Tuesday, June 21, 2011
အီဂျစ်သမ္မတဟောင်းမူဘာရက် ကင်ဆာဖြစ်နေဟု သတင်းထွက်
အီဂျစ်အာဏာရှင်သမ္မတဟောင်း ဟိုစနီမူဘာရက် ကင်ဆာရောဂါဝေဒနာခံစားနေရကြောင်း သူ့ရှေ့နေက ပြောကြားခဲ့သည်။ ဆေးစစ်ချက်မှတ်တမ်းများကို အထောက်အထားပြုကာ တရားခွင်တွင်ရင်နိုင်လောက်အောင်ကျန်းမာရေးကောင်းမွန်ခြင်း မရှိကြောင်း ဆိုသည်။
“သူ့မှာ အစာအိမ်ကင်ဆာဖြစ်နေပါတယ်။ အကြိတ်ကပိုပြီးတော့ကြီးလာနေတယ်။” မူဘာရက်၏ရှေ့နေ အဲလ်ဒိ က တနင်္လာနေ့ကပြောကြားခဲ့သည်။ ကင်ဆာဆဲလ်များ အစာအိမ်တွင်ပျံ့နှံ့နေပြီး နှလုံးနှင့် ဦးနှောက်သွေးကြောများကို ထိခိုက်မှု များလည်းရှိနေကြောင်း ရှေ့နေကပြောကြားခဲ့သည်။
တူနီးရှားနှင့် အလားတူ အီဂျစ်တွင် လူထုအုံကြွမှုဖြစ်ပေါ်ခဲ့ပြီး ဖေဖေါ်ဝါရီလအတွင်းက ရာထူးမှဖယ်ရှားခြင်းခံခဲ့ရသော နှစ်သုံးဆယ် အုပ်ချုပ်လာခဲ့သော သမ္မတ မူဘာရက်ကို တရားစွဲဆိုထားသည်။
မူဘာရက်ကို လတ်တလောတွင် ရှာမ်းအဲလ်ရှိခ်မြို့ပင်လယ်နီအပန်းဖြေရိပ်သာရှိ ဆေးရုံတွင် ထိန်းသိမ်းထားသည်။ ဆန္ဒပြပွဲများ အတွင်းသတ်ဖြတ်မှုများအတွက် တရားရင်ဆိုင်နိုင်ရန်စောင့်ဆိုင်းရလျက်ရှိသည်။
ကျန်းမာရေးချို့ယွင်းမှုကြောင့် ကိုးမားဝေဒနာလည်းခံစားခဲ့ရကြောင်း ရှေ့နေကပြောသည်။ သို့သော် အီဂျစ်ဆေးဘက်ဆိုင်ရာ အကြီးတန်းအရာရှိနှစ်ဦးကမူ သမ္မတတွင် မည်သည့်ရောဂါမှမရှိကြောင်းဆိုသည်။
မူဘာရက်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူ အက်ဆမ်အက်ဇမ်က ဆေးစစ်ချက်များအားလုံး တွင် မည်သည့်ကင်ဆာရောဂါလက္ခဏာမှမရှိကြောင်း ၊ ကင်ဆာဖြစ်နေသည်ဆိုသည်မှာ မမှန်ကန်ကြောင်းပြောသည်။
“သူ့ကျန်းမာရေးက အားလုံးပုံမှန်အတိုင်းပါပဲ။”
နောက်ထပ်ဆေးဘက် တာဝန်ရှိသူတစ်ဦးက မူဘာက်ရက်သည် နှလုံးရောဂါခံစားနေရခြင်းသာဖြစ်ကြောင်းပြောကြားခဲ့သည်။
“သူ့ကို အထူးကုသရေးအဆောင်မှာတောင်မထားပါဘူး။ ရိုးရိုးကုသရေးအခန်းမှာပဲထားထားတာ။” ဟုပြောဆိုခဲ့သည်။
မူဘာရက်၏ ဂျာမန်ဆရာဝန်ကို ခေါ်ယူကုသခွင့်ပြုရန် ရှေ့နေရုံးသို့ ခွင့်ပြုချက်တောင်းထားပြီးဖြစ်ကြောင်းသူ့ရှေ့နေကဆိုသည်။ ယင်းခွင့်ပြုချက်တောင်းဆိုစာကို စစ်တပ်တရားရုံးချုပ်သို့ထပ်ဆင့်တင်ပြထားပြီး ခွင့်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း ပြော သည်။ မူဘာရက်ကို ရာထူးမှဖယ်ရှားပြီးနောက်ပိုင်း နိုင်ငံတော်အာဏာကို စစ်တပ်က ထိန်းသိမ်းထားသည်။
Source: Al Jazeera
0 comments:
Post a Comment