Thursday, May 24, 2012

ဘင်လာဒင်ရှာဖွေရေးကူညီခဲ့သည့် ဆရာဝန်ကို ပါကစ္စတန် ထောင်ချ

ဘင်လာဒင်ကို ခြေရာခံနိုင်ရေး စီအိုင်အေအတွက် အလုပ်လုပ်ပေးခဲ့သော ပါကစ္စတန်ခွဲစိတ်ဆရာဝန် ရှခီးလ်အဖရိုက်ဒီကိုနိုင်ငံတော်သစ္စာဖေါက်ဖျက်မှုဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်လိုက်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ရှခီးလ်ကို အစိုးရဆရာဝန်အဖြစ်မှ လွန်ခဲ့သောနှစ်လက ထုတ်ပယ်ပစ်လိုက်ပြီး ခိုင်ဘာခရိုင် တရားရုံး၏ စစ်ဆေးမှုဖြင့် ဗုဒ္ဓဟူးနေ့က အပြစ်ရှိကြောင်းတွေ့ရှိခဲ့သည်။ ထောင်ဒဏ်အပြင် ငွေဒဏ် ၃၂၀ ၀၀၀ ရူပီး (ဒေါ်လာ ၃၅၀၀) ပါဝင်သည်။ ဒေါက်တာရှခီးလ်သည် ပါကစ္စတန်တာလီဘန်နှင့် အယ်ကေဒါတို့ အခိုင်အမာခြေကုပ်ယူထားသော ခိုင်ဘာခရိုင်တွင် နှစ်ပေါင်း အတန်ကြာ အလုပ်လုပ်နေခဲ့သူဖြစ်သည်။ ခိုင်ဘာနယ် ဥပဒေအရ ဒေါက်တာရှခီးလ်ကို တရားရုံးတက်ခွင့်မပြု၊ ရှေ့နေရှေ့ရပ်များဖြင့် ခုခံချေပခွင့် မပေးဘဲ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်လေသည်။ `သူ့ကို နိုင်ငံတော်သစ္စာဖေါက်ဖျက်မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်လိုက်ပြီးတော့ ပက်ရှဝါဗဟိုထောင်ကြီးကို ရွှေ့ပြောင်းလိုက်ပါပြီ။` ဟု ခိုင်ဘာအုပ်ချုပ်ရေးဌာန ပြောခွင့်ရ မိုဟာမက်ဆစ်ဒစ် ကပြောသည်။ ဇန်နဝါရီလအတွင်းက အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ဒေါက်တာရှခီးလ်သည် စီအိုင်အေအတွက် ဘင်လာဒင်တည်နေရာကို သိရှိနိုင်ရန် DNA နမူနာများစုဆောင်းပေးသည့် အလုပ်ကို လုပ်ဆောင်ပေးခဲ့ကြောင်း အတည်ပြုပြောကြားလိုက်ပြီး ပါကစ္စတန်အစိုးရ၏ ဥပဒေကြောင်းအရ ဒေါက်တာရှခီးလ်အား ပြုမူဆောင်ရွက်မှုများအပေါ် စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။ ဒေါက်တာရှခီးလ်သည် ခိုင်ဘာဒေသတွင် ထင်ရှားသော ဆရာဝန်တစ်ဦးဖြစ်ကြောင်း အယ်ဂျာဇီယာ သတင်းထောက် အင်တီယက်ဇ်တိုင်အက်ဘ်က ဆိုသည်။ `ဘင်လာဒင်စစ်ဆင်ရေးပြီးဆုံးပြီး နှစ်ပတ်လောက်အကြာမှာပဲ အမေရိကန်ကို ကူညီတယ်လို့ သံသယရှိမှုနဲ့ သူ့ကို အစိုးရက ခေါ်ဆောင်သွားတာဖြစ်ပါတယ်။` ဟု ဆို၏။ အောက်တိုဘာလတွင် ပါကစ္စတန် စုံစမ်းရေးအဖွဲ့တစ်ဖွဲ့က ဒေါက်တာရှခီးလ်ကို နိုင်ငံတော်သစ္စာဖေါက်ဖျက် မှုဖြင့် တရားစွဲဆိုထားကြောင်း ကြေငြာခဲ့သည်။ `သူက ပါကစ္စတန်နိုင်ငံတော်ကို သစ္စာဖေါက်ဖျက်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။` ဟု ပန်နက်တာက ဇန်နဝါရီလအတွင်း CBS ရုပ်မြင်သံကြားနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ `အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းမှာ ကူညီပေးခဲ့တဲ့ လူတစ်ယောက်ကို ပြစ်ဒဏ်ခတ်တယ် ဆိုတာကတော့ မှားနေပြီလို့ ကျွန်တော်ထင်ပါတယ်။` ဟု ဆက်လက်ပြောကြားခဲ့သည်။ ပါကစ္စတန်အာဏာပိုင်များထဲမှ တစ်စုံတစ်ယောက်သည် ဘင်လာဒင်ပုန်းခိုနေသည့်နေရာကို သိရှိထားလိမ့် မည်ဟု ယုံကြည်သဖြင့် ပါကစ္စတန်အစိုးရကို အသိမပေးဘဲ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပန်နက်တာက ပြောသည်။ ထိုအခါ ပါကစ္စတန်က မိမိတို့ အချုပ်အခြာအာဏာကို ထိပါးစော်ကားသည်ဟု ဆိုကာ အမျက်ဒေါသ ချောင်းချောင်းထွက်ခဲ့လေသည်။ ဘင်လာဒင်ပုန်းခိုနေမှုကို မိမိတို့ မသိရှိခဲ့ကြောင်း၊ ဘင်လာဒင်ကိုအမေရိကန်တို့က တိတ်တဆိတ်ဝင် ရောက်သုတ်သင်သတ်ဖြတ်လိုက်ခြင်းသည် ပါကစ္စတန်နှင့် အမေရိကန်ဆက်ဆံရေးကို ဆိုးဝါးစွာထိခိုက်စေ ခဲ့ကြောင်း ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်။ ဒေါက်တာရှခီးလ်ကို ပါကစ္စတန်၏ တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသား ခိုင်ဘာဒေသ၏ နယ်စပ်ဒေသရာဇဝတ်မှုဥပဒေအရ အပြစ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေအရ ရှေ့နေရှေ့ရပ်များ၊ ပစ္စည်း သက်သေ၊ လူသက်သေများ တင်ပြထုချေပိုင်ခွင့်မရှိပေ။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။