Saturday, March 24, 2012

မာလီနိုင်ငံမြို့တော်တွင် လုယက်မှုများဖြစ်ပွား





မာလီနိုင်ငံတွင် အာဏာသိမ်းခေါင်းဆောင်ဟု မိမိကိုယ်ကိုယ်ကြေငြာထားသော မာလီစစ်ဗိုလ်တစ်ဦးဖြစ်သူ အမာဒူဆန်နိုဂို ယနေ့လူမြင်ကွင်းသို့ထွက်ပေါ်လာပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် အင်တာဗျူးပြုလုပ်ကာ မြို့တော် ဘာမာကိုအတွင်း စစ်သားများက ဓါတ်ဆီဆိုင်များကို လုယက်ခြင်း၊ ကားများကို ပြန်ပေးဆွဲလုယက်ခြင်းများ ပြုလုပ် နေသည်ဟူသော သတင်းများကို ငြင်းဆိုခဲ့သည်။
`လုယက်ခိုးဆိုးမှုတွေ မလုပ်ဖို့ မာလီအားလုံးကို ကျွန်တော်တောင်းဆိုထားပါတယ်။ ဒီလိုလုယက်မှုတွေဟာ လည်း ကျွန်တော့်စစ်တပ်က စစ်သားတွေလုပ်နေတာ မဟုတ်ပါဘူး။ ဒါသူတို့ ဦးတည်ချက်၊ သူတို့ရည်မှန်းချက် မဟုတ်ပါဘူး။´ အမာဒူဆန်နိုဂိုက ပြောကြားခဲ့သည်။
`စစ်ယူနီဖေါင်းတွေ ဈေးထဲမှာဝယ်လို့ရတယ်ဗျ။ ဘယ်သူမဆိုဝယ်ဝတ်နိုင်တာပဲ။ ကျွန်တော်တို့ကို သိက္ခာကျ အောင် လုပ်နေတာဖြစ်ပါတယ်။´

သမ္မတအမာဒူတိုမန်နီတိုရေးကို ဖြုတ်ချ အာဏာသိမ်းပြီးနောက်ပိုင်း ၄၈ နာရီအတွင်း မြို့တော်တွင်း သေနတ်သံများ ကြားရပြီး ရုတ်ရုတ်သဲသဲဖြစ်ပွားလျက်ရှိသည်။ သမ္မတတိုရေး၏ သစ္စာခံများက တန်ပြန်အာဏာသိမ်းပြီး ဆန်နိုဂိုကို သတ်ဖြတ်လိုက်ပြီဟူသော သတင်းမှာလည်း ကောလဟလသာဖြစ်ကြောင်း ဆန်နိုဂိုက ရှင်းလင်းသွားသည်။
`ဘာမှမဖြစ်ပါဘူး။ နေ့စဉ် ပုံမှန်လုပ်ဆောင်နေကြအတိုင်းသာ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြပါလို့ ကျွန်တော် ပြောချင်ပါတယ်။´ ဟု ဆန်နိုဂိုက ဆိုသည်။

ဘာမာကိုမြို့ခံတစ်ဦးဖြစ်သူ အာဒါမာကွင်ဒိုက `စစ်သားတွေကို လူတွေက ကြောက်နေကြတယ်။ ကားထဲမှာရှိတဲ့ ပစ္စည်းတွေ သူတို့လိုချင်တာ နှိုက်ယူသွားကြတယ်။ တစ်ခါတစ်လေကားကိုပါယူသွားတယ်။ ဆိုင်တွေကိုလည်း စစ်သားတွေကိုယ်တိုင်ပဲ ဖေါက်ကြတယ်။´ ဟု ဆိုသည်။

ဓါတ်ဆီဆိုင်များနှင့် အရောင်းအ၀ယ်လုပ်ငန်းများအားလုံး ပိတ်ထားကြသော်လည်း အချို့မြို့ခံများမှာမူ မိမိတို့လိုအပ် သောပစ္စည်းကိုရနိုင်ရန် စွန့်စားကာ အပြင်ထွက်ရှာဝယ်နေကြရသည်။ လုယက်မှုတွေကြောင့် ကုန်ပစ္စည်းပြတ်လပ် မှုများဖြစ်ပွားနေပြီး ဓါတ်ဆီဈေးနှုန်းများမှာလည်း ၂၄ နာရီအတွင်း နှစ်ဆတက်သွားကြောင်း မြို့ခံများက ပြောသည်။

သမ္မတ တိုရေးလုံခြုံဘေးကင်းစွာရှိနေသတင်းကို အာဖရိကသမဂ္ဂက ရရှိထားကြောင်း ဆိုသည်။ သို့သော် မည်သည့်နေရာတွင် ရှိနေသည်ကိုမူ မသိရသေးပေ။
`သစ္စာခံ အချို့က အကာအကွယ်ပေးထားတဲ့အတွက် သမ္မတလုံခြုံစိတ်ချရတဲ့နေရာမှာ ရှိနေတဲ့အကြောင်း ကျွန်တော်တို့ ကြားသိရပါတယ်။´ ဟု အာဖရိကသမဂ္ဂကော်မစ်ရှင်ခေါင်းဆောင် ဂျင်းပင်းက အက်ဒစ်အက်ဘာဘာ တွင်ကျင်းပသော သမဂ္ဂ၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးပွဲ အပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
`သမ္မတက မာလီမှာပဲရှိပါသေးတယ်။ သူ့ကို အကာအကွယ်ပေးထားတဲ့ လူတွေဆီက ကြားရတာကတော့ မြို့တော် ဘာမာကိုရဲ့ အနီးအနားမှာပဲလုံခြုံတဲ့နေရာမှာရှိနေပါတယ်။´ ဟု ဂျင်းပင်းက ပြောသည်။

အာဏာသိမ်းလိုက်သည့်အတွက် မာလီကို အာဖရိကသမဂ္ဂမှ ထုတ်ပယ်ထားလိုက်ပြီးဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။