Saturday, June 25, 2011

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရန် အရေးကြီးလာပြီ (ဘာသာပြန်ဆောင်းပါး)


ဂရင်းလန်ရှိ အကြီးဆုံး ရေခဲတုန်းကြီး နှစ်တုန်း၏ အရည်ပျော်ကျလာမှုနှုန်းမှာ လွန်ခဲ့သော(၁၀)နှစ် မှစ၍ အလွန်မြင့်မားလာခဲ့ပြီး အရည်ပျော် ကျလာခဲ့သော ရေပမာဏသည် မြောက်အမေရိက တိုက်ရှိ အကြီးဆုံး ရေအိုင်ကြီး ငါးအိုင်တွင် တစ်ခုအပါအဝင်ဖြစ်သော အီးရီးရေအိုင်ကြီးကို အပြည့် ဖြည့်နိုင်လောက်အောင် များပြားသည်။ ယင်းရေအိုင်၏ အကျယ်အဝန်းမှာ ၉,၉၄၀ ဧရိယာစတုရန်းမိုင် ရှိသည်။

၁၉၃၀ ခုနှစ်များက ဖြစ်ပွားခဲ့သော မိုးခေါင်ခြောက်သွေ့ မြေဆီခန်းခြင်းကြောင့် သဲမုန်တိုင်း တိုက်ခတ်မှုများ နောက်ပိုင်း အဆိုးရွားဆုံး မိုးခေါင်ခြောက်သွေ့မှုကို အနောက်တက္ကဆက်တွင် ခံစားနေရသည်။

တရုတ်ပြည် အလယ်ပိုင်းတွင်လည်း နှစ်(၅၀)အတွင်း အဆိုးရွားဆုံး မိုးခေါင် ခြောက်သွေ့ခြင်း ဖြစ်ပွားခဲ့သည်။ ရေကန်ပေါင်း ၁,၃၀၀ ကျော် ခန်းခြောက်သွားခဲ့ပြီး သောက်သုံးရေ၊ စိုက်ပျိုးရေ ပြတ်လပ်လျက်ရှိကြောင်း ဒေသတွင်း အာဏာပိုင်များက ပြောသည်။


အရှေ့ဘက်နှင့် တောင်ဘက်တွင်မူ ရေကြီးပြီး လူ(၅၂)ဦး အနည်းဆုံး သေဆုံးခဲ့ကာ လူသိန်းပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ရသည်။ ထို့နောက်တဖန် အရှေ့ဘက်တွင် နောက်တစ်ခါ ရေထပ်ကြီးခဲ့ရာ လူငါးသန်း နေရာရွှေ့ပြောင်းခဲ့ရသည်။

ထိုအချိန်တွင် ဥရောပ၌ ဆယ်စုနှစ်များအတွင်း အဆိုးဆုံး ခြောက်သွေ့မှုနှင့် ကြုံတွေ့ရကာ အနောက်မြောက်ဘက်တွင် သီးနှံများ ပျက်စီးခဲ့ရသည်။

ကမ္ဘာ့အပူချိန် တက်လာမှုသည် လူသားများကြောင့် ဖြစ်ကြောင်း သိပ္ပံသုတေသီများက ပြောကြားနေကြပြီး ယခုတွေ့ကြုံနေရသော သဘာဝဖေါက်ပြန်မှုများသည် ရှေ့ပြေးလက္ခဏာများဖြစ်ကြောင်းဆိုသည်။

“တကယ်လို့ တစ်စုံတစ်ယောက်ကသာ ဂြိုလ်တုကနေ ကမ္ဘာကို ကြည့်မယ်ဆိုရင် ၁၉၆၈ ခုက အပိုလို ၈ အာကာသယာဉ် ကနေပေးပို့ခဲ့တဲ့ ကမ္ဘာမြေရဲ့ ဓါတ်ပုံတွေထဲမှာ မြင်ရတဲ့ ရေခဲပြင်ပမာဏနဲ့ နှိုင်းရင် အခု ရေခဲပြင်ပမာဏဟာ ၄၀% လောက် လျော့ကျနေ တာတွေ့ရပါလိမ့်မယ်။” ဟု ဘီလ်မက်ကစ်ဘန်က အယ်လ်ဂျာဇီယာ သတင်းဌာနနှင့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ သူသည် ထင်ရှားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးသမားတစ်ဦး ဖြစ်ပြီး အမေရိကန် ဝိဇ္ဇာသိပ္ပံ အကယ်ဒမီမှ ပညာရှင်တစ်ဦး လည်းဖြစ်သည်။

“သမုဒ္ဒရာတွေလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကထက် အက်ဆစ်ဓါတ်တွေ ၃၀% လောက်ပိုကဲလာပါပြီ။ ကမ္ဘာ့လေထုဟာလည်း ထိုင်းမှိုင်းဆ ၄%လောက် တက်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အေးမြတဲ့လေထုထက် ပူနွေးတဲ့လေထုကပိုနေပြီး ရေခိုးရေငွေ့ကို ပိုပြီး ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါကြောင့် စိုစွတ်တဲ့ ဒေသတွေမှာမိုးကြီးပြီး ရေကြီးမယ်၊ ခြောက်သွေ့တဲ့ ဒသတွေမှာ ပိုပြီးခြောက်သွေ့စေမယ်။ ကျွန်တော်တို့ အပျက်အစီး အဆမတန်ကြီးမားတဲ့ ရေးဘေးကြီးတွေ၊ မုန်တိုင်းတွေကို ကြုံတွေ့ရမှာဖြစ်ပြီးတော့ မိုးကြိုးမုန်တိုင်းတွေ၊ မိုးကြိုးပစ်တာတွေပိုများပြားလာလိမ့်မယ်။”

လူသားများ ထုတ်လွှတ်သော ဖန်လုံအိမ်ဓါတ်ငွေ့များကြောင့် ကမ္ဘာ့အပူချိန် ၁ ဒီဂရီဆဲလ်ဆီးယပ် တက်လာခဲ့ပြီးဖြစ်သည်။

“ဒီဓါတ်ငွေ့ကို ဖြစ်စေတဲ့ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေး၊ ရေနံ စတာတွေကို လျှော့ချသုံးစွဲခြင်း မပြုဘူးဆိုရင် ဒီရာစုနှစ် အကုန်လောက်ဆို ၄၊ ၅ ဒီဂရီဆဲလ်ဆီးယပ် အထိ တက်သွားလိမ့်မယ်လို့ မိုးလေဝသပညာရှင်တွေက ပြောထားပါတယ်။

၁ ဒီဂရီတက်တာတောင် ရေခဲတွေပျော်ကျနေပြီဆိုရင် ၄ ဒီဂရီအထိတော့ အရောက်ခံလို့ မဖြစ်ဘူး။” ဟု မက်ကစ်ဘန်က ဆက်လက်ပြောဆိုသည်။

ဘရိုင်ယန်ရှဝပ်ဇ် သည် ဂျွန်ဟော့ဖ်ကင်းဘလွန်းဘတ် လူထုကျန်းမာရေးကျောင်း သဘာဝပတ်ဝန်းကျင် ကျန်းမာရေး သိပ္ပံဌာနမှ ပါမောက္ခတစ်ဦး ဖြစ်သည်။ သူက “အပူချိန်တိုးလာတဲ့အတွက် အပူလွန်ကဲလို့ ဖြစ်တတ်တဲ့ ရောဂါတွေ တိုက်ရိုက် ခံစားရတတ်ပါတယ်။ ၂၀၀၃ ခုနှစ်က ဥရောပမှာ အပူလှိုင်း ဖြစ်ပေါ်တဲ့အတွက် လူ(၃၀,၀၀၀)ကနေ ၅၀,၀၀၀ လောက်အထိ သေဆုံးခဲ့တဲ့ အဖြစ်မျိုးတွေ အများအပြား ဖြစ်ပွားလာပါ လိမ့်မယ်။ အပူချိန် တက်လာတဲ့ အတွက် လေထုညစ်ညမ်းမှုကိုလည်း ဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ အပူချိန်မြင့် လာတာနဲ့အမျှ အလင်းနဲ့ ပတ်သက်တဲ့ ဓါတုပစ္စည်း ဓါတ်ပြုမှုတွေ တိုးပွားလာစေပါတယ်။ ဒီအခါ အဆုတ်၊ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ပိုပြီးအဖြစ်များလာမယ်။” ဟူ၍ အယ်လ်ဂျာဇီယာနှင့် မေးမြန်းစဉ် ပြောကြားခဲ့သည်။ ရှဝပ်ဇ်သည် ကမ္ဘာလုံးဆိုင်ရာ သမမျှတလုံလောက်မှုနှင့် ကျန်းမာရေး ဟူသော အစီအစဉ်တွင်လည်း ပူးတွဲ ဒါရိုက်တာတစ်ဦး ဖြစ်သည်။

သောက်သုံးရေသန့် ရှားပါလာမှုကြောင့် ရေကြောင့်ဖြစ်သော ရောဂါများ တိုးပွားလာပြီး၊ ယင်းရောဂါများဖြင့် သေဆုံးသူ ဦးရေများပြား လာမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် လေထုတွင်း ရောဂါပိုးမွှားများ ပျံ့ပြီး ကျောရိုးမဲ့ သတ္တဝါများ (သို့) အခြားသတ္တဝါများမှ တစ်ဆင့် ကူးစက်ပျံ့နှံ့မည် ဖြစ်သည်။ ရာသီဥတု ပြောင်းလဲလာခြင်းကြောင့် ရောဂါပိုး သယ်ဆောင်မှု ပုံသဏ္ဍာန်များလည်း ပြောင်းလဲလာမည် ဖြစ်သည်။

“လူတွေလည်း ရွှေ့ပြောင်းနေထိုင် ကြရတဲ့အခါ အစားအစာနဲ့ ရေတွေမှာ ကျန်းမာရေးအတွက် ဆိုးကျိုးပေးမယ့် ရောဂါတွေ ဖြစ်ပွားလာမယ်။ သဘာဝ ပတ်ဝန်းကျင် ဒုက္ခသည်တွေလို့ ခေါ်ရမယ်။ ဒီလိုမျိုးတွေ ကမ္ဘာပေါ်မှာဖြစ်လည်း ဖြစ်နေပါပြီ။ ရောဂါဝေဒနာ ပေါင်းစုံတို့ရဲ့ နှိပ်စက်မှုကို ခံရပါလိမ့်မယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် စီးပွားရေးနဲ့ လူမှုနိုင်ငံရေးတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်။” ဟု ရှဝပ်ဇ်ကပြောသည်။

ပါမောက္ခရှဝပ်ဇ်ကဲ့သို့ပင် ရာသီဥတုပြောင်းလဲမှုကြောင့် လေထုတွင်းပေါက်ပွားသော ရောဂါပိုးမွှားများ တိုးပွားလာမည့် အရေးကို ကြိုတင်တွေးထားသူတစ်ဦးမှာ ပါမောက္ခ စင်ဒီပါ့ခ်ဖြစ်သည်။ သူမသည်လည်း ဂျွန်ဟော့ဖ်ကင်းဘလွန်းဘတ် လူထုကျန်းမာရေးကျောင်း ကျန်းမာရေးဌာနမှ ပါမောက္ခတစ်ဦးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် သမမျှတရေး အစီအစဉ်ပူးတွဲ ဒါရိုက်တာဖြစ်သည်။ ထို့ပြင် ဂျွန်ဟော့ဖ်ကင်း သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်၊ ပတ်ဝန်းကျင်သမမျှတရေးနှင့် ကျန်းမာရေးဌာနမှ ပူးတွဲဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။

“ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ယားနာစတဲ့ ကူးစက်ရောဂါပိုးမွှားတွေကြောင့် ဖြစ်တဲ့ ရောဂါတွေ ပိုအဖြစ်များလာလိမ့်မယ်။ မြေမျက်နှာပြင် အမြင့်ပိုင်းမှာ ငှက်ဖျားရောဂါတွေ ဖြစ်လာတဲ့အခါ အဲဒီဒေသတွေမှာ ငှက်ဖျားတစ်ခါမှ မဖြစ်ဖူးတဲ့အတွက် ရောဂါခုခံနိုင်စွမ်း ပိုပြီးနည်းတယ်။ ဒါကြောင့် အဲဒီလူတွေမှာ ပိုပြီးတော့ အထိနာလိမ့်မယ်။”

ကမ္ဘာမြေ ပိုမိုပူနွေးလာသည့်အတွက် အဆိုပါရောဂါများလည်း ပိုမိုဖြစ်ပွားလာမည်ဟု ယုံကြည်ကြောင်း သူမကဆိုသည်။

“အဆိုးရွားဆုံးကတော့ ဒါတွေကို ကြိုတင် မျှော်လင့်မထားတာကြောင့် ဘာမှ ပြင်ဆင်ထားခြင်း မရှိတာပါပဲ။”

အပူချိန် မြင့်တက်လာမှုကြောင့် ဖြစ်ပွားလာမည့် အခြားကျန်းမာရေးဆိုင်ရာ အခြေအနေဆိုးများ အတွက်လည်း သူမက ပူပန်ကြောင်း ဆိုသည်။

“သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေတာ မှန်သမျှ ကျွန်မတို့ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတာပါပဲ။ နည်းပညာတွေ ဆန်းသစ်သလောက် ရေကောင်းရေသန့်၊ လေကောင်း လေသန့်နဲ့ အစားကောင်း အစားသန့်တွေ ကျွန်မတို့မှာ မရှိပါဘူး။ ဒီလို သန့်ရှင်း လတ်ဆတ်မှုတွေကို နည်းပညာက မပေးနိုင်ပါဘူး။ သဘာဝပတ်ဝန်းကျင်ကပဲ ပေးနိုင်တာပါ။”


ရာသီဥတုပြောင်းလဲမှုသည် လူသားတို့၏ ကျန်းမာရေးကို အဆိုးရွားဆုံး ဒုက္ခပေးနေသည့် အချက်ဖြစ်ကြောင်း သူမက ယုံကြည်ထားသည်။ အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံး၊ အပျက်အစီးအများဆုံး သဘာဝ ဘေးအန္တရာယ်ဖြစ်သော ၂၀၀၅ ကက်ထရီနာ မုန်တိုင်းကြောင့် နယူးအော်လင်းပြည်နယ်တွင် လူပေါင်း(၂,၀၀၀)နီးပါး သေဆုံးခဲ့ရသော အဖြစ်သည် ရာသီဥတု၏ သတိပေးချက် တစ်ခုဖြစ်ကြောင်း သူမက ထောက်ပြပြောဆိုသည်။

“မက္ကဆီကို ပင်လယ်ကွေ့မှာ မုန်တိုင်းဒဏ် ခံရတဲ့အတွက် အဲဒီကလူတွေရဲ့ ကျန်းမာရေးအခြေအနေကို ကြည့်မယ်ဆိုရင် တိုင်းပြည်တွင်း ကျန်တဲ့နေရာက လူတွေထက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ပိုဆိုးရွားတယ်။ နာတာရှည်ဝေဒနာတွေက ပိုဆိုးတယ်။ နောက်ဆက်တွဲ ထိတ်လန့်တုန်လှုပ်မှုတွေ ခံစားရရင် စိတ်ပိုင်းရော ရုပ်ပိုင်းပါထိခိုက်တယ်။” ဟု သူမက ရှင်းပြသည်။

“ဒါပေမယ့် နယူးအော်လင်းမှာ ကက်ထရီနာမတိုက်ခင်က ဆေးရုံ(၇)ခုရှိတယ်။ အခုဆို(၂)ခုနဲ့ တစ်ဝက်ပဲ ရှိတော့တယ်။ ဆုံးရှုံးသွားရတဲ့ ဆေးရုံတွေကို ပြန်မရတော့ပါဘူး။”

ကက်ထရီနာကြောင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့သည်။ ကျန်းမာရေး အာမခံများလည်း ဆုံးရှံးခဲ့သည်။ လူတို့၏ ကျန်းမာရေး အခြေအနေမှာလည်း ဆိုးရွားလာခဲ့ရသည်။

“အိုးအိမ်မဲ့သွားတာ အများဆုံးပေါ့။ အခုထက်ထိလည်း အဲဒီ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့လူတွေရဲ့ ပြဿနာတွေကို မဖြေရှင်း နိုင်သေးပါဘူး။ လူတွေဟာ ပြန်ပြီးတော့ နာလံမထူနိုင်သေးဘူး။ ကမ္ဘာတစ်ဝှမ်း ရာသီဥတုတွေ ပြင်းထန်ဆိုးဝါး လာတာနဲ့အတူ လူတွေရဲ့ ကျန်းမာရေးကိုလည်း အမြဲတမ်း အကျိုးသက်ရောက်မှုတွေ ဖြစ်နေပါတယ်။”

ရာသီဥတုပြောင်းလဲမှုများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက အနာဂတ်တွင် သဘာဝ ပတ်ဝန်းကျင်က ပေးမည့် ဆိုးကျိုးများအသင့် စောင့်ဆိုင်းနေကြောင်း ပါကာကဆိုသည်။ လတ်တလောတွင် ဖြေရှင်းနိုင်ရန် ကြိုးစားနေသည့် ဟန်ရှိသော်လည်း အစိုးရအများစုမှာ လက်တွေ့ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။

“ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေကနေ နည်းပညာက ကယ်တင်ပေးနိုင်လိမ့်မယ်လို့ လူတွေက ထင်မြင်နေကြတယ်။ ဒါပေမယ့် ရာသီဥတု ပြောင်းလဲခြင်းနဲ့အတူ လူတွေ လိုက်လျောညီထွေ နေလို့ရအောင် လုပ်ပေးနိုင်တဲ့ နည်းပညာဆိုတာ လောကမှာမရှိပါဘူး။ အပူချိန် မြင့်တက်လာတာကိုတော့ ခန္ဓာကိုယ်က လိုက်လျောညီထွေ ဖြစ်အောင်နေလို့ ရပါတယ်။ ဒါပေမယ့် ရာသီဥတု ပြောင်းလဲလာနေတာကို မထိန်းသိမ်းဘူး ဆိုရင်တော့ ကျွန်မတို့ကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း မရှိဘူးဆိုရင် လူသတ္တဝါအပါအဝင်၊ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါတွေနဲ့ ကမ္ဘာနဲ့ဘယ်လိုမှ သဟဇာတ ဖြစ်မှာမဟုတ်တော့ဘူး။ ကမ္ဘာဟာ အများကြီး ပြောင်းလဲသွားပါလိမ့်မယ်။ လူသားတွေ မနေနိုင်တဲ့ ကမ္ဘာမျိုးဖြစ်သွား လိမ့်မယ်။” ဟူ၍ ပါကာက ရှည်ရှည်ဝေးဝေး ရှင်းပြပြောဆိုခဲ့သည်။

“အပူချိန် တစ်ဒီဂရီတိုးတိုင်း ဂျုံစိုက်ပျိုးထုတ်လုပ်မှု ၁၀% ကျဆင်းပါတယ်။” ဟု မက်ကစ်ဘန်ကဆိုသည်။ ရာသီဥတု ပြောင်းလဲခြင်းသည် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိကြောင်း ရှင်းပြပြောဆိုခဲ့သည်။

“အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ပြီးခဲ့တဲ့နှစ်က ၇၀% ကနေ ၈၀% အထိ မြင့်တက်လာခဲ့တယ်။ အခုကမ္ဘာပေါ်မှာ ဝဝလင်လင် မစားရတဲ့လူ ၄ သန်းလောက်ရှိနေပြီ။”

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာရခြင်း၏ အကြောင်းတရားများ ထဲတွင် လူဦးရေ အဆမတန် မြင့်မားလာခြင်းလည်း အရေးကြီးသော အချက်တစ်ချက် အဖြစ် ပါဝင်သည်။ ယခုနှစ် အောက်တိုဘာ(၃၁)ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်းခုထောင်ကို ကျော်သွားမည့်နေ့ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည်။ ကမ္ဘာ့လူဦးရေမှာ တစ်နှစ်လျှင် သန်း ၈၀ နှုန်းဖြင့် တိုးပွားလျက်ရှိသည်။
လက်ရှိ ကမ္ဘာ့ဖွားသေနှုန်း အတိုင်းသွားမည်ဆိုလျှင် နောင်လာမည့် ၄၉ နှစ်အတွင်း ကမ္ဘာ့လူဦးရေ နှစ်ဆဖြစ်လာမည်။


ဝီလီယံရိုင်ယာဆန်သည် ကမ္ဘာ့လူဦးရေနှင့် သဘာဝ ပတ်ဝန်းကျင်၊ သဘာဝ အရင်းအမြစ်များ ဟန်ချက်ညီ ထိန်းသိမ်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားပြီး မူဝါဒချမှတ်သူ အစိုးရများနှင့် လူထုကို ပညာပေးရေး၊ စည်းရုံးလှုံ့ဆော်ရေးများအတွက် အကျိုးအမြတ် ပဓါနမထား ဆောင်ရွက်နေသော လူဦးရေ လေ့လာရေး အဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်သည်။
သူက “၂၀၅၀ အတွက် သတ်မှတ် ကမ္ဘာ့လူဦးရေက(၉.၃)ဘီလီယံ ဖြစ်ပါတယ်။ ယခုလက်ရှိ(၆.၈) ဘီလီယံမှာ နောက်ထပ်(၂.၅)ဘီလီယံ ထပ်တိုးလာမယ့် လူဦးရေဟာ ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှု လျှော့ချပြီး နေထိုင်စေဦးတော့ လူဦးရေတိုးလာတာ သက်သက်ကပဲ ကမ္ဘာပေါ်မှာ အမေရိက နိုင်ငံနှစ်နိုင်ငံ ရှိနေသလောက်ကို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေမှာပါ။” ဟု ဝီလီယန်ရိုင်ယာဆန်က အယ်လ်ဂျာဇီယာနှင့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံ တို့သည် စားသုံးမှု အများဆုံးနှင့် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု အများဆုံး ဖြစ်ကြောင်း ရိုင်ယာဆန်ကပြောသည်။ ထိုနှစ်နိုင်ငံတွင် လူဦးရေ တိုးပွားလာသည်နှင့်အမျှ ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများထက် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ပိုမိုဖြစ်ပွား စေမည်ဖြစ်ကြာင်း ဆိုသည်။ လူဦးရေ အဆမတန် တိုးပွားလာခြင်းကြောင့် ရေအရင်းအမြစ်လည်း လျော့နည်းသွားသည်။

“မနေ့ကမရှိသေးတဲ့ လူပေါင်း(၂၂၅,၀၀၀) ဒီနေ့ ရှိလာပါပြီ။ (အသစ် မွေးဖွားလာသူများကို ဆိုလိုသည်)။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု တွေဟာ အလွန်အကျွံ ဖြစ်နေပါတယ်။ မြေအောက်ရေ အလွန်အကျွံ သုံးစွဲမှုမှာ ဆိုရင် အိန္ဒိယနိုင်ငံ အပါအဝင် ဖြစ်ပါတယ်။ အိန္ဒိယက လူပေါင်း သန်း (၁၀၀)လောက်ဟာ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူ သုံးစွဲနေရမှု အပေါ် မှီခိုနေရတယ်။ ဒါကြောင့် လုံလောက်မှု မရှိနိုင်ပါဘူး။ ဒါကြောင့် ရာသီဥတု ပြောင်းလဲမှုကို ပိုပြီးတော့ ဖြစ်စေပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့အတွက် ရေအဓိကပေးနေတဲ့ ဟိမဝန္တာ ရေခဲပြင်ဟာလည်း အလျင်အမြန် အရည်ပျော်ကျနေပြီ။”

အပြည်ပြည်ဆိုင်ရာ စွမ်းအင်ဌာနကြီး(IEA)မှ တွက်ချက်မှုအရ နှစ်ပေါင်း၈၀အတွင်း အဆိုးဝါးဆုံး စီးပွားရေး ကျဆင်းမှုကြီးနှင့် တွေ့ကြုံခဲ့ရသော်လည်း ကမ္ဘာပေါ်တွင် ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှု ပမာဏမှာ လွန်ခဲ့သောနှစ်က အမြင့်ဆုံး စံချိန်သို့ ရောက်ရှိခဲ့ကြောင်း ဆိုသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် “ကမ္ဘာ့အပူချိန် လျှော့ချရေး” ဆိုသည့် ရည်မှန်းချက်မှာ အလှမ်းဝေးနေဆဲ ဖြစ်ကြောင်း သိရသည်။ ဒုက္ခပေးတော့မည့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကို ကာကွယ်ရန် သိပ္ပံပညာရှင်များ၏ တွက်ချက်ပြောဆိုမှုများအရ ကမ္ဘာ့အပူချိန်(၂) ဒီဂရီဆဲလ်ဆီးယပ် လျှော့ချနိုင်ရေး အစီအစဉ်ဆိုသည်မှာ “လောကနိဗ္ဗာန် တည်ဆောက်ရန်” ခက်ခဲသလောက်နီးပါး ခက်ခဲနေပြီဟု IEA မှ စီးပွားရေး ဆိုင်ရာ အကြီးအကဲ ဖာတီဘိုင်ရိုးက ပြောဆိုခဲ့သည်။

“အခြား အရာတွေထက်စာရင် လူဦးရေတိုးနှုန်းက အလွန်မြင့်မားနေတယ်။” ဟု ရိုင်ယာဆန်ကဆိုသည်။ လူဦးရေ အဆမတန် တိုးပွားလာမှု ပြဿနာကို အရင်မဖြေရှင်းနိုင်မချင်း ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်၍ မရနိုင်ဟု သူကဆိုသည်။

“လက်ရှိလူဦးရေနဲ့ လူတစ်ဦးချင်းစီ အတိုင်းရဲ့ အနေအထိုင်တွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့်ပဲ လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ကျွန်တော်တို့ တွေ့မြင်နေရပါပြီ။ အဲဒီရဲ့ ဆိုးကျိုးဆက်တွေလည်း ဖြစ်နေပြီ။ ပိုပိုပြီး ဆိုးဝါးလာနေတဲ့ ရာသီဥတု ပြောင်းလဲမှုကို လိုက်ပြီး ဖြေရှင်းနေရတာ ထက်စာရင် လူဦးရေ တိုးပွားလာတာကို ဖြေရှင်းတာကပိုပြီး လွယ်ပါတယ်။”

မက်ကီဘင်ကလည်း အနာဂတ်ကို မျှော်ကြည့်လိုက်သောအခါ သူခန့်မှန်းမိသည့် အခြေအနေများအတွက် အထူးပင်စိုးရိမ် ကြောင့်ကြမိကြောင်းဆိုသည်။

“မိုးခေါင်ရေရှားမှုတွေ၊ ရေကြီးရေလျှံမှုတွေ၊ မုန်တိုင်းတွေကို ကျွန်တော်တို့ဆက်လက်မြင်တွေ့နေရဦးမှာပါ။
အခုဖြစ်နေတာတွေက မီးတောင်ပေါက်ကွဲလို့ ၊ ကမ္ဘာ့မြေလွှာကြီးတွေ ပြတ်ရွေ့လို ဖြစ်ပေါ်လာနေတာမျိုး မဟုတ်ဘဲ ကျွန်တော်တို့ လူတွေက လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့တွေ ဖြည့်သိပ်ထည့်ပြီး နေရဲ့အပူရှိန်ကို ပိုပြီးပူအောင် လုပ်ပေးနေသလို ဖြစ်နေလို့ပါ။” ရိုင်ယာဆန်က ပြောပြီး ဆော်ဒီကဲ့သို့သော နိုင်ငံများ ရေငတ်သွားမည့် အဖြစ်မျိုး မြင်နေရကြောင်းဆိုသည်။


“သောက်သုံးရေနဲ့ စိုက်ပျိုးရေးအတွက် အားထားအသုံးပြုနေရတဲ့ သူတို့နိုင်ငံရဲ့ မြေအောက်ရေတွေ (၂၀၂၀)လောက်ဆို ကုန်သွားလိမ့်မယ်လို့ ဆော်ဒီက ပြောပါတယ်။ အခုတော့ နိုင်ငံခြားကနေ ဝယ်သုံးနေနိုင်ပါသေးတယ်။ နောက်ဆို ရေနံအရင်းအမြစ် တွေကလည်း ရှားပါးလာမယ်ဆိုတော့ ဒုက္ခလှလှ တွေ့ပါတော့မယ်။” ဟုရှင်းပြရင်း သတ္တဝါမျိုးစိတ်များ ပျောက်ကွယ်ရှားပါးသွား မည့်အရေးကိုလည်း ပြောသည်။


“ကမ္ဘာမှာသက်ရှိတွေ အသက်ရှင် ရပ်တည်နေနိုင်ဖို့အတွက် အထောက်အပံ့ ပေးနေတဲ့ အပင်တွေနဲ့ သတ္တဝါ မျိုးစိတ်တွေ ဟာလည်း အရေးပါ ပါတယ်။ သောက်သုံးဖို့ရေနဲ့ အသက်ရှူဖို့လေ ကျွန်တော်တို့ လိုအပ်ပါတယ်။ သစ်ပင်တွေ၊ သက်ရှိတွေ အဆင့်ဆင့် ဖွံ့ဖြိုးရှင်သန်လာပြီး လူတွေ နေထိုင်လို့ရတဲ့ ကမ္ဘာဖြစ်လာဖို့ နှစ်ပေါင်း သန်းသုံးထောက်လောက် အချိန်ယူလာ ခဲ့ရတာပါ။ ဒါကို အခုကျွန်တော်တို့က စိုက်ပျိုးရေး လုပ်ငန်းတွေ၊ သစ်ပင်ခုတ် ဖြတ်ခြင်းတွေ၊ မီးရှို့တောရှင်းခြင်းတွေ လုပ်ပြီးတော့ သတ္တလောကကြီးရဲ့ ဖွံ့ဖြိုးမှုကို စံနစ်တကျ ဖျက်ဆီးပစ်နေကြပါတယ်။”

ဤသို့ ဆက်လက်လုပ်ဆောင်နေမှုများ၊ သဘာဝသစ်တောများကို လူနေထိုင်နိုင်ရန်အတွက် ချဲ့ထွင် ယူငင်ခြင်းများကြောင့် ကမ္ဘာပေါ်တွင် လူသားတို့၏ ဘဝများ ပိုမိုခက်ခဲ ကြပ်တည်း လာမည်ဖြစ်ကြောင်း ရိုင်ယာဆန်က ဆိုသည်။ ယင်း ပြဿနာများကို ဖြေရှင်းရာတွင် လူဦးရေ အဆမတန် တိုးပွားလာနေခြင်းကြောင့် ပိုမိုခက်ခဲစေမည် ဖြစ်ကြောင်းဆိုသည်။ တစ်ခုတည်းသော နည်းလမ်းမှာ လူဦးရေကို ထိန်းချုပ်ပြီး လျှော့ချပစ်ရန်သာ ဖြစ်သည်ဟု ဆိုသည်။

ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရခြင်းမှ အမြန်ဆုံး ရပ်တန့်ရန် လူတိုင်းက အရေးပေါ် အခြေအနေ တစ်ရပ်အနေဖြင့် ပါဝင်ဆောင်ရွက်ကြရန် သင့်ကြောင်း မက်ကီဘန်က ပြောကြားခဲ့သည်။

“လေထုကို အကြီးအကျယ် ညစ်ညမ်းပျက်စီးစေတဲ့ ကာဗွန်ကို ကျွန်တော်တို့ အရေးယူမှသာ (ထုတ်လွှတ်မှုများ ရပ်တန့်မှသာ) ကိစ္စကပြီးမှာပါ။ လောင်စာ ကုမ္ပဏီကြီးတွေကလည်း ကျွန်တော်တို့ကို ဒီလို မလုပ်နိုင်အောင် တားဆီးထားနိုင်တဲ့ အင်အားရှိနေတယ်။ ကျွန်တော်တို့ရဲ့ အစိုးရ တွေကလည်း အဲဒီ ကုမ္ပဏီကြီးတွေ ဘက်က ရပ်တည်နေသ၍တော့ ရှေ့ဆက်သွားရမယ့် သဘာဝပတ်ဝန်းကျင်နဲ့ လေထုသန့်ရှင်း စင်ကြယ်ရေး ဆိုတဲ့ ပန်းတိုင်ကတော့ ခရီးအဝေးကြီးရှိပါသေးတယ်။”

Source: Al Jazeera (Feature/ Climate Change by Dahr Jamail)

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။