Monday, March 26, 2012

ဂျိမ်းစ်ကင်မရွန် ကမ္ဘာ့အနက်ရှိုင်းဆုံး သမုဒ္ဒရာကြမ်းပြင်သို့ ရောက်ရှိခဲ့

ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်

ဟောလီးဝုဒ်၏ ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်သည် ပစိဖိတ်သမုဒ္ဒရာရှိ ကမ္ဘာ့အနက်ဆုံးပင်လယ်ကြမ်းပြင် သို့ ရေငုပ်သင်္ဘောဖြင့် ဆင်းသက်ခဲ့ပြီး ဘေးကင်းစွာဖြင့် ရေပေါ်သို့ပြန်လည်ရောက်ရှိလာခဲ့လေသည်။

ဂျိမ်းစ်ကင်မရွန်းဆိုသည်မှာ နာမည်ကျော် `Titanic´ နှင့် `Avatar´ ရုပ်ရှင်ဇါတ်ကားများကို ရိုက်ကူးခဲ့သော ဒါရိုက်တာဖြစ်ပြီး အထူးဖန်တီးတည်ဆောက်ထားသော ရေငုပ်သင်္ဘောဖြင့် ၁၁ ကီလိုမီတာ (၆.၈ မိုင်) နီးပါးနက်ရှိုင်းသော ပင်လယ်ကြမ်းပြင်သို့ ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် အောင်မြင်စွာရောက်ရှိခဲ့ကြောင်း အမျိုးသားသဘာဝ ဘူမိအဖွဲ့ (NGS) စတက်ဖနီမွန့်ဂိုမာရီက ပြောသည်။

ဂူအန်းအပိုင် ပစိဖိတ်ကျွန်း အနောက်တောင်ဘက် ၃၂၀ ကီလိုမီတာအကွာရှိ သမုဒ္ဒရာအောက် မာရီယာနာ ချိုင့်ဝှမ်း သို့ ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး ၆ နာရီကြာနေရန် အစီအစဉ်ဆွဲထားခြင်းဖြစ်သည်။

ရေအောက်ကြမ်းပြင်သို့ရောက်ရှိပြီးနောက် ပထမဦးဆုံး ကင်မရွန်းထံမှ ကြားရသောသတင်းစကားမှာ `အားလုံး အဆင်ပြေတယ်ဗျို့။´ ဟူ၍ဖြစ်သည်။

ရေအောက်မီတာ အနက် ၁၀,၈၉၈ မီတာတွင် သွားနေပြီး နှစ်နာရီခန့်အကြာတွင် တနင်္ဂနွေနေ့ ညနေပိုင်းတွင် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေသို့ ရောက်ရှိခဲ့သည်။

ချိုင့်ဝှမ်းကြီးတစ်ခုလုံးကို အနှံ့အပြန့်သွားနိုင်ရန်မှာ မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် ယင်းမာရီယာနာ ပင်လယ်အောက်ချိုင့်ဝှမ်းကြီးသည် အမေရိကန်ပြည်ထောင်စုရှိ ဂရင်းကင်ယွန် ချောက်ကြီးထက် အဆ ၁၂၀ ခန့်ကြီး မားပြီး ဧ၀ရက်တောင်ထွတ်၏ အမြင့်ထက် ၁.၆ ကီလိုမီတာ ပို၍နက်သည်။
ကင်မရွန်းသည် `Deepsea Challenger´ ဟု အမည်ပေးထားသော သူ၏ ၁၂ တန်အလေးချိန်ရှိသောရေညှိ စိမ်းရောင် ရေငုပ်သင်္ဘောဖြင့် ငုပ်လျှိုးခဲ့ခြင်းဖြစ်သည်။ ဇီဝဗေဒနှင့် ဘူမိဗေဒ ဆိုင်ရာလေ့လာမှုများပြုလုပ်နိုင်ရန် နမူနာများလည်း ကောက်ယူစုဆောင်းရန်ဖြစ်သည်။
`တကယ်ကို လူသူမရောက်တဲ့နေရာတစ်ခုကို လူသားမျက်စေ့နဲ့တပ်အပ်မြင်တွေ့ခွင့်ရတဲ့ ပထမဦးဆုံး အကြိမ်ပါပဲ။´ ဟု NGS မှ ကင်မရွန်း၏ခရီးစဉ် တာဝန်ခံ တယ်ရီဂါဆီယာကပြောသည်။

ယခုလောက်နက်ရှိုင်းသော ရေအောက်ကြမ်းပြင်ဆီသို့ ပထမဦးဆုံး ငုပ်ခဲ့သည်က ၁၉၆၀ ခုနှစ်အတွင်းက ဆွစ်လူမျိုး အင်ဂျင်နီယာ ဂျက်ကက်ပစ်ကတ်နှင့် အမေရိကန်လူမျိုး ပင်လယ်ကူးသင်္ဘောကပ္ပတိန် ဒွန်ဝဲလ်ရှ် တို့ဖြစ်ပြီး အောက် ခြေသို့ရောက်ရန် ၅ နာရီကြာမြင့်ခဲ့ပြီး မိနစ် ၂၀ ခန့်သာ နေနိုင်ခဲ့သည်။ ။
အောက်ခြေသို့ရောက်သောအခါတွင်လည်း သူတို့စီးနင်းသွားသည့် ရေငုပ်သင်္ဘောမှာ ကြမ်းပြင်သဲများနှင့် တိုက်ခိုက် မိသောကြောင့် အနည်းငယ်သာ ကြည့်ရှုလေ့လာခွင့်ရရှိခဲ့လေသည်။

`ကင်မရွန်းကတော့ ကျွန်တော်တို့တွေ ကမ္ဘာမှာတစ်ယောက်မှ မမြင်ဖူးတဲ့ အရာတွေကို မြင်တွေ့ခွင့်ရခဲ့ပြီး သိပ္ပံပညာရှင်တွေအတွက် တံခါးတစ်ချပ်ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။´ ဟု ဂါဆီယာက ဆိုသည်။

ဤမျှနက်သော ပင်လယ်ပြင်ရေအနက်တွင် အဓိကအန္တရာယ်အကြီးဆုံးမှာ ရေဖိအားပင်ဖြစ်သည်။ ရေအောက် ၁၀.၉ ကီလိုမီတာတွင်ရှိမည့် ရေဖိအားသည် ကားသုံးစီးစာမျှမိမိကိုယ်ပေါ်ပိနေသကဲ့သို့လေးလံမည်ဖြစ်သည်။

ယခုလအတွင်းကပင် ပါပူအာနယူးဂီနီယာတွင် ၈.၂ ကီလိုမီတာနက်သော ရေအောက်သို့ အစမ်းငုပ်လျှိုးစဉ်က အေပီသတင်းဌာနနှင့် အင်တာဗျူးတွင် ကင်မရွန်းက `ရေဖိအားကတော့ ခင်ဗျားရဲ့စိတ်ထဲမှာ အနောက်မှာရောက် နေသလိုပဲဗျ။´ ဟု ပြောသည်။ အကယ်၍ ရေငုပ်သင်္ဘောသာ ယိုစိမ့်မှုဖြစ်ခဲ့လျှင် ချက်ခြင်းပြားချပ်သွားမည်ဖြစ် ကြောင်းဆို၏။

ရေအောက်သို့မငုပ်မီ အနည်းငယ်စိုးရိမ်ပူပန်မိသော်လည်း ရေအောက်ရောက်သောအခါ လုံးဝတုန်လှုပ်ခြောက်ခြားမှု မရှိတော့ကြောင်း အစမ်းလေ့ကျင့်စဉ်က ပြောကြားခဲ့သည်။
`တကယ်ရေအောက်ကို ရောက်သွားပြီဆိုရင် စက်တွေ၊ စံနစ်တွေအားလုံးအပေါ် ယုံကြည်မှုအပြည့်အ၀ရှိ ရမယ်ဗျ။´ ဟု ဆို၏။

ကင်မရွန်းသည် ကလေးဘ၀ကတည်းက အဏ္ဏ၀ါဗေဒပညာရပ်နှင့် ပတ်သက်ပြီး စိတ်ဝင်စားခဲ့ပြီး ရေနက်ပိုင်းများသို့ ၇၂ ကြိမ်ငုပ်ခဲ့ပြီးဖြစ်သည်။ ယင်း ၇၂ ကြိမ်အတွင်းမှ ၃၃ ကြိမ်မှာ တိုက်တန်းနစ် ရုပ်ရှင်ရိုက်ကူးစဉ်က သင်္ဘောပျက် ဆီသို့သွားရောက်ရိုက်ကူးခဲ့သည့် အကြိမ်များဖြစ်သည်။ တိုက်တန်းနစ်ရုပ်ရှင်မှာ ၁၉၉၇ ခုက ကမ္ဘာကျော်ရုပ်ရှင်ဇါတ် လမ်းဖြစ်ခဲ့ပြီး နောက်လတွင် သုံးဘက်မြင် (3D) စံနစ်ဖြင့် ပြန်လည်ရုံတင်ပြသမည်ဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။