတို့ တာလီဘန်နှင့် ပတ်သက်၍ သုံးပွင့်ဆိုင် ပြောဆိုဆွေးနွေးနေကြောင်း အာဖဂန်သမ္မတဟာမစ်ခါဇိုင်းက ပြောသည်။
`အမေရိကန်နဲ့ တာလီဘန်ကြားဆက်သွယ်မှုတွေရှိနေပါတယ်။ တာလီဘန်နဲ့ အာဖဂန်အစိုးရကြားမှာလည်း ဆက်သွယ်မှုတွေရှိပါတယ်။ ကျွန်တော်တို့ကြားမှာ တာလီဘန်တွေအပါအ၀င် သုံးပွင့်ဆိုင်ဆက်သွယ်ပြောဆိုမှုတွေ ရှိပါတယ်။´ ဟု ကြာသပတေးနေ့ထုတ် ဝေါစထရိဂျာနယ်အင်တာဗျူးတွင် ဟာမစ်ခါဇိုင်းက ပြောကြားလိုက်သည်။

ယခင်အခါက တာလီဘန်နှင့် အမေရိကန်အစိုးရစေ့စပ်ဆွေးနွေးစဉ် ၎င်းတို့ကို ချန်လှပ်ထားခဲ့သည့်အပေါ် ခါဇိုင်းအစိုးရက မကျေမနပ်ဖြစ်ခဲ့သည်။ တာလီဘန်အဖွဲ့ဝင်အများစုသည် ငြိမ်းချမ်းရေးကိုလိုလားလျက်ရှိကြောင်း ခါဇိုင်းက ပြောသည်။
`တာလီဘန်တွေ အပါအ၀င် အာဖဂန်နစ္စတန်မှာရှိတဲ့ လူတွေဟာ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ကျွန်တော်တို့အားလုံး ငြိမ်းချမ်းရေးကိုလိုလားသလို သူတို့လည်း လိုလားကြပါတယ်။ သူတို့မှာလည်း မိသားစုတွေ၊ ကလေးတွေ၊ အသိုက်အမြုံတွေရှိပါတယ်။´ ဟု ခါဇိုင်းက ဆိုသည်။

၂၀၁၄ နှစ်ကုန်တွင် အာဖဂန်ရှိ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များပြန်လည်ရုပ်သိမ်းတော့မည်ဖြစ်ရာ ၎င်းတို့မရှိတော့ သည့်အချိန်တွင် ငြိမ်းချမ်းရေးဖြစ်ထွန်းနိုင်သည့် အရိပ်လက္ခဏာများဖြစ်ကြောင်း ဆိုသည်။

အာဖဂန်နှင့် ပါကစ္စတန်တို့ကြား ဆက်ဆံရေးတင်းမာနေချိန်တွင် အာဖဂန်က အမေရိကန်နှင့်စီးပွားရေး ဆက်ဆံရေး တိုးမြှင့်ပြီး ၁၀ နှစ်ကြာစစ်ပွဲရပ်တန့်သွားချိန်တွင် အခြေအနေတကျဖြစ်စေရန် ပူးပေါင်းဆောင်ရွက်မည်ဟု ခါဇိုင်း၏ ရုံးမှပြောဆိုလိုက်သည်။

တာလီဘန်တို့ကို အစဉ်အဆက်စောင့်ရှောက်လာခဲ့သော ပါကစ္စတန်က အာဖဂန်ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် အပိုင်းက ကူညီမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အာဖဂန်နှင့် အမေရိကန်အနေနှင့် ပါကစ္စတန်အပေါ် သံသယရှိနေသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တာလီဘန်အုပ်စုနှင့် ငြိမ်းချမ်းရေးအတွက် ပါလီမန်တွင် ဆွေးနွေးနေကြောင်း ပြောဆိုလိုက်ပြီးနောက် တာလီဘန်တို့က နိုင်ငံရေးအရ အားထုတ်မှုများဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွန်ခဲ့သောလက ပြောကြားခဲ့သည်။ သို့သော် လက်နက်စွန့်မည်မဟုတ်ကြောင်းလည်း ဆိုသည်။

`အမေရိကန်ရော၊ အာဖဂန်အစိုးရရော၊ တာလီဘန်ရော အားလုံး စစ်ရေးတွေ၊ တိုက်ခိုက်မှုတွေ၊ အသေခံ ဗုံးခွဲမှုတွေ၊ လေကြောင်းဗုံးကြဲမှုတွေ မလုပ်ဘဲ ဆွေးနွေးအဖြေရှာတဲ့ ဆီကိုသွားကြရမှာဖြစ်ပါတယ်။´ ဟု အာဖဂန် ပါလီမန်အမတ်မီယာဝါရစ် ယာစီနီက အယ်ဂျာဇီယာကိုပြောသည်။

အကြမ်းဖက်သတ်ဖြတ်မှုများအား သုံးဦးစလုံးက လျှော့ချမှသာ အာဏာခွဲဝေရေး (သို့) တာလီဘန်တို့အား နေရာချ ထားရေးအတွက် ဆွေးနွေးအဖြေရှာနိုင်မည်ဖြစ်ကြောင်း ယာစီနီက ဆိုသည်။

အာဖဂန်အရှေ့ဘက် ကူနာပြည်နယ်တာလီဘန်တပ်မှူး အဘ္ဘဒူလာဝါခက်အား အယ်ဂျာဇီယာမှ အင်တာဗျူးခဲ့ရာတွင် တာလီဘန်တို့၏ လက်နက်ကိုင်တိုက်ခိုက်ဖိအားပေးမှုကြောင့် အမေရိကန်တို့ တွေ့ဆုံဆွေးနွေးရေးစာပွဲဝိုင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
`အရင်က အမေရိကန်က ကျွန်တော်တို့နဲ့ စေ့စပ်ညှိနှိုင်းမှုမပြုလိုပါဘူး။ အခုတော့ သူတို့ရောက်လာပါပြီ။´ ဟု ဆိုသည်။
`အာဖဂန်မှာ နိုင်ငံခြားသားတွေ အများကြီးသေခဲ့ပါပြီ။ ဒါကြောင့် သူတို့စကားပြောလာတာပါ။ သူတို့အတွက် တော့ ကမ္ဘာ့အလယ်မှာ ရှက်စရာပါပဲ။ ကျွန်တော်တို့အတွက်က အောင်မြင်မှုပါ။´

အမေရိကန်တာဝန်ရှိသူများသည် ဂျာမဏီနှင့် ကာတာတွင် ၂၀၁၀ ကတည်းက တာလီဘန်တို့နှင့်လျှို့ဝှက် ပြောဆိုဆွေးနွေးမှု အများအပြားပြုလုပ်ခဲ့ကြောင်း၊ သို့သော် အာဖဂန်အစိုးရကို ချန်လှပ်ထားသည့်အတွက် ခါဇိုင်းက ကန့်ကွက်သဖြင့် ရှေ့ဆက်မလုပ်တော့ကြောင်း သိရသည်။

တာလီဘန်တိုက်ခိုက်ရေးသမားအများအပြားက ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်ခံသော်လည်း စေ့စပ်ဆွေးနွေးရေး အတွက် လက်မခံနိုင်ကြောင်း ပြောဆိုမှုများရှိနေသဖြင့် ဆွေးနွေးပွဲသည် ရှုပ်ထွေးလာနိုင်ကြောင်း အယ်ဂျာဇီယာ သတင်းထောက် ဘားနတ်စမစ်က အာဖဂန်မြို့တော်ကဘူးလ်မှ နေ၍ သတင်းပေးပို့ခဲ့သည်။


`အစ္စလာမ်ဥပဒေနဲ့ မညီညွတ်ရင် ခေါင်းဆောင်တွေရဲ့စကားကို လက်မခံဘဲ အာဏာဖီဆန်ဖို့ တမန်တော် မိုဟာမက်က မိန့်ကြားတော်မူခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေက ဘုရားသခင်အလိုတော်ကို ဆန့်ကျင်ရင် ကျွန်တော်တို့ သူတို့ကိုလက်မခံနိုင်ပါဘူး။´ ဟု ကူနာရှိ တာလီဘန်တိုက်ခိုက်ရေးသမားတစ်ဦးက အယ်ဂျာဇီယာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။