Saturday, February 18, 2012

အကြမ်းဖက်လိုသူများကို အက်ဘ်ဘီအိုင်မှ ထောင်ချောက်ဆင်ဖမ်းဆီး


အကြမ်းဖက်မှုနှိမ်နင်းရေး တစ်ရပ်အနေနှင့် အမေရိကန်လွှတ်တော်စည်းဝေးခန်းမဆောင် ဗုံးခွဲရန်ကြံစည်မှုဖြင့် အသက် ၂၉ နှစ်ရှိမော်ရိုကိုနိုင်ငံသားတစ်ဦးကို ပြည်ထောင်စုစုံစမ်းရေးဗဟို(FBI) မှဖမ်းဆီးလိုက်သည်။

အယ်လ်-ခါလီဖီကို အကြမ်းဖက်ရန်ကြံစည်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အက်ဖ်ဘီအိုင်က ကြေငြာချက်ထုတ်ပြန်လိုက် သည်။
`အကြမ်းဖက်သမားအသုံးပြုမည့် ဖေါက်ခွဲရေးပစ္စည်းများသည် အမှန်တကယ်ပေါက်ကွဲမည့်ပစ္စည်းများမဟုတ် ဘဲ လူထုကိုထိခိုက်သေကြေမှုမဖြစ်စေနိုင်ကြောင်း´ ယင်းကြေငြာချက်တွင်ဖေါ်ပြထားသည်။

လွှတ်တော်စည်းဝေးခန်းမဆောင်အနီးသို့ ဖေါက်ခွဲရေးပစ္စည်းများတင်ဆောင်ထားသော ဗန်ကားတစ်စီးဖြင့် ခါလီဖီရောက်ရှိလာခဲ့ပြီး အဆောင်အဦဆီသို့လမ်းလျှောက်သွားခဲ့သည်။ ထို့နောက် ကားရပ်နားရာနေရာမှ သူထွက်ခွါ မသွားမီ ဖမ်းဆီးလိုက်ကြောင်း ဖေါ်ပြခဲ့သည်။

ခါလီဖီကို ထောက်လှမ်းရေးများက မျက်ချည်မပြတ်စောင့်ကြည့်နေခဲ့ပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်တရားရေးဌာနပြောရေးဆိုခွင့်ရ ဒင်းဘွိုက်က ပြောသည်။

အယ်လ်ကေဒါအယောင်ဆောင် အက်ဖ်ဘီအိုင်စုံထောက်များက ခါလီဖီကို ဖေါက်ခွဲရေးပစ္စည်းအတုများပေးအပ်ပြီး ခါလီဖီသည် လွှတ်တော်စည်းဝေးခန်းမကို ဖေါက်ခွဲရန်ကြံစည်ခဲ့ကြောင်းဆိုသည်။ ပြည်ထောင်စုတရားရုံးတွင်းရောက် ရှိနေသော ခါလီဖီသည် အစိမ်းရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး လက်ကို နောက်ပစ်ထားလေသည်။

အမေရိကန်ပိုင် ပေါက်ကွဲရေးပစ္စည်းများကို ပေးအပ်ပြီး အသုံးပြုစေလျှက် သိလျှက်နှင့် ထောင်ချောက်ဆင် ဖမ်းဆီး ခြင်းဖြစ်ကြောင်း၊ တရားဥပဒေနှင့် မညီကြောင်း ခါလီဖီက ရုံးတော်တွင် ထွက်ဆိုခဲ့သည်။ ခါလီဖီသည် ပြစ်မှုထင်ရှား ပါက ထောင်ဒဏ်တစ်သက်ကျခံရမည်ဖြစ်သည်။

တရားရုံးအစီရင်ခံစာတွင် တရားခံ၏ လိပ်စာကို ဖေါ်ပြထားခြင်းမရှိချေ။ သို့သော် ခါလီဖီကို ဖမ်းဆီးအပြီးတွင် ဂျာကင်အပြာဝတ် အက်ဖ်ဘီအိုင် စုံထောက်များ ဗာဂျီးနီးယားရှိ အိမ်တစ်အိမ်ကိုဝင်ရောက်စီးနင်းခဲ့ပြီး လမ်းပေါက်ဝ ကို ရဲကားတစ်စီးဖြင့် ပိတ်ဆို့ထားခဲ့သည်။

ခါလီဖီသည် ရဟူဒီဘုရားကျောင်းတစ်ကျောင်းအပါအ၀င် အခြားနေရာများကိုလည်း ဖေါက်ခွဲရန် စိတ်ဝင်စားကြောင်း အနည်းဆုံးလူအယောက် ၃၀ ခန့်သေကြေပျက်စီးစေရန် ဖေါက်ခွဲလိုသည်ဟု ပြောဆိုခဲ့ကြောင်း အကြမ်းဖက်မှု နှိမ်နင်းရေး တာဝန်ရှိသူတစ်ဦးက အေပီသတင်းဌာနသို့ပြောကြားခဲ့သည်။

သူသည် အမေရိကန်ပြည်ထောင်စုသို့ အသက် ၁၆ နှစ်သားအရွယ်ကတည်းက ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်တွင် အယ်လ်ကေဒါအဖွဲ့နှင့် အဆက်အသွယ်မရှိသေးဟု ယူဆရသည်။ သို့သော် ယခုဖေါက်ခွဲရန် ကြံစည်မှုတွင် သူ့ကိုယ် သူ အယ်ကေဒါနှင့် ဆက်သွယ်မိထားသည်ဟု ယုံကြည်ခဲ့သည်။

အက်ဖ်ဘီအိုင်စုံထောက်တစ်ဦးထွက်ဆိုချက်တွင် ခါလီဖီသည် ၂၀၁၁ ခုနှစ်အတွင်းက သူ့၏ မိတ်ဆွေတစ်ယောက်ကို `အကြမ်းဖက်မှုနှိမ်နင်းရေး´ သည် `မွတ်စလင်နှိမ်နင်းရေး´ ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် သူတို့အနေနှင့် တိုက်ပွဲဝင် ရန် အဆင်သင့်ဖြစ်နေရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်ဟု ဆိုသည်။

ထို့နောက် လွှတ်တော်စည်းဝေးခန်းမဆောင်ဖေါက်ခွဲရန် ကြံစည်ရာတွင် သူ့ကိုဖေါက်ခွဲရေးပစ္စည်းပေးသူများအား ဆဲလ်ဖုန်းဖြင့် အဝေးမှဖေါက်ခွဲနိုင်သော ဖေါက်ခွဲရေးပစ္စည်းများပေးအပ်ရန် တောင်းဆိုခဲ့ကြောင်း ဆိုသည်။
အဆောက်အဦကြီးတစ်ခုလုံးကို ဖေါက်ခွဲပစ်နိုင်ရန် မည်မျှအင်အားကြီးမားသော ဖေါက်ခွဲရေးပစ္စည်းလိုအပ်မည်ကို သိလိုကြောင်း ခါလီဖီက ဇန်န၀ါရီလအတွင်းက မေးမြန်းခဲ့သေးသည်ဟု ဆိုသည်။

ထို့နောက် ခါလီဖီသည် အယ်လ်ကေဒါအယောင်ဆောင်ထားသော စုံထောက်များနှင့် တွေ့ဆုံခဲ့ပြီး စုံထောက်များက သူ့ကို တကယ်ပစ်၍မရသော အော်တိုမစ်တစ်သေနတ်တစ်လက်ပေးခဲ့သည်။ ခါလီဖီသည် သေနတ်နှင့် အခန်းတွင်း ပစ်ခတ်နေသည့်ဟန် မှန်ကိုကြည့်ပြီး လေ့ကျင့်ခဲ့ကြောင်း ဆိုသည်။

အလွတ်သတင်းထောက်တစ်ဦးဖြစ်သူ ဒန်နီစကက်ရှတာက ခါလီဖီကို အကွက်ဆင်ဖမ်းဆီးခဲ့သော အမှုသည် အက်ဖ်ဘီအိုင်၏ လျှို့ဝှက်စစ်ဆင်ရေးဖြစ်ကြောင်း ဆိုသည်။
`အက်ဖ်ဘီအိုင်ရဲ့ လုပ်နေကျထုံးစံတစ်ခုဖြစ်ပုံရပါတယ်။ အကြမ်းဖက်တိုက်ခိုက်လိုစိတ်ရှိတဲ့ လူတွေကို လိုက်လံရှာဖွေစည်းရုံးပြီး အယ်လ်ကေဒါက စီစဉ်ပေးသယောင်နဲ့ သူတို့ကို လက်နက်တွေပေးပြီး ဖမ်းဆီးလိုက်တာ ပါပဲ။´
`ဒီလိုလုပ်ထုံးလုပ်နည်းတွေကို ကျွန်တော်တို့ သိနေရတာ နှစ်အတန်ကြာပါပြီ။ စုံစမ်းရေးအတွက် ဒီလို ထောင်ချောက်ဆင်နည်းကို အသုံးပြုနေပေမယ့် တကယ်တော့ ဖမ်းပြီး ထောင်ချတာလည်းလုပ်ပါတယ်။´ ဟု ဆို၏။

ခါလီဖီကို ထောင်ချောက်ဆင်သိမ်းသွင်းရာတွင် တစ်နှစ်ခန့်ကြာမြင့်ခဲ့ကြောင်းလည်း အကြမ်းဖက်မှု နှိမ်နင်းရေး တာဝန်ရှိသူတစ်ဦးက အေပီသတင်းသို့ပြောသည်။

အမေရိကန်လွှတ်တော်စည်းဝေးခန်းမ တာဝန်ရှိ ပြောရေးဆိုခွင့်ရှိသူ ရဲတပ်ကြပ် ကင်ဘာလေက `လူထုအတွက်၊ အစိုးရအဖွဲ့အစည်းတွေအတွက် အန္တရာယ်က အချိန်မရွေးကျရောက်နိုင်တဲ့ အနေအထားမှာရှိပါတယ်။´ ဟု ဆိုသည်။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်မှစ၍ ၀ါရှင်တန်ဒီစီတွင် ယခုကဲ့သို့ လျှို့ဝှက်ထောင်ချောက်ဆင် လှုပ်ရှားမှုများ ရှိနေသည်။ အကြမ်းဖက်အုပ်စုများနှင့် ချိတ်ဆက်လှုပ်ရှားနေသည်ဟု တရားခံများက ထင်မြင်နေသော်လည်း အမှန် တွင် အက်ဖ်ဘီအိုင်စုံထောက်များက အားလုံးသိရှိနေပြီး မျက်ခြေမပြတ်စောင့်ကြည့်မှုအောက်တွင် လှုပ်ရှားနေခြင်း ဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။