Wednesday, March 21, 2012

လစ်ဗျားထောက်လှမ်းရေးအကြီးအကဲဟောင်းကို လွှဲပြောင်းရေးအငြင်းပွား


လွန်ခဲ့သောအပတ်အတွင်းက မွာရီတန်းနီးယားနိုင်ငံ၊ နူအက်ချော့မြို့တွင် ဖမ်းဆီးရမိခဲ့သော လစ်ဗျားအာဏာရှင် ဟောင်း ကဒါဖီ၏ ထောက်လှမ်းရေးအကြီးအကဲ အဘ္ဘဒူလာအယ်-ဆနူဆီကို လစ်ဗျားသို့ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း လစ်ဗျားလက်ထောက်ဝန်ကြီးချုပ်က ပြောသည်။

အကယ်၍ ဆနူဆီကို လစ်ဗျားသို့ပြန်လည်လွှဲပြောင်းပေးအပ်မည်ဆိုလျှင် ပြင်သစ်နှင့် ဟေ့ဂ် အပြည်အပြည်ဆိုင်ရာ စစ်ရာဇ၀တ်တရားရုံး (ICC) တို့ကလည်း ဆနူဆီကို ပေးအပ်ရန်တောင်းဆိုထားသဖြင့် လစ်ဗျားနှင့် အတိုက်အခံဖြစ်နိုင် သည်။ ဆနူဆီသည် လစ်ဗျားတွင် ကဒါဖီကြီးစိုးစဉ်က ညာလက်ရုံးကြီးတစ်ဆူဖြစ်သည်။

`ကျွန်တော်မွာရီတန်းနီးယားနိုင်ငံသမ္မတနဲ့ တွေ့ဆုံပြီးပါပြီ။ သူက ဆနူဆီကို လစ်ဗျားကို ပြန်လည်လွှဲပြောင်း ပေးဖို့ သဘောတူထားပါတယ်။´ ဟု လစ်ဗျားလက်ထောက်ဝန်ကြီးချုပ် မူစတာဖာအဘူရှာဂိုးက သူ၏တွစ်တာ စာမျက်နှာတွင် ရေးသားထားသည်။ လစ်ဗျားနှင့် သဘောတူညီမှုရရှိပြီးဖြစ်သော်လည်း ပြစ်သစ်အစိုးရက သူတို့ကို ဖိအားပေးလျက်ရှိကြောင်း မွာရီတန်းနီးယားက ပြောသည်။
`လစ်ဗျားရဲ့တောင်းဆိုမှုကို ကျွန်တော်တို့ အလေးနက်ထားစဉ်းစားပေးပါ့မယ်လို့ ပြောဆိုထားပြီး ကိစ္စက ပြီးသလောက်ရှိနေပါပြီ။ ဒါပေမယ့် ပြင်သစ်ကလည်း ကျွန်တော်တို့ကို အရမ်းဖိအားနေပါတယ်။´ ဟု မွာရီတန်းနီးယား စစ်ဘက်သတင်းရပ်ကွက်မှ အမည်မဖေါ်လိုသော ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

`ပြင်သစ်က ပြောတာက ဆနူဆီကိစ္စမှာ သူတို့ကအရင်ဦးဆုံးတောင်းတာဖြစ်ကြောင်း၊ ဖမ်းဝရမ်းကိုလည်း သူတို့ကပဲ အရင်ထုတ်ပြီး ဖမ်းဆီးမိရေးမှာလည်း ကူညီခဲ့တာဖြစ်တဲ့အတွက် သူတို့ကို လွှဲပေးသင့်ကြောင်း အရေးဆို နေပါတယ်။´

လစ်ဗျားတွင် ကဒါဖီသေဆုံးပြီးနောက်ပိုင်း ဆနူဆီ လပေါင်းအတန်ကြာအောင် ပျောက်ဆုံးနေခဲ့လေသည်။ လွန်ခဲ့သော သောကြာနေ့ကမှ မော်ရိုကိုမှ မွာရီတန်းနီးယားသို့အ၀င် နူအက်ချော့ လေဆိပ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

လစ်ဗျားအကြီးတန်းအရာရှိတစ်ဦး မွာရီတန်းနီးယားသို့သွားရောက်ခဲ့ပြီး သမ္မတနှင့်တွေ့ဆုံစဉ် ဆနူဆီကို ဖမ်းဆီးပေး ခြင်းအတွက် ချီးကျူးဂုဏ်ပြုခဲ့ပြီး လစ်ဗျားသို့ ပြန်လည်လွှဲပြောင်းပေးအပ်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။

`မွာရီတန်းနီးယားသမ္မတရဲ့ ဆနူဆီကိစ္စ ရပ်တည်ချက်အပေါ် ကောင်းမွန်တဲ့ဆောင်ရွက်ချက်နဲ့ မှန်ကန်တဲ့ လုပ်ရပ်များအတွက် ကျွန်တော်တို့ အလွန်ကျေးဇူးဥပသကာရတင်ရှိပါတယ်။´ ဟု လစ်ဗျားအစိုးရ ကပြောကြားခဲ့ သည်။

ပြင်သစ်နှင့် ICC ကလည်း ဆနူဆီကို အလိုရှိနေသည်။ ICC က ဆနူဆီကို လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇ၀တ်မှုဖြင့် အမှုဖွင့်ထားသည်။ ၁၉၈၉ တွင် ပြင်သစ်လူမျိုး ၅၄ ယောက်သေဆုံးခဲ့ရသော လေယာဉ်ဗုံးပေါက်ကွဲ မှုတွင်လည်း သူ့လက်ချက်ဖြစ်ကြောင်း ပြင်သစ်က စွပ်စွဲထားပြီး အလိုရှိနေသည်။

`ဆနူဆီကို ကျွန်တော်တို့ အလိုရှိပါတယ်။ သေဆုံးသွားခဲ့ရတဲ့ သူတွေရဲ့ မိသားစုတွေနဲ့ တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် ဆနူဆီကို ကျွန်တော်တို့ထံ လွှဲပေးစေချင်ပါတယ်။´ ဟု ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူ ဘားနဒ်ဗယ်လီရိုက ပြောဆိုခဲ့ပြီး ဆနူဆီကို ပြင်သစ်တရားရုံးက မျက်ကွယ်တွင် ထောင်ဒဏ် တစ်သက်ချမှတ်ထားကြောင်း သိရသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုကလည်း ဆနူဆီကို မည်သည့်နိုင်ငံကိုမှ လွှဲပြောင်းမပေးမီ မွာရီတန်းနီးယားတွင် ရှိနေစဉ်အတွင်း သူတို့တွေ့ဆုံလိုကြောင်း တနင်္လာနေ့က အမေရိကန်သံတမန်ရပ်ကွက်မှ အတည်ပြုပြောဆိုလိုက် သည်။

နောက်ထပ်သံတမန်တစ်ဦးကလည်း ဤသတင်းမှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့သော်လည်း အမေရိကန်နှင့် မွာရီတန်းနီးယား အစိုးရတို့ဘက်မှ မည်သည့်တုံ့ပြန်ပြောဆိုမှုမျှ ပေါ်ထွက်မလာသေးပေ။

၁၉၈၈ လော့ကာဘီဗုံးကွဲမှုတွင်လည်း ဆနူဆီပါဝင်ပတ်သက်မှုရှိကြောင်း ဆိုသည်။ အမေရိကန်အစိုးရအနေနှင့် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆနူဆီကို မေးမြန်းစစ်ဆေးလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရအမျိုးသမီးက ဆိုသည်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆနူဆီ အသက် ၆၂ အား လစ်ဗျားတွင် ရုံးတင်စစ်ဆေးဆုံးဖြတ်မည်ဆိုက တရားမျှတမှုရရှိနိုင်မည်ဟု မထင်ကြောင်း၊ ICC သို့လွှဲပြောင်းပေးသင့်ကြောင်း ဆိုသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက လစ်ဗျားတရားရေးစံနစ်သည် `ချို့ယွင်းချက်များ´ ရှိကြောင်းကို ယခင်စစ်တပ် အကြီးအကဲဟောင်း အဘ္ဘဒယ်-ဖာတားသေဆုံးမှု၊ သူပုန်များဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးပျောက်ပျက်မှုများ အား ကောင်းမွန်စွာစုံစမ်းစစ်ဆေးနိုင်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်များကို ထောက်ပြပြောဆိုခဲ့သည်။

`လစ်ဗျားတရားရေးစံနစ်က ဘာမှမရှိသေးပါဘူး။ အမှုတစ်ခုကိုတောင်မှ ဘာမှ လိုက်လံစုံစမ်းစစ်ဆေးနိုင် တာ မတွေ့ရသေးပါဘူး။´ ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးမှ ဒွန်နာတယ်လာရိုဗီရာက ရိုက်တာသတင်းဌာနသို့ ပြောသည်။

သို့သော် ဆနူဆီကို မိခင်တိုင်းပြည်ဖြစ်သောလစ်ဗျားတွင်သာ တရားမျှတစွာဆုံးဖြတ်စီရင်မည်ဖြစ်ကြောင်း လက်ထောက်တရားရေးဝန်ကြီး ခါလီဖာဖာရာ့အက်ရှ်ဝါက ရိုက်တာသို့ပြောသည်။
`လုံခြုံရေးလည်းကောင်းမွန်ပါတယ်။ တရားရုံးတွေလည်းနိုင်ငံအနှံ့နီးပါး ကောင်းမွန်စွာအလုပ်လုပ်နေပါပြီ။ လုံခြုံရေးအခြေအနေတစ်စုံတစ်ရာချို့ယွင်းခဲ့ရင်တောင် ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်။´ ဟု သူကပြောသည်။

လစ်ဗျားတွင် တရားရင်ဆိုင်ရမည်ဆိုလျှင် ဆနူဆီကို မည်သည့်ပြစ်မှုများဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ပြောဆိုရန် စောသေးကြောင်း အက်ရှ်ဝါက ဆိုသည်။ လစ်ဗျားက ဆနူဆီကိုတောင်းဆိုမှုအပေါ် အပြည်အပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပို)က သတိပေးချက်အနီရောင်အဆင့်သတ်မှတ်ထားပြီး လစ်ဗျားအစိုးရသည် ပုဂ္ဂိုလ်ရေးအကျိုးအတွက် အာဏာကိုအလွဲသုံးစားလုပ်ခြင်း၊ ပြည်သူ့ဘဏ္ဍာကိုဖြုံးတီးခြင်းသာဖြစ်ကြောင်း ပြောဆိုလိုက်သည်။
`အကြမ်းဖျင်းပြောရရင်တော့ သူကျူးလွန်ခဲ့တဲ့ အမှုတွေထဲက တစ်ခုက ငွေကြေးအလွဲသုံးစားလုပ်မှုပါ။ လျှို့ဝှက်ငွေကြေးတွေအကြောင်း သူအများကြီးသိပါတယ်။´ ဟု အက်ရှ်ဝါက ဆိုသည်။

ဆနူဆီသည် လစ်ဗျားတွင် ၁၉၉၆ ခုနှစ်က အဘူဆာလင်အကျဉ်းထောင်တွင် အကျဉ်းသားပေါင်း ၁,၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည့်အမှုတွင်လည်း တာဝန်ရှိသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။