Monday, July 2, 2012

အာဖဂန်တွင် နေတိုးတပ်ဖွဲ့ဝင်သုံးဦး သေဆုံး

ဂါဇနီမြို့အနီး လမ်းဘေးဗုံးထိမှန်ထားသော ဘတ်စ်ကား
အာဖဂန်ရဲဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်က ပစ်ခတ်သဖြင့် အာဖဂန်တောင်ပိုင်းတွင် နေတိုးတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း အမေရိကန်ဦးဆောင် ညွန့်ပေါင်းတပ်ဖွဲ့က ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ထုံးစံအတိုင်းပင် နေတိုး၏ အပြည်ပြည်ဆိုင်ရာလုံခြုံရေးအကူအညီပေးရေးတပ်ဖွဲ့ (ISAF) မှ တနင်္ဂနွေနေ့ ဖြစ်ရပ် အတွင်း မည်သူမည်ဝါများသေဆုံးကြောင်းထုတ်ပြန်ခြင်းမရှိသေးပေ။ `အာဖဂန်ပြည်သူ့ရဲယူနီဖေါင်းဝတ်ဆင်ထားတဲ့သူတစ်ဦးက သူ့မှာပါတဲ့သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အာဖဂန်တောင်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ISAF တပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ရပါတယ်။` ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ပစ်ခတ်သည့်သူလည်း ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးထားကြောင်း၊ ဒေသစံတော်ချိန် ညနေ ၅ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ISAF ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ ISAF ဌာနချုပ်တွင် ဖြစ်ပွားခြင်းမဟုတ် ကြောင်း၊ ပစ်ခတ်သူမှာ အာဖဂန်ရဲသား အမှန်ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။ ယခုသေဆုံးသူ သုံးဦးထပ်ပေါင်းလျှင် ယခုလအတွင်း ကျဆုံးနေတိုးတပ်ဖွဲ့ဝင် ၃၉ ဦးရှိပြီဖြစ်ပြီး ယခုနှစ်အတွင်း ၂၁၅ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ အစောပိုင်းက အာဖဂန်အရှေ့ပိုင်း ဂါဇနီပြည်နယ်တွင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် အရပ်သားငါးဦးသေဆုံးခဲ့ရ ကြောင်း အာဖဂန်ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ ဂါဇနီမြို့အနီး ခရီးသည်အပြည့်တင်ဆောင်ကာ မောင်းနှင်လာသော ဘတ်စကားအား လမ်းဘေးဗုံးထိမှန်ခဲ့ကြောင်း ပြည်နယ် ဒုတိယရဲမှူးကြီး မိုဟာမက်ဟူစိန်က ပြောသည်။ ယင်းဗုံးပေါက်ကွဲမှုတွင် အခြား ၁၁ ဦးဒဏ်ရာရရှိခဲ့ ကြောင်း၊ သေဆုံးသူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များပါဝင်ကြောင်း၊ ဘတ်စ်ကားမှာ ကဘူးလ်မြို့မှ ကန်ဒါဟာမြို့သို့ထွက်ခွါလာသော ကားဖြစ်ကြောင်း သိရသည်။ အာဖဂန်တွင် အာဖဂန်တပ်သား ၃၅၀ ၀၀၀ နှင့်အတူ နေတိုးတပ်ဖွဲ့ ၁၃၀ ၀၀၀ ပူးတွဲတိုက်ခိုက်လျှက်ရှိပြီး ၂၀၁၄ တွင် နေတိုးတပ်ဖွဲ့များ အာဖဂန်မှ ပြန်လည်ထွက်ခွါမည်ဖြစ်သည်။ ၂၀၁၃ နှစ်လယ်ခန့်တွင် လုံခြုံရေးကိစ္စအဝဝကို အာဖဂန်တပ်များလက်တွင်းသို့ လွှဲပြောင်းပေးအပ်လိုက်တော့မည်ဖြစ်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။