Saturday, March 3, 2012

မြောက်ကိုရီးယားက တောင်ကိုရီးယားကို ကြိမ်းမောင်း


အမေရိကန်မှ အစားအသောက်တန်ချိန် ၂၄၀,၀၀၀ လက်ခံရရှိခြင်းကို တုံ့ပြန်သောအားဖြင့် နျူကလီးယားလက်နက် နှင့် ဒုံးကျည်အစီအစဉ်များ ရပ်တန့်ရန် မြောက်ကိုရီးယားအစိုးရ သဘောတူညီခဲ့ပြီး တောင်ကိုရီးယားကိုမူ `မြင့်မြတ် သောစစ်ပွဲ´ ဆင်နွှဲမည်ဟု ခြိမ်းခြောက်ပြောဆိုလိုက်သည်။

မြောက်ကိုရီးယား၏ ခေါင်းဆောင်ကြီးများအား အသရေဖျက်စော်ကားသည့် စာတန်းများကို တောင်ကိုရီးယားစစ်တပ် ဘားတိုက်များတွင် ချိတ်ဆွဲထားခြင်း၊ သေနတ်ပစ်လေ့ကျင့်ကွင်းများတွင် ရုပ်ပုံများချိတ်ဆွဲပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့သည်။

`တောင်ကိုရီးယားစစ်သားတွေက မြောက်ကိုရီးယားခေါင်းဆောင်ကြီးတွေကို အသရေဖျက်ပြီး ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ အပြုအမူတွေကို ပေါ်ပေါ်တင်တင်ပြုလုပ်နေပါတယ်။´ ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ကြေငြာခဲ့သည်။

`ဒါကြောင့် သစ္စာဖေါက်တွေကို ရှင်းလင်းဖယ်ရှားပစ်ဖို့အတွက် မြောက်ကိုရီးယားက မြင့်မြတ်တဲ့စစ်ပွဲ နောက်တစ်ကြိမ်ဆင်နွှဲဖို့ အခိုင်အမာကြေငြာလိုက်ပါတယ်။´
`မြောက်ကိုရီးယားခေါင်းဆောင်ကြီးတွေရဲ့ အသရေကို နည်းနည်းလေးထိခိုက်အောင်လုပ်တဲ့သူတွေတောင် ဒီကမ္ဘာပေါ်မှာ နေထိုင်ရှင်သန်ခွင့်မရှိစေရပါဘူး။´ ဟု အပြင်းအထန်ကြုံးဝါးသွားခဲ့လေသည်။

လွန်ခဲ့သောနှစ်ကလည်း တောင်ကိုရီးယားစစ်သားများသည် သေနတ်ပစ်လေ့ကျင့်ကွင်းတွင် မြောက်ကိုရီးယား ကင်မိသားစု ခေါင်းဆောင်ပုံများကို ပစ်ခတ်လေ့ကျင့်ခဲ့ကြသဖြင့် တောင်ကိုရီးယားက ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ယင်း အပြုအမူများရပ်တန့်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားက ဆိုသည်။

လွန်ခဲ့သောနှစ် ဒီဇင်ဘာလအတွင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီနှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံး သွားပြီးနောက် သားဖြစ်သူ ကင်ဂျုံအန်ခေါင်းဆောင်အရိုက်အရာကိုဆက်ခံခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားက တောင်ကိုရီးယားကို ရန်လိုသော စကားများပြောဆိုလာခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့စစ်ရေးပူးပေါင်းလေ့ကျင့်နေခြင်းသည် မိမိတို့ကို `အသံတိတ်စစ်ကြေငြာခြင်း´ ဖြစ်သည်ဟု စွပ်စွဲကာ လွန်ခဲ့သော စနေနေ့က မြောက်ကိုရီးယားက `မြင့်မြတ်သောစစ်ပွဲ´ ဆင်နွှဲမည်ဟု ကြိမ်းမောင်း ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီုးယားက တောင်ကိုရီးယားသည် စေ့စပ်ညှိနှိုင်းရန် ငြင်းဆန်လျက်ရှိပြီး စစ်ပွဲပေါ်ပေါက်အောင် မီးမွှေးနေ ခြင်းသာဖြစ်ကြောင်း စွပ်စွဲထားသည်။
`သေခါနီးခွေးရူးက ပိုပြီးရူးသွပ်လာသလိုပဲဖြစ်ပါတယ်။´ ဟု မြောက်ကိုရီးယားသတင်းက တောင်ကိုရီးယားကို ပြောဆိုလိုက်သည်။

အမေရိကန်မှ အစားအသောက်များအကူအညီပေးရေးသဘောတူညီချက်ကြောင့် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုများ နှင့် ယူရေနီယံသန့်စင်မှုလုပ်ငန်းများရပ်ဆိုင်းထားရန်မြောက်ကိုရီးယားက ကတိပေးခဲ့သည်။ ကုလသမဂ္ဂနျူကလီးယားလေ့လာစစ်ဆေးရေးအဖွဲ့များကိုလည်း ၀င်ရောက်ခွင့်ပြုမည်ဟု ဆိုသည်။

အထူးသဖြင့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အစားအသောက်အကူအညီများပေးအပ် သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောသည်။

အစားအသောက်အကူအညီပေးရေးအစီအစဉ်များ နောက်ဆုံးအပြီးသတ်သဘောတူညီမှုရရှိရေးအတွက် မြောက်ကိုရီးယားနှင့် အမေရိကန်ကိုယ်စားလှယ်များ လာမည့်အပတ်အတွင်း ဘေဂျင်းမြို့၌တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။