Thursday, March 15, 2012

လက်ဘနွန်တွင် အီသီယိုးပီးယားအိမ်ဖေါ်အမျိုးသမီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ



လက်ဘနွန်တွင် အိမ်ဖေါ်အလုပ် လုပ်ကိုင်နေသော အီသီယိုးပီးယား အမျိုးသမီးတစ်ဦးသည် လူမြင်ကွင်းတွင် အကြမ်းဖက်ခံရသော ဗီဒီယိုဖိုင်အား ထုတ်လွှင့်ပြသခြင်းခံရပြီးနောက် မိမိကိုယ်ကိုယ်သတ်သေသွားခဲ့သည့် ဖြစ်ရပ် တစ်ခုဖြစ်ပွားခဲ့သည်။

အမျိုးသမီး၏ အမည်မှာ အလမ်ဒက်ဟာဆာဖြစ်ပြီး ဘေရွတ်မြို့အီသီယိုးပီးယားသံရုံးရှေ့လမ်းမပေါ်တွင် သူမအား အမျိုးသား တစ်ဦးက ကြမ်းကြမ်းတမ်းတမ်းအင်အားသုံးပြုမူနေသည့် ဗွီဒီယိုအား လက်ဘနွန်ရုပ်သံ LBCI က လွန်ခဲ့သော အပတ်က ထုတ်လွှင့်ပြသခဲ့သည်။

အမျိုးသားက သူမအားတရွတ်တိုက်ဆွဲကာ ကားပေါ်တင်ဆောင်နေပြီး ပါးစပ်မှလည်း `ကားပေါ်တက်စမ်း။´ အော်ဟစ်ပြောဆိုနေပြီး သူမက `မတက်ဘူး။´ ဟု ငြင်းဆန်အော်ဟစ်နေလေသည်။ ထိုစဉ် အခြားအမျိုးသားတစ်ဦး ကလည်း သူမကို ၀ိုင်းဝန်းချုပ်နှောင်ကာ ကားပေါ်သို့တွန်းတင်နေလေသည်။

အဆိုပါအဖြစ်အပျက်ဖြစ်ပွားပြီးနောက် သူမကို စိတ်ကျန်းမာရေးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့နံနက်တွင် ကိုယ့်ကိုယ်ကိုယ်ဆွဲကြိုးချသေဆုံးနေသည်ကိုတွေ့ရကြောင်း လက်ဘနွန်ရှိ အီသီယိုးပီးယား အထွေထွေအတိုင်ပင်ခံ အဆာမင်နျူဒယ်ဘီလီဘွန်ဆာနာက Daily Star သတင်းသို့ ပြောသည်။

စနေနေ့နံနက်က သူမကို ဆေးရုံတွင်သွားရောက်တွေ့ဆုံခဲ့ပြီး အီသီယိုးပီးယားသို့ပြန်ရန် ပြင်ဆင်နေကြောင်း ဘွန်ဆာနာက ဆိုသည်။

ဗွီဒီယိုကို ထုတ်လွှင့်ပြသပြီးနောက် အဆိုပါအမျိုးသားမည်သူ၊ မည်ဝါဖြစ်ကြောင်း ကားနံပါတ်မှတစ်ဆင့် LBCI က လိုက်လံစုံစမ်းခဲ့သည်။ ထိုအမျိုးသားသည် သူမ၏ အလုပ်ရှင်ဖြစ်လေသည်။
`အဲဒီအမျိုးသားက သူမကို ရိုက်နှက်ခြင်းမပြုခဲ့ဘူးလို့ပြောပါတယ်။ သူမက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ အကြိမ်ကြိမ်ကြိုးစားနေတဲ့အတွက် ဖြောင်းဖျပြီး သူ့နိုင်ငံပြန်ပို့ပေးဖို့ ပြောဆိုတာကိုလည်း ငြင်းဆန်နေတယ်လို့ ပြောပါတယ်။´ ဟု LBCI က ၀က်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

လက်ဘနွန်ရှိ တက်ကြွလှုပ်ရှားသူများက ဗွီဒီယိုအပေါ်တွင် မကျေမနပ်ဖြစ်ကြပြီး အင်တာနက်လူမှုဝက်ဘ်ဆိုက်ရှိ ၎င်း၏ လိပ်စာဖြင့် ဆက်သွယ်ပြီး တရားရုံးတွင်ဖြေရှင်းပေးရန် တောင်းဆိုကြလေသည်။

အိမ်ဖေါ်အလုပ်သမားများအား အကြမ်းဖက်နှိပ်စက်မှုဖြစ်ရပ်များ အတော်များမျာဖြစ်ပွားလျက်ရှိပြီး အများစုမှာ အိမ်ရှင်များက ဖုံးဖုံးဖိဖိဖြင့် ပြီးဆုံးသွားခဲ့သည်က များသည်။

မတရားခိုင်းစေအသုံးချခြင်းနှင့် အကြမ်းဖက်မှုများပပျောက်ရေး ဆောင်ရွက်လှုပ်ရှားနေသော KAFA အဖွဲ့မှ ရိုလာအမ်ဘီမော့ခ်ျက ဒါကာဆာ သေဆုံးမှုသည် ပြဿနာတစ်ရပ်အသွင်ဆောင်သွားနိုင်ကြောင်း အယ်ဂျာဇီယာသို့ ပြောသည်။
`လက်ဘနွန်မှာ အခုအခံအကာအကွယ်မဲ့ဖြစ်နေတဲ့ အိမ်ဖေါ်ပြောင်းရွှေ့အလုပ်သမားတွေအတွက် ဒီကိစ္စက ပြဿနာဖြစ်နိုင်ပါတယ်။ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ အိမ်ရှင်က အကုန်အကျခံခေါ်ယူတဲ့ ခိုင်းစေတဲ့ စံနစ်အရ အလုပ်သမားတစ်ဦးအတွက် အခြေခံလူ့အခွင့်အရေးတွေ ဘာမှအာမခံချက်မရှိတော့ပါဘူး။´
`စုံစမ်းစစ်ဆေးမှုတွေကနေ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိရဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်။´

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။